ရေသယံဇာတကို ထိရောက်စွာအသုံးချ
လယ်ယာစီးပွားကို အခြေခံသည့်နိုင်ငံ၌ လူ့စွမ်းအားအရင်းအမြစ်၊ ရေအရင်းအမြစ်တို့ကို အခြေခံ၍
လယ်ယာစီးပွားကို မြှင့်တင်နိုင်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်း၌ မြောက်မှတောင်သို့
စီးဆင်းနေသည့် ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်ကြီး လေးစင်းတွင် မြစ်လက်တက်များစွာရှိပြီး
နှစ်စဉ် ရေဧကပေ သန်းပေါင်း ၈၇၆ သန်းခန့် ပင်လယ်ထဲသို့ စီးဝင်လျက်ရှိသည်။ အဆိုပါ မြစ်ကြီးများနှင့်
မြစ်လက်တက်များပေါ်တွင် ဆည်တမံ ၂၄၅ ခုနှင့် ရေတင်လုပ်ငန်း ၂၁၀ တို့ကို တည်ဆောက်ထားပြီး နှစ်စဉ်ပင်လယ်ထဲသို့ စီးဆင်းလျက်ရှိသည့် ရေထုပမာဏ၏
၂ ဒသမ ၃ ရာခိုင်နှုန်းခန့်ကို ပြည်သူအကျိုးပြု စိုက်ပျိုးရေးလုပ်ငန်း များတွင် အသုံးပြုလျက်ရှိသည်။
တစ်နိုင်ငံလုံးတွင်
သီးနှံမျိုးစုံစိုက်ဧက ၃၃ ဒသမ ၂ သန်းခန့်ရှိပြီး မိုးကောင်း ရေသောက်၊ ဆည်ရေသောက်၊ မြစ်ရေတင်စိုက်ပျိုးမြေများမှာ
၂၅ ဒသမ ၅၁၇ သန်းခန့်ရှိသည်။ မိုးစပါးစိုက်ဧက ၁၅ သန်းခန့်နှင့် နွေစပါးစိုက်ဧက သုံးသန်း
ခန့်ရှိသည်။ အဆိုပါ စိုက်ပျိုးမြေများထဲတွင် ရေသွင်းစိုက်ဧရိယာဧက ၆ ဒသမ ၇၁ သန်းရှိသည့်အတွက်
သီးနှံမျိုးစုံစိုက်ပျိုးနေသည့် အသားတင်စိုက်ဧရိယာဧက ၃၃ ဒသမ ၂ သန်း၏ ၂၀ ရာခိုင်နှုန်းကျော်ကို
ဆည်ရေပေးဝေလျက်ရှိသည်။ စိုက်ပျိုး သီးနှံများ အောင်မြင်ဖြစ်ထွန်းစေရန်နှင့် ကျေးလက်ဒေသများ
ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရာတွင် ဆည်ရေပေးဝေရေးလုပ်ငန်းသည် လွန်စွာအရေးပါ
သည့်အတွက် အစိုးရက ဆည်မြောင်း စီမံကိန်းများကို အလေးထားရင်းနှီးမြှုပ်နှံ ပေးလျက်ရှိသည်။
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ရေလှောင်တမံများ၊ ရေလွှဲဆည်များ၊ ရေတံခါးများ၊
ရေပေးမြောင်းများနှင့် ရေထိန်းအဆောက်အအုံများ၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများ၊ မြေအောက်ရေ
ထုတ်ယူသုံးစွဲသည့် လုပ်ငန်းများ၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး
ရေပေးဝေရေးလုပ်ငန်းများ၊ မြေအောက်ရေထိန်း ရေလှောင်တမံလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့်
အကောင်အထည်ဖော်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံအနှံ့ကို လေ့လာမည်ဆိုပါက ဒေသတိုင်းတွင်
စိုက်ပျိုးရေးလုပ်ငန်းများအား မြှင့်တင်ပေးနိုင်ရန်အတွက် ဆည်မြောင်းတာတမံ ရေပေးဝေရေးလုပ်ငန်းများ
တည်ဆောက်ပေးထားသည်ကို တွေ့ရမည်ဖြစ်သည်။
“ဆောင်ရွက်ပေးခဲ့သည့်
ဆည်ရေအရင်းအမြစ်များကို ထိထိရောက်ရောက် အကျိုးရှိအောင် အသုံးချပြီး မိမိတို့၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍ
တိုးတက်ပြောင်းလဲလာအောင် ရှေးရှုဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ရာသီဥတုပြောင်းလဲဖောက်ပြန်မှုကြောင့် ကမ္ဘာနှင့်အဝှမ်း ရေသယံဇာတများ ဆုတ်ယုတ်ခြင်း၊
ရှားပါးခြင်းများ ဖြစ်ပေါ်ခံစားနေကြရကြောင်း၊ ထို့ကြောင့် လူနှင့်သစ်ပင်၊ တိရစ္ဆာန်များအတွက်
မရှိမဖြစ်ဖြစ်သည့် ရေသယံဇာတများကို အကျိုးမဲ့ အလဟဿ မဆုံးရှုံးစေရန်နှင့် အနာဂတ်တွင်
ရေရှည်သုံးစွဲနိုင်ရန်အတွက် ခြိုးခြံချွေတာခြင်း၊ ထိရောက်အကျိုးရှိစွာ သုံးစွဲခြင်းများကို
မဖြစ်မနေဆောင်ရွက်ကြရန် လိုအပ်လာပြီဖြစ်ပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော် ဝန်ကြီးချုပ်က သြဂုတ်လ ၂၆ ရက်နေ့ကပြုလုပ်သည့် ပူးပေါင်းပါဝင် ဆည်မြောင်း
စနစ်ဖြင့် လယ်ယာကဏ္ဍနှင့် တောင်သူတို့၏ လူမှုစီးပွားဘဝမြှင့်တင်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲတွင်
ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် မြေသယံဇာတ၊ ရေသယံဇာတ
ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်သည်မှာ အမှန်တကယ်ဖြစ်သည်။ သို့သော် ရေသယံဇာတ၊ မြေသယံဇာတများကို
ထိရောက်စွာအသုံးချနိုင်မှုတွင် လိုအပ်ချက်များရှိနေဆဲဖြစ်ပြီး ပေါများလှသည့် ရေသယံဇာတ
လေလွင့်မှုများလည်း ရှိနေသည်ကို တွေ့ရသည်။ မိုးရာသီကာလတွင် သဘာဝရေများ အလဟဿဆုံးရှုံးမှုများရှိနေပြီး နွေရာသီရေခန်းခြောက်ချိန်၊ ရေရှားပါးချိန်တွင် ရေသိုလှောင်ထားမှု၊ ရေကုန်သက်သာစေရန်နှင့်
ရေအလေအလွင့် မရှိစေရန်အတွက် နည်းပညာအခြေခံသည့် ရေပေးဝေမှုစနစ်များကို တီထွင်ကြံဆ
အသုံးပြုနိုင်ရေး လိုအပ်လျက်ရှိသည်။ သို့ဖြစ်ရာ တန်ဖိုးရှိသောရေကို လေလွင့်မှုမရှိဘဲ
ထိရောက်စွာ အသုံးချနိုင်ရန် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း။
ကြေးမုံ

No comments