ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများနှင့် ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး




နေပြည်တော်၊ ဇူလိုင် ၂၈


ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်း တွင် တာဝန်ရှိသူများနှင့်အတူ ဆေးတက္ကသိုလ်-မန္တလေးတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ မန္တလေးတိုင်းဒေကြီးအတွင်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များနှင့်် ဆေးကုသမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး ဆွေးနွေးမှာကြားသည်။ 


ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ အိတ်ချ်အိုင်ဗီ ရောဂါကုသမှုပြင်ပလူနာဌာန (Integrated HIV Care Clinic) တွင် လူနာ များ ကြည့်ရှုကုသပေးနေသည့်အခြေအနေ၊ ကင်ဆာဓာတ်ရောင်ခြည်ဌာန (Radiation Oncology)တွင် တပ်ဆင်ထားရှိသော စက်ပစ္စည်းများ၊ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုများနှင့် ကင်ဆာဆေး ပညာ (medical oncology)ဌာနတွင် ဆေးသွင်းကုသမှုအခြေအနေတို့ကို ကြည့်ရှု၍ လူနာများ အချိန်နှင့် တစ်ပြေးညီ ကုသမှုခံယူနိုင်ရေး၊ စိတ်ချမ်းမြေ့စွာကုသနိုင်ရေးစီစဉ်ဆောင်ရွက်သွားရန် မှာကြားကာ ဓာတ်ရောင်ခြည် ကုသမှုခံယူနေသည့် လူနာများနှင့် ဆေးသွင်းကုသမှုခံယူနေသည့် လူနာများကို တွေ့ဆုံ အားပေးစကားပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရောဂါရှာဖွေရေး ဓာတ်ခွဲဌာနသို့ သွား‌ရောက်၍ ဓာတ်ခွဲစစ်ဆေးမှု ဆောင်ရွက်နေသည့်အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စွမ်းအားပြည့် ဆောင်ရွက် နိုင်ရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 


ထို့နောက် နှလုံးရောဂါ ဆေးကုသမှုဌာနရှိ နှလုံးရောဂါလူနာများ ပြန်လည်သန်စွမ်းရေး ဌာန တွင်စက်ပစ္စည်းများတပ်ဆင်ထားရှိမှု၊ နှလုံးနှင့်သွေးကြောကုသမှုအခန်း(Cardiac cath lab) နှင့် နှလုံးအထူးကြပ်မတ်ကုသဌာန (CCU)တွင်လူနာများ တက်ရောက် ကုသနေမှု၊ နှလုံးအထူး ကြပ်မတ် ကုသဌာန အဆောင်သစ်ပြင်ဆင်ထားရှိမှု၊ ရောဂါရှာဖွေရေးဓာတ်မှန်ဌာနရှိ CT နှင့် MRI စက်များ တပ်ဆင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကာ လူနာများသက်တောင့်သက်သာရှိစွာဖြင့် ဆေးကုသမှု ခံယူနိုင်ရေးစီစဉ်ဆောင်ရွက်သွားရန် မှာကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေး ဌာနသို့ သွားရောက်ကာ အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေရေးဆိုင်ရာ စက်ပစ္စည်းများနှင့် လုပ်ငန်း များဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆေးကုသရေးလုပ်ငန်းများ ပိုမိုတိုးတက်ရေးဆောင်ရွက် ကြရန်၊ လူနာများ အားကိုးအားထားရသည့် ပြည်သူ့ဆေးရုံကြီးအဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက် ပေးကြရန်နှင့် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


(သတင်းစဉ်)


No comments

Powered by Blogger.