နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ပုညနိမ္မိတာရာမ (ရွှေသုဝဏ်) ကျောင်းတိုက် ဦးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် ဆင်ယင်ကျင်းပ



ရန်ကုန် မေ၊ ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပုညနိမ္မိတာရာမ(ရွှေသုဝဏ်)ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တသဒ္ဓိယ ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် အဆိုပါကျောင်းတိုက်၌ ဆင်ယင်ကျင်းပသည်။


အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တစိတြဉာဏ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကဆရာတော်ကြီးများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သာသနာရေးဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် ဒါယကာ/ဒါယိကာမများ တက်ရောက်ကြည်ညိုကြသည်။


ရှေးဦးစွာ သဗ္ဗေ သင်္ခါရာ အနိစ္စာတိ အစချီ သုံးဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ မိတ္ထီလာမြို့၊ ရေလယ်ကျောင်းတိုက်ပဓာနနာယက အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဆရာတော်ဘဒ္ဒန္တလာဘာဝတထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် ဘဒ္ဒန္တကေတုမာလာ၊ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ကွန်ပျူတာမူ ပိဋကတ်ကျမ်းစာ ဒါယကာဦးကျော်ညွန့်တို့က ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား စိန်ကတ္တီပါလွှမ်း၍ ပူဇော်ကြသည်။


ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ပေးပို့သော သံဝေဂဉာဏ်ပွားတော်မူ ကြောင်းသဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ရွှေဘိုမြို့၊ ပါဠိကာရီကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသာလင်္ကာရာဘိဝံသ ကလည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ပေးပို့ဆက်ကပ်သော ဝမ်းနည်းကြောင်းသဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီးဦးကိုကို က လည်းကောင်း၊ ဗုဒ္ဓစာပေအဖွဲ့၏ ဝမ်းနည်းကြောင်းသဝဏ်လွှာကို အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးစိန်လှဝင်းက လည်းကောင်း ဖတ်ကြားပူဇော်ကြသည်။


ယင်းနောက် ဆရာတော်သံဃာတော်များအား  ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီး ချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့၊ သီဟိုဠ်ပရိယတ္တိစာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တစန္ဒနသာရထံမှ သံဝေဂ ဓမ္မကထာကိုနာယူပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။


ဆက်လက်၍ ရွှေသုဝဏ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်း မြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ဇိနဝါဒီကျောင်း ဆရာတော်ဘဒ္ဒန္တစန္ဒသိရီက ဖတ်ကြားပူဇော်၍ လမ်းမတော်မြို့နယ်၊ သရက်တောတိုက် သီတာရုံကျောင်းဆရာတော် ဘဒ္ဒန္တအရိယဓမ္မ (ဒီဃဘာဏက)က ပစ္ဆိမဝန္ဒနာ ဂါထာတော်ဖြင့် ဖတ်ကြားပူဇော်သည်။


ထို့နောက် အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် နောက်ဆုံးတောင်းပန်ကန်တော့လွှာကို ကချင်ပြည်နယ် သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင် မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်း ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာက တိုင်ကြားပေး၍ တောင်းပန်ကန်တော့ကြပြီး ဆရာတော်ကြီး၏ ဥတုဇ ရုပ်ကလာပ်တော်အား ကရဝိတ်ဖောင်တော်သို့ လိုက်ပါကြွချီတော်မူပါရန် တောင်းပန်လျှောက်ထားသည့် အဘိယာစန နိမန္တနဂါထာတော်ကို ဝိဇ္ဇာပညာထူးချွန်(ပထမအဆင့်)၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဦးသူရက ဖတ်ကြားလျှောက်ထားသည်။


ယင်းနောက် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်ကို တပည့်သံဃာတော်များက ဦးစွာ ပင့်ဆောင်ပြီးနောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တပည့်ဒါယကာ/ ဒါယိကာမများက ကျောင်းတိုက်မှ ကရဝိတ်ဖောင်နတ်ပန်း ရထားပေါ်သို့ ဆက်လက်ပင့်ဆောင်ကြသည်။ ဆက်လက်၍ နတ်ပန်းရထားဖြင့်  လောင်တိုက်တော်သွင်း ပူဇော်မည့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘူမိကွင်းသို့ ပင့်ဆောင်ကြသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တပည့်သံဃာတော်များက ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်မြတ်ကို လောင်တိုက်တော်သို့ အစီအစဉ်အတိုင်း ပင့်‌ဆောင်ကြပြီး ဆရာတော်ကြီး၏ တပည့်သံဃာတော်များ ဖြစ်ကြသည့် ဦးဉေယျဓမ္မ၊ ဦးရာဇိန္ဒ၊ ဦးဥတ္တမတို့က  မွန်းလွဲ ၃ နာရီခွဲတွင် စက်ခလုတ်နှိပ်၍ အန္တိမအဂ္ဂိ ဈာပန သာဓုကီဠန ပူဇာအခမ်းအနားကို လောင်တိုက်တော်သွင်း ပူဇော်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.