ဒုတိယဝန်ကြီး ဦးအေးထွန်း အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ ရောက်ရှိစစ်ဆေး
ရန်ကုန်၊ မေ ၂၇
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်၏ သင်ကြား/စီမံရေးဆိုင်ရာ ကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ တက္ကသိုလ် "ပုဂံခန်းမ" ၌ ဒုတိယပါမောက္ခချုပ်(စီမံ) ဦးစိန်မော်က တက္ကသိုလ်၏ ရည်ရွယ်ချက်၊ သမိုင်းကြောင်းနှင့် တည်နေရာ အကျယ်အဝန်းအခြေအနေ၊ သင်ကြား/စီမံ ဝန်ထမ်းအင်အားအခြေအနေနှင့် လာမည့် ဇွန် ၁ ရက်မှ စတင်ဖွင့်လှစ်မည့် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်ကာလအတွင်း ပြည်တွင်းပြည်ပ သင်တန်းသားများ လက်ခံဖွင့်လှစ် သင်ကြား ပို့ချရန် စီမံဆောင်ရွက်ထားရှိမှု၊ ကာကွယ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းပေးအပ်သည့် မြေနေရာ ၂ ဒသမ ၇၆၂ ဧကကို သာသနာ့မြေရရှိရေးဆောင်ရွက်နေမှု ၊ အဆိုပါ မြေနေ ရာပေါ်ရှိ အဆောက်အဦများကို တက္ကသိုလ်တွင် လေ့လာသင်ယူကြမည့် ပြည်တွင်းပြည်ပ သင်တန်း သားများထားရှိရန် မွမ်းမံပြင်ဆင်နေမှုနှင့် တက္ကသိုလ်၏ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ် ဗဟိုဆောင်ရှိ ဘာဝနာမဟာ သဘာတရားထိုင်ခန်းမ၊ တက္ကသိုလ်စာကြည့်တိုက်၊ ဆွမ်းစားဆောင်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ လွှဲပြောင်းပေးအပ်သည့် မြေနေရာနှင့် ပြုပြင်မွမ်းမံလျက်ရှိသော အဆောက်အဦများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments