(၂၃) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှုဆပ်ကော်မတီ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက်အာဆီယံ+၃ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးကွန်ရက် အစည်းအဝေးကျင်းပ



နေပြည်တော် ဇူလိုင် ၂၈


(၂၃)ကြိမ်မြောက် အာဆီယံယဉ်ကျေးမှု ဆပ်ကော်မတီ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံ + ၃ ယဉ်ကျေးမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးကွန်ရက် အစည်း အဝေးကို ဇူလိုင် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် မလေးရှားနိုင်ငံ ကူချင်မြို့၌ ကျင်းပသည်။


အဆိုပါအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ အလှည့်ကျ ဒုတိယသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ အာဆီယံယဉ်ကျေးမှုနှင့်အနုပညာဆိုင်ရာ အဆင့်မြင့် အရာရှိကြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့် (SOMCA Leader)နှင့် ကိုယ်စားလှယ် ၁ ဦး တက်ရောက်ခဲ့ကြသည်။ 


အစည်းအဝေးတွင် အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှု၊ သမိုင်းကြောင်း၊ ကိုးကွယ်ရာ ဘာသာနှင့် လူမှုရေးတိုးတက်မှုဆိုင်ရာ အပြန်အလှန် နားလည်ယုံကြည်မှုတို့ကို တိုးမြှင့် ခိုင်မာစေရေး၊ အာဆီယံနိုင်ငံများအကြား မတူကွဲပြားမှုများကို အပြန်အလှန် အသိအမှတ် ပြုစေရေး၊ စည်းလုံးညီညွတ်မှုတောင့်တင်းခိုင်မာစေရေးနှင့် အာဆီယံ၏ အသိအမြင်ကို ပြည်သူများက သိရှိလာစေရန် အားပေးဆောင်ရွက်ရေးတို့အတွက် အာဆီယံ ရိုးရာဓလေ့ နှင့် အနုပညာ၊ ရိုးရာအစားအစာ၊ ရှေးဟောင်းသုတေသနပြတိုက်နှင့် စာကြည့်တိုက်များ၏ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် အာဆီယံ ပြည်သူများ အချင်းချင်း ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်လာနိုင်ရန် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်း ၅၀ ကျော်တို့နှင့်ပတ်သက်၍  အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံ + ၃ နိုင်ငံများ အမြင် ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


၂၀၂၃ ခုနှစ်တွင် (၂၄) ကြိမ်မြောက် အာဆီယံယဉ်ကျေးမှု ဆပ်ကော်မတီအစည်း အဝေးနှင့် (၁၂)ကြိမ်မြောက် အာဆီယံ + ၃ ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေးကွန်ရက် အစည်းအဝေးကို မြန်မာနိုင်ငံက သဘာပတိ တာဝန်ယူပြီး အိမ်ရှင်နိုင်ငံအဖြစ် လက်ခံ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)


No comments

Powered by Blogger.