လျှပ်စစ်ကား၊ လျှပ်စစ်ရထားနှင့် နိုင်ငံတိုးတက်ရေး လျှပ်စစ်ဓာတ်အား
ရေနံ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးစသည့် ရုပ်ကြွင်း လောင်စာများမှာ အကန့်အသတ်ရှိသော သယံဇာတများ ဖြစ်သည့်အလျောက် တစ်ချိန်ချိန်တွင် ကုန်ခန်းသွားမည်ဖြစ်သည်။ လူသား ကမ္ဘာကြီး နေ့စဉ်ရှင်သန်လှုပ်ရှားမှုတွင် စွမ်းအင်ကို မဖြစ်မနေသုံးစွဲနေရခြင်းဖြစ်ရာ ကုန်ခန်း သွားမည်ဖြစ်သည့် ရုပ်ကြွင်းလောင်စာစွမ်းအင်များ၏နေရာတွင် အစားထိုးစွမ်းအင်များကို ရှာဖွေနေကြရသည်။ တစ်ဖက်တွင်လည်း ရုပ်ကြွင်းလောင်စာများသုံးစွဲရာမှ ထွက်ပေါ်လာသည့် မှန်လုံ အိမ်ဓာတ်ငွေ့များကြောင့် ကမ္ဘာ့အပူချိန်တိုးမြင့်လာပြီး ရာသီဥတုပြောင်းလဲမှုများ ဖြစ်ပေါ် လာသည့်အတွက် ရုပ်ကြွင်းလောင်စာသုံးစွဲမှုများကို လျှော့ချရန်ကြိုးပမ်းလာကြသည်။ ဥရောပ နိုင်ငံအချို့တွင် လာမည့်နှစ်အနည်းငယ်အတွင်း ဒီဇယ်၊ ဓာတ်ဆီအင်ဂျင်ကားများ ထုတ်လုပ်မှုကို ရပ်ဆိုင်းကာ လျှပ်စစ်ဘက်ထရီအင်ဂျင်ကားများ ထုတ်လုပ်သုံးစွဲသွားရန် ဆောင်ရွက်နေပြီ ဖြစ်သည်။ လျှပ်စစ်ရထားများကိုမူ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကပင် သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။
‘‘ယခုအခါ ခေတ်ကာလအရ နိုင်ငံတကာတွင် မီးရထားများကို လျှပ်စစ်ဓာတ်အားအသုံးပြု၍ ပြေးဆွဲနေကြသဖြင့် မိမိတို့နိုင်ငံတွင်လည်း လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ရန်လိုကြောင်း’’ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေ ၂၇ ရက်နေ့တွင် မြန်မာ့မီးရထား စက်ခေါင်းစက်ရုံ (အင်းစိန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ပြောကြားခဲ့ပြီး ‘‘တစ်နိုင်ငံလုံး လျှပ်စစ် စက်ခေါင်းများဖြင့် ပြေးဆွဲနိုင်ရေး အဓိကထား ရည်မှန်းဆောင်ရွက်ရမည်ဖြစ်သဖြင့် မီးရထား စက်ခေါင်းစက်ရုံ(အင်းစိန်)အနေဖြင့် လျှပ်စစ်စက်ခေါင်းငယ်များမှစ၍ သုတေသနပြုထုတ်လုပ်ပြီး ယင်းမှ တစ်ဆင့် အဆင့်မြှင့်တင်ခြင်းနှင့် လျှပ်စစ်စက်ခေါင်းကြီးများ ထုတ်လုပ်ခြင်းလုပ်ငန်းများကို အဆင့်ဆင့် ကြိုးပမ်းဆောင် ရွက်သွားရန်လည်း မှာကြားခဲ့သည်။
မိမိတို့နိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ ထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်သော်လည်း နိုင်ငံ အတွက် လိုအပ်သည့် စက်သုံးဆီများကို ပြည်ပမှ တင်သွင်းနေရသည့် နိုင်ငံဖြစ်သည်။ ရေနံသည် မဟာဗျူဟာမြောက် ပစ္စည်းတစ်ခုဖြစ်သည့်အလျောက် ကမ္ဘာ့နိုင်ငံရေးအခြေအနေများအပေါ် လိုက်ကာ ရေနံဈေးနှုန်း အတက်အကျဖြစ်သည့်အခါ မိမိတို့နိုင်ငံသည်လည်း ရိုက်ခတ်ခံရသည်။ ထို့အပြင် မြန်မာနိုင်ငံသို့ ပြည်ပမှ အများအပြားတင်သွင်းရသည့် ကုန်စည်များထဲတွင် စက်သုံး ဆီကလည်း တန်ဖိုးပမာဏကြီးမားစွာပါဝင်သည်။ ခရီးသည်နှင့် ကုန်စည်ပမာဏအများအပြား သယ်ယူပို့ဆောင်ပေးနိုင် သော ရထား၊ ဘတ်စ်ကားနှင့် ကုန်တင်ကားများကို လျှပ်စစ် စွမ်းအားဖြင့် အသုံးပြုနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်း၊ သုတေသနပြုခြင်းတို့မှာ နိုင်ငံ၏အနာဂတ်နှင့် ရေရှည် အကျိုးစီးပွားအတွက် ဆောင်ရွက်သင့်သည့်၊ ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းများပင် ဖြစ်သည်။
တစ်ဆက်တည်းမှာပင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအားကို နိုင်ငံအတွင်းရရှိနိုင်သည့် အရင်းအမြစ်များမှနေ၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံး နည်းလမ်းများဖြင့် ထုတ်လုပ်သွားရန်လည်း လိုအပ်သည်။ နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေးကို အနှောင့်အယှက်ရှင်းရှင်း၊ အဖျက်အဆီး ကင်းကင်းဖြင့် အပြည့်အဝ အကောင်အထည်ဖော်နိုင်သည်နှင့်အမျှ လျှပ်စစ်ကား၊ လျှပ်စစ်ရထား နှင့် လျှပ်စစ်မီးထိန်ထိန်ညီးသည့် မြို့ရွာများဟူသည် စိတ်ကူးအိပ်မက်သက်သက်မျှသာမဟုတ်ဘဲ ဧကန် မုချ ပေါ်ထွန်းလာမည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်
No comments