ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှု သင်တန်းအမှတ်စဉ်(၁) ဆင်းပွဲကျင်းပ

 






ရန်​ကုန် ​​မေ ၂၇

​           

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓ ဘာသာအဆင့်မြင့်ယဉ်ကျေးမှု သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့ မွန်းလွဲ (၁)နာရီတွင် စေတီတော်အနောက်ဘက်မုခ်ရှိ မဟာဗုဒ္ဓဝင်ပြခန်း၌ ကျင်းပသည်။

        

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိဦးတင်ဝက သင်တန်းပြီးမြောက်အောင်မြင်မှု ဝမ်းမြောက်ကြောင်း စကားပြောကြားပြီး သင်တန်းနည်းပြ မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာကြီးဦးဟန်က သင်တန်း သင်ကြားပြီးစီးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

          

ထို့နောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ​က သင်တန်းနည်းပြ ဆရာကြီးကို ဂါရဝပြုလက်ဆောင်နှင့်  ဆုရသင်တန်းသားများကို ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။ ယင်း‌နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင် စကားပြောကြားပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

       

 အဆိုပါ သင်တန်းကို ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ရုံး ဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ဘုရားဖူးများ ဝန်ဆောင်မှု ပေးရာတွင်လည်းကောင်း မြန်မာ့ယဉ်ကျေးမှုနှင့်ကိုက်ညီပြီး အဆင့်အတန်းမြင့်မားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုသည် မြတ်ဗုဒ္ဓ၏တရား ဒေသနာတော်များကို အခြေခံထားခြင်းဖြစ်သည့်အတွက် မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်ကိုက်ညီသော မြန်မာ့ယဉ်ကျေးမှု အလေ့အကျင့်ကောင်းများကို အဆင့်အတန်းမြင့်မားစွာ သိရှိနားလည် လာမည်ဖြစ်သည်။

        

ဗုဒ္ဓဘာသာအဆင့်မြင့်ယဉ်ကျေးမှု သင်တန်းအမှတ်စဉ် (၁) ကို မေ ၁၆ ရက်မှ စတင် ဖွင့်လှစ် သင်ကြားခဲ့ခြင်းဖြစ်ရာ   ရွှေတိဂုံစေတီ တော်မှဝန်ထမ်း ၃၀ တက်ရောက်ခဲ့ကြသည်၊၊   


ကိုကိုဇော်

(သတင်းစဉ်) 

No comments

Powered by Blogger.