၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများကို ဂုဏ်ပြု ချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးချီးမြှင့်



နေပြည်တော်၊   ဇူလိုင်   ၃၀


၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း ထူးချွန်စွာအောင်မြင်ခဲ့သည့် ဥပဒေ ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီးများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်အတွက် ပညာသင်စရိတ် ထောက်ပံ့ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန၏ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းသူ/ ကျောင်းသားဘဝတွင် တပည့်ကောင်းများဖြစ်အောင် ကြိုးစားသကဲ့သို့ နောင်အချိန်တွင် တိုင်းပြည်ကို ပြန်လည်ဦးဆောင်ကြမည် ဖြစ်သည့်အတွက် ပညာပြည့်ဝရုံသာမက သန့်ရှင်းဖြူစင်သည့် ကိုယ်ကျင့်တရားများဖြင့် နေထိုင်တတ်ကြရန် လိုကြောင်း၊ မိမိတို့၏ မိသားစုဂုဏ်၊ ကျောင်း၏ဂုဏ်ကို ဆောင်နိုင်ခြင်းမှသည် နိုင်ငံတော်၏ ဂုဏ်ကိုပါ ထွန်းလင်းစေအောင် ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ငါးဘာသာ ဂုဏ်ထူးရှင်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က နှစ်ဘာသာ ဂုဏ်ထူးရှင်ကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များက တစ်ဘာသာ ဂုဏ်ထူးရှင် (၅)ဦးကို လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ဆက်လက်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးကို ဆက်လက် ပေးအပ်ရာ မူလတန်း အဆင့်(၁)ဦးလျှင် ကျပ် ၃ဝ,ဝဝဝိ/-နှုန်း၊ အလယ်တန်း အဆင့်(၁)ဦးလျှင် ကျပ် ၄ဝ,ဝဝဝိ/- နှုန်း၊ အထက်တန်း အဆင့်(၁)ဦးလျှင် ကျပ် ၅ဝ,ဝဝဝိ/-နှုန်းဖြင့် စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၁၆၈)ဦး အတွက် ငွေကျပ် ၈၂ သိန်းကျော် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)                                                




No comments

Powered by Blogger.