ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ပဲခူးတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး



နေပြည်တော် ဇူလိုင် ၃၀


သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ပဲခူးတိုင်းဒေသကြီးအတွင်း အကောင် အထည်ဖော် ဆောင်ရွက်နေသော ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးသည်။


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့ နယ်၊ ကြို့ပင်သာကျေးရွာရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကျေးလက်ရေရရှိရေးဖြစ်သည့် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစင်ဆောက်လုပ်ခြင်း၊ Solar စနစ်ဖြင့်ရေတင်ခြင်းလုပ်ငန်းသို့ ရောက်ရှိပြီး ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံ၍ ယခုစီမံကိန်းသည် ကျေးရွာ (၄) ရွာ၊ အိမ်ခြေ (၄၇၅) အိမ်၊ လူဦးရေ (၂၀၁၃) ဦးအတွက် အကျိုးရှိ မည်ဖြစ်၍ အချိန်မီပြီးစီးအောင် သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ပြီး ကုသိုလ်ရသည့် လုပ်ငန်းလည်း ဖြစ်ကြောင်း ပြောကြားကာ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေတာရှည်မြို့၊ ယွန်းလျှံလယ်ယာအထောက် အကူပြုစခန်းသို့ ရောက်ရှိပြီး စခန်းတာဝန်ခံက လုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လာမည့် နွေရာသီအမီ နွေစပါးသီးနှံအတွက် စိတ်တူကိုယ်တူရှိပြီး တစ်ဆက်တစ်ဆက်တည်းရှိသည့် တောင်သူများကို သမဝါယမအသင်းဖွဲ့စည်းပေးပြီး Pilot Project အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိ သူများက ပုဂ္ဂလိက၊ တောင်သူများနှင့်ပေါင်းပြီး ယခုကာလမှစတင်၍ ဆွေးနွေးတိုင်ပင်ကြရန်၊ စီမံချက် ရေးဆွဲကြရန် မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ဆက်လက်ပြီး ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၄၁) ရွာမှ တောင်သူလယ်သမားများနှင့် တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ ဝင်ငွေတိုးပွားရေးအတွက် ဆောင်ရွက်နိုင်သည်များကိုဆွေးနွေးပြီး ပြည်သူများမှ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်း၊ စိုက်ပျိုးရေရရှိရေးနှင့် သွင်းအားစုဆိုင်ရာ လိုအပ်ချက်တင်ပြမှု များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရေတာရှည်မြို့နယ်၊ ညောင်ပင်ကိုင်း- ပိတောက်ခင်-ရွာသစ်လမ်း ကျေးရွာ (၃)၊ အကျိုးပြု လူဦးရေ (၃၃၇၆) ဦးအတွက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူမြို့၊ သံလွင်အာလူးကြော်လုပ်ငန်းသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုလေ့လာ၍ ကျေးလက်ဒေသဝင်ငွေ တိုးပွားရေးအတွက် အသေးစား အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ လိုအပ်သည့် နည်းပညာအကူအညီနှင့် အရင်းအနှီးများလည်း တတ်နိုင်သမျှ ဆောင်ရွက်ပေးနေကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်ပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသော လုပ်ငန်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာ ဌာနများကလည်း စဉ်ဆက်မပြတ် အားပေးကူညီဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.