ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာ လုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ ဇူလိုင် ၃၀


လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် သည် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ၂၃၀ ကေဗွီ မန်စံ-ရွှေစာရံ မဟာ ဓာတ်အားလိုင်းရှိ တိမ်းစောင်း ချို့ယွင်းမှုဖြစ်ပွားခဲ့သော တာဝါတိုင်အမှတ် ၆၁၃ ပြန်လည် ပြင်ဆင်နေခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အရှေ့တောင်အာရှ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ပင်မထိန်းချုပ်ရေးစခန်း(မန္တလေး)တို့ကို ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ မန်စံ-ရွှေစာရံ မဟာဓာတ်အားလိုင်းရှိ တိမ်းစောင်း ချို့ယွင်းမှုဖြစ်ပွားခဲ့သော တာဝါတိုင်အမှတ် ၆၁၃ ပြန်လည်ပြင်ဆင်နေခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အမြန်ဆုံးသုံးစွဲနိုင်ရေးအတွက် တာဝါတိုင်ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းများဆောင်ရွက်စဉ် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး အလေးထားဆောင်ရွက်သွားရန် မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းနှင့် မဒဲကျွန်း ရေနံ သိုလှောင်စခန်းတို့မှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေးနေမှုကို ထိန်းချုပ်ဖြန့်ဖြုးပေးနေသည့် မန္တလေးမြို့ရှိ အရှေ့တောင်အာရှ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မထိန်းချုပ်ရေး စခန်း(မန္တလေး)သို့ ရောက်ရှိရာ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဥက္ကဋ္ဌ Mr. Li Zinlin နှင့်တာဝန်ရှိသူများက ဓာတ်ငွေ့ပိုက် လိုင်းပင်မထိန်းချုပ်ရေးစခန်းနှင့် ပိုက်လိုင်း တစ်လျောက်ရှိ ထိန်းဖြန့်စခန်းများ၏ ဝန်ထမ်းအင်အားနှင့် လုပ်ငန်းဆောင်ရွက်နေမှု၊ သဘာဝ ဓာတ်ငွေ့အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်နေသည့် စက်ရုံများသို့ သဘာဝဓာတ်ငွေ့များ ပို့လွှတ်နေမှု၊ ပိုက်လိုင်းနှင့် ဝင်ငွေရရှိမှုကို ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများမှ ဖြည့်စွက် ရှင်းလင်းတင်ပြသည်။


တင်ပြမှုများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသည် နှစ်နိုင်ငံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေပြီး ဝင်ငွေ တိုးတက်ရရှိစေသော စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက်လိုအပ်သော လျှပ်စစ် ဓာတ်အားများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေးအတွက် ပြည်တွင်းသုံးသဘာဝဓာတ်ငွေ့များ ယခုထက် ပိုမိုရရှိသုံးစွဲနိုင်ရေး အထူးအလေးထား ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့များ စဉ်ဆက်မပြတ် ပို့လွှတ်ပေးနိုင်ရေး ပိုက်လိုင်းကြံ့ခိုင်မှုအတွက် လိုအပ်သော စစ်ဆေးခြင်းများ သတ်မှတ်အချိန်၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အလေးထားဆောင်ရွက်ရန် ဖြစ်ကြောင်း မှာကြားပြီး ပိုက်လိုင်းစခန်းအတွင်းရှိ control center ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ဖြန့်ဖြူး ပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.