လူနဲ့လူ
သမားအို
ကိုဗစ်-၁၉ ကပ်ရောဂါကြီးဟာ ၂၀၁၉ ခုနှစ်အကုန်မှာ စခဲ့တာ။
၂၀၂၂ ခုနှစ်ကုန်ရင် သုံးနှစ်ပြည့်ပါတော့မယ်။ သမားအိုအနေနဲ့ ကပ်ရောဂါကြားထဲမှာ ရှင်သန်ခွင့်ရခဲ့တဲ့
သုံးနှစ်တာအတွင်းမှာ လေ့လာ သုံးသပ်မိသမျှကို စာချစ်သူတို့ထံ ရသမျှသတင်းစကားတွေ ဖြန့်ဝေဖြစ်ခဲ့ပါတယ်။
အဲဒီအထဲက အနှစ်ချုပ်ပြီး သုံးသပ်ကြည့်ရင် ကဏ္ဍလေးရပ်ကို တွေ့မိပါတယ်။ ရောဂါပိုးနဲ့လူ၊
လူနဲ့ရောဂါပိုး၊ ရောဂါပိုးအချင်းချင်း ဆက်နွှယ်မှုအပြင် လူ - လူချင်း ကပ်ရောဂါအတွင်းဖြစ်ပေါ်နေတဲ့
ဆက်ဆံရေးကို သုံးသပ်မိပါတယ်။
ပိုးနဲ့လူ
၂၀၁၉
ခုနှစ်အကုန်လောက်မှာ တရုတ်နိုင်ငံ ဝူဟန်မြို့ပေါ်မှာ ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်
ရောဂါတွေ စပေါ်လာခဲ့ပါတယ်။ Severe Acute Respiratory Syndrome-SARS ကို ၂၀၀၃ ခုနှစ်က
ဟောင်ကောင်မှာ စတွေ့ချိန်ကနဲ့ ဖြစ်ပုံချင်းတူနေပါတယ်။ ရောဂါပိုးကို လေ့လာကြတော့ ကိုရိုနာဗိုင်းရပ်စ်ပိုး
နောက်ထပ် တစ်မျိုးဖြစ်တဲ့အတွက် ဒုတိယ SARS ဒါမှမဟုတ် SARS-Cov-2 ကို သိပ္ပံ နည်းကျ
အမည်တပ်ပါတယ်။ အများလက်ခံမှတ်မိ အောင်လို့ ကိုဗစ်-၁၉ (Covid-19) ဆိုပြီး အမည် တပ်ခဲ့ရာ
တစ်ကမ္ဘာလုံးပျံ့နှံ့တဲ့ ကပ်ရောဂါကြီး အဖြစ်နဲ့ ကမ္ဘာတုန်သွားစေခဲ့ပါတယ်။ ၁၆-၈- ၂၀၂၂
ရတဲ့စာရင်းအရ လူပေါင်းသန်းပေါင်းခြောက်ရာ လောက် ရောဂါဖြစ်ခဲ့ပြီး ခြောက်သန်းကျော် သေကျေ ပျက်စီးခဲ့ပါပြီ။
(ဆယ်သန်းကျော်သေခဲ့ပြီလို့ အချို့ က ဆိုပါတယ်။)
လူနဲ့ပိုး
ကိုဗစ်-၁၉
ရယ်လို့ အမည်တပ်ခဲ့တဲ့အချိန်ကစပြီး ယနေ့အထိ ထိန်းလို့မရနိုင်တဲ့ ကပ်ရောဂါပိုး ဖြစ်ရတဲ့အ
ကြောင်းရင်းကိုကြည့်ရင် ပိုးကအစွမ်းထက်တာပါသလို လူတွေက ပိုးကိုအားဖြည့်ကူညီ ပေးနေသလိုဖြစ်နေတာကို
တွေ့ရပါတယ်။ ပုံမှန် အားဖြင့် ဗိုင်းရပ်စ်ပိုးဟာ လူ့ကိုယ်ထဲဝင်လာရင် လူမှာရောဂါဖြစ်မယ်။
သေမယ်။ သေရင် လူက ဗိုင်းရပ်စ်နဲ့ အတူတူသေမယ်။ လူမှာ ရောဂါဖြစ်နေ ချိန် ရောဂါလက္ခဏာတွေ
မပေါ်ခင်ကဘဲ တခြားသူ တွေဆီ ကူးသွားမယ်။ ဆင့်ပွားကူးစက်ရင်း လူတွေ ရဲ့ကိုယ်ခံအားကိုမခံနိုင်လို့
ဗိုင်းရပ်စ်ပိုးတွေ သေသွား မယ်။ ဒါပေမဲ့ ကိုဗစ်-၁၉ က ပုံမှန်အတိုင်း ဖြစ်မလာ ဘူး။ ဗီဇပြောင်းမျိုးကွဲတွေအမျိုးမျိုးနဲ့
လူတွေကို တစ်ကျော့ပြီးတစ်ကျော့ နှိပ်စက်လာတယ်။ အကြောင်းရင်းကတော့ လူတွေဟာ ပိုးဖြန့်ရင်း ဗီဇကွဲ တွေပေါ်အောင် ကူညီသလိုဖြစ်ရတယ်။
ပိုးနဲ့ပိုး
အစကတော့
ကိုဗစ်-၁၉ ပိုးတစ်မျိုးတည်းရှိခဲ့ တယ်။ လူအများစု ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်း
လောက် ရောဂါရပြီးရင် နောက်ထပ်မကူးနိုင်တော့ ဘူးလို့ Herd Immunity သီအိုရီက ဆိုတယ်။
အခု ကျတော့ ကိုဗစ်-၁၉ ကူးပြီးတဲ့သူလည်း ပြန်ကူးတယ်။
ကာကွယ်ဆေး ထိုးထားပြီးသားလူကလည်း ပြန်ကူးတယ်။ (သေကောင်ပေါင်းလဲမဖြစ်အောင် တော့
ကာကွယ်ဆေးက ကူနိုင်တယ်။) ကိုဗစ်-၁၉ ထဲကပဲ အယ်လ်ဖာ၊
ဘီတာ၊ ဂါမာ၊ ဒယ်လ်တာ မျိုးကွဲ တွေများ များလိုက်တာ၊ အခု အိုမီခရွန်မျိုးကွဲအထိ
ပဲ။ အိုမီခရွန်ထဲမှာမှ BA-1, BA-2, BA-4, BA-5 ။ အခုနောက်ဆုံး BA-2 ထဲကနေပြီး
BA-2.75 ဆိုတဲ့ မျိုးကွဲ ဆင်တောရပ်စ်ဆိုတာ ပေါ်လာစေပြန်တယ်။ အခုနောက်ဆုံး မြန်မာပြည်မှာ
ပြည်တွင်းကူးစက်မှု ပုံစံနဲ့ တွေ့ရတဲ့ပိုးကတော့ BA-2.76 ဖြစ်နေတယ်။ ပိုးတွေပြိုင်ကြရင်း
လူတွေဒုက္ခရောက်နေတာ နေ့စဉ် ကမ္ဘာပေါ်မှာ ရောဂါကူးစက်မှု တစ်သန်းကနေ သုံးသန်းကျော်အထိ
ရှိနေပါတယ်။ ပိုးပိုးချင်း နှိမ်နင်း နိုင်မယ့် နည်းပညာတွေ တီထွင်နေကြပေမယ့် အချိန် အတော်ကြာ လိုလိမ့်ဦးမယ်။
လူနဲ့လူ
လူရယ်၊
ပိုးရယ် နှစ်ခုတွဲကို ထီထိုးသလို တွက်ကြည့်လိုက်ရင် လေးမျိုးတွေ့ရမယ်။ အခု ဆောင်းပါးမှာတော့
ကပ်ရောဂါကြီးအတွင်း လူနဲ့ လူတို့ ဘယ်လိုတွေ ဆက်စပ်နေကြသလဲဆိုတာကို လေ့လာမိသမျှ တင်ပြလိုပါတယ်။
(က) ကျန်းမာရေးကဏ္ဍ၊
(ခ) စီးပွားရေးကဏ္ဍ၊
(ဂ) နိုင်ငံရေးကဏ္ဍ၊
(ဃ) ပညာရေးကဏ္ဍ၊
(င) လူမှုဆက်ဆံရေးကဏ္ဍဆိုတဲ့
ကဏ္ဍငါးရပ် လောက်ကိုပဲ လွယ်လွယ်ကူကူ သုံးသပ်ဆင်ခြင်မိပါ တယ်။ အဲဒီအထဲမှာ တကယ်အရေးကြီးပြီး ကျယ်ပြန့် လှတဲ့ သဘာဝပတ်ဝန်းကျင်နဲ့
ဂေဟဗေဒစနစ် အကြောင်းတွေ၊ ကမ္ဘာ့ရာသီဥတု အရေးပေါ်အခြေ အနေနဲ့ ကပ်ရောဂါဆက်စပ်မှုတွေ မပါဝင်သေး
ပါဘူး။ ကပ်ရောဂါနဲ့ လောလောဆယ် မသေအောင် ကြိုးစားနေရတာနဲ့ လက်တစ်ကမ်းက (Climate
Crisis) ပြဿနာတွေကို မကိုင်တွယ်ရဲပါ။
(က)
ကျန်းမာရေးကဏ္ဍ
ကိုဗစ်-၁၉
ကပ်ရောဂါဆိုးကြီးဟာ တစ်ကမ္ဘာလုံးရဲ့ ကျန်းမာရေးမဏ္ဍိုင်ကို ရိုက်ချိုးဖျက်ဆီးပစ် လိုက်ပါပြီ။
ကျန်းမာရေးမှာ ဆရာတင်ရတဲ့ အင်္ဂလန်နိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ဟာလည်း
ယိုင်နဲ့သွားပါတယ်။ လူချမ်းသာတွေနေတဲ့ အမေရိကန်ပြည်ကြီးဟာလည်း ကမ္ဘာ့ထိပ်တန်း
ကပ်ရောဂါဖြစ်ပွားရာနိုင်ငံကြီးအဖြစ် ဗိုလ်စွဲနေပါ တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ တုံ့ပြန်နေတဲ့
ရှေ့တန်းတိုက်စစ်မှူးတွေထဲမှာ သူနာပြုတွေ (အားလုံးနီးပါး) ခြေကုန်လက်ပန်းကျရုံမက စိတ်လောင်ကျွမ်းမှု
(Burnt Out) ဖြစ်နေကြရပါတယ်။ အသက်ရှူရင်း နဲ့လည်း ကူးတယ်၊ စကားပြောရင်းနဲ့လည်း ကူးတယ်၊ ထိတွေ့ရင်းနဲ့လည်း
ကူးတယ်၊ လူချင်းထိတွေ့မှု မရှိဘဲနဲ့လည်း ဘယ်တုန်းက ဘယ်သူ့ထံ ဘယ်လို တင်ကျန်နေခဲ့မှန်းမသိတဲ့
ရောဂါပိုးတွေကို ကြားခံပစ္စည်းကနေတစ်ဆင့် ကူးတယ်၊
လက်ကို ပဲကြီးရေခွံလိုက်အောင် ဆေးနေရင်းနဲ့လည်း ကူးတယ်၊ သုံးပေ အကွာနေလည်း ကူးတယ်၊
ခြောက်ပေအကွာ နေလည်း ကူးတယ်၊ မတ်စ်တပ်ထားပေမယ့်လည်း ဘယ်တုန်းက ဘယ်လိုကူးမှန်းမသိ ကူးတယ်၊
ကာကွယ်ဆေးတွေ အကြိမ်ကြိမ် ထိုးထားပြီးလျက် သားနဲ့လည်း ကူးတယ်။ ကိုယ်တွေ့ပါ။
ဒါပေမဲ့
ကာကွယ်ဆေးတွေ အကြိမ်ကြိမ် ထိုးခဲ့လို့လည်းမသေဘဲ အခုလိုစာရေးနေနိုင်တာပါ။ ကိုဗစ်-၁၉
နဲ့ မသေချင်ရင်တော့ ကာကွယ်ဆေးတွေကို သေသေချာချာထိုးပါ။ ကုရာနတ္ထိဆေးမရှိသေးပါ။ ကိုဗစ်-၁၉
ကပ်ရောဂါကြောင့် မျက်နှာငယ် နေရတဲ့ ကျန်းမာရေးကဏ္ဍကို ထပ်ပြီး ထပ်ပြန် အလဲထိုးနေတဲ့
ပိုးပေါင်း သောင်းခြောက်ထောင်တွေကလည်း မညှာမတာဘဲ ပေါ်နေပြန်ပါတယ်။ ရောဂါဖြစ်ပြီး မသေရင်
ရှင်မယ်လို့ထင်ရတဲ့ ကိစ္စကလည်း မပြီးပြတ်ဘဲ နာတာရှည်ကိုဗစ် (Long Covid) ဆိုပြီး နှစ်နဲ့ချီ
နှိပ်စက်ခံရတဲ့ထဲမှာ ကလေးတွေ ရှေ့တန်း ကပါလာတာ စိုးရိမ်စရာဖြစ်လာပြန်ပါသေးတယ်။ ကမ္ဘာကြီးမှာ
ကပ်ရောဂါကြောင့် စိတ်မချမ်းသာကြ ရတဲ့ကြားထဲမှာ ချမ်းသာသွားကြသူတွေကတော့ ဆေးသည်တွေ၊
ဈေးသည်တွေပဲ ဖြစ်ပါတယ်။ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ၊ ဆေးမြီးတိုတွေ၊ အားဆေးတွေ၊ အားရှိပါတယ်ဆိုတဲ့ပစ္စည်းတွေ
ရောင်းချရင်း ခေတ်ပျက်သူဌေးတွေ ဖြစ်သွားကြတာ လည်း တွေ့ရပါတယ်။
(ခ)
စီးပွားရေးကဏ္ဍ
ဆေးသည်တွေ၊
ဈေးသည်တွေ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ခေတ်ပျက်သူဌေးဖြစ်သွားကြတယ် ဆိုတဲ့လူတွေက လူနည်းစုပါ။
ထိပ်တန်းကမ္ဘာ့စီးပွား ရေးကြီးကလည်း ချွတ်ခြုံကျလုဆဲဆဲမှာ ရှိပါတယ်။ ရောဂါမပြန့်ပွားအောင်
ပိတ်ဆို့မှု (Lock down) တွေလုပ်ရတယ်။ အိမ်မှာပဲနေဖို့ (Stay at Home) တွေလုပ်နေရတယ်။
စက်ရုံအလုပ်ရုံတွေကို ပိတ်ရ တယ်။ ခရီးသွားလာမှုတွေကို ရပ်ဆိုင်းပစ်ရတယ်။ လမ်းဘေး စားသောက်ဆိုင်လေးတွေတောင်
ထွက်ခွင့်မရတော့ဘူး။ Smokeless Industry လို့ ခေါ်တဲ့ မီးခိုးမထွက်စက်ရုံတွေလို့ တင်စားတဲ့
ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်သွားခဲ့ တယ်။ သတ္တိရှိရှိကြိုးစားပမ်းစားနဲ့
နာလန်ထူဖို့ လုပ်ကြပေမယ့်လည်း ကပ်ရောဂါရဲ့ ဒုတိယလှိုင်း၊ တတိယလှိုင်း၊ စတုတ္ထလှိုင်း၊
ပဉ္စမလှိုင်း၊ ဆဋ္ဌမလှိုင်း၊ (အခုဆိုရင် ဂျပန်ပြည်တွင် သတ္တမလှိုင်း) စတဲ့ လှိုင်းဒဏ်ကို
အဖန်ဖန်ခံစားနေရင်း သောကတွေ၊ ဒုက္ခတွေ၊ ဒေါမနဿတွေကို လွှမ်းခြုံပြီး ဖြစ်နေတဲ့ စီးပွားရေးကဏ္ဍကို
တွေ့နိုင်ပါတယ်။ ရေထဲမိုးထဲ ကပ်ရောဂါထဲကျမှ အရေးပါမှန်းသိလာရတဲ့ လူတွေ ထဲမှာ ရွှေ့ပြောင်းလုပ်သား(Migrant
Workers)တွေ က ရှေ့တန်းမှာရှိနေတယ်။ သူတို့ရဲ့ ကျန်းမာရေး ပြဿနာတွေသာမကတော့ဘဲ စီးပွားရေးပြဿနာ
တွေ၊ လူမှုရေးပြဿနာတွေ မျိုးစုံပေါ်လာတယ်။ သူတို့ကိုမှီခိုနေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက
အစ အိမ်ရှင်မတွေအဆုံး ပြဿနာတွေနဲ့ လုံးထွေး နေကြရပါတယ်။
စီးပွားရေးဆုတ်ကပ်ကြီးတစ်ခုဖြစ်လာမှာကို
စိုးရိမ်နေရတဲ့အထဲမှာ ဆေးဝါးထုတ်လုပ်ရေး၊ ကုန်သွယ်ရေး၊ ဖြန့်ချိရောင်းချရေးအထိ ကုန်ကြမ်းထုတ်တဲ့နိုင်ငံ၊
ကုန်ချောထုတ်တဲ့နိုင်ငံတွေရဲ့ အခက်အခဲတွေကိုပါ မျက်လုံးဒေါက်ထောက် ကြည့်နေကြရပါတယ်။
(ဂ)
နိုင်ငံရေးကဏ္ဍ
ကိုယ့်နိုင်ငံရဲ့
အမျိုးသားရေးအကျိုးစီးပွားနဲ့ ကမ္ဘာကြီးရဲ့အကျိုးစီးပွားကို ငဲ့ညှာထောက်ထားတဲ့ နိုင်ငံရေးကဏ္ဍက
ပုဂ္ဂိုလ်တွေကိုလည်း တွေ့ရတယ်။ ကပ်ရောဂါအပေါ်မှီပြီး နိုင်ငံရေးလုပ်စားတဲ့
(Politicize) လုပ်တဲ့ စားဖားကြီးတွေလည်း တွေ့ရ တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ထိရောက်စွာ
နှိမ်နင်းနိုင်မယ်လို့ အားကိုးထားတဲ့ ကမ္ဘာ့အဖွဲ့ အစည်းကြီးတွေဟာလည်း ရောဂါထိန်းချုပ်ဖို့တောင်
မလုပ်နိုင်ဘဲ နိုင်ငံရေးကစားကွက်တွေထဲမှာ တဝဲ လည်လည်ဖြစ်နေတာ အခုထိပါပဲ။ ဝူဟန်ကစတဲ့
ကူးစက်ရောဂါကို တရုတ်နိုင်ငံက အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ပေမယ့် ကပ်ရောဂါကြီးဖြစ်လာအောင်
ကမ္ဘာပြန့်သွားရတဲ့ကိစ္စမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ အများအပြားရှိခဲ့ပါတယ်။
ရောဂါဘယ်ကစလဲဆိုတာကို အငြင်းပွားလိုက်၊ တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုးလိုက်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့
(WHO) ဟာ ဘက်လိုက်တယ်လို့ စွပ်စွဲပြီး အမေရိကန်သမ္မတ ထရမ့်က အကူအညီဖြတ်တောက်ပြီး နုတ်ထွက်လိုက်၊ နောက်တက်လာတဲ့သမ္မတက
WHO ထဲပြန်ဝင် လိုက်၊ WHO ရဲ့ ခေါင်းဆောင်ပိုင်းကလည်း ယောင်ဝါး ယောင်ဝါးနဲ့
စကားတွေ၊ အကြံဉာဏ်တွေ ထုတ်နေရုံ ကလွဲပြီး အောက်ခြေမှာ အကောင်အထည်ပေါ်မှ ဖြစ်မယ့် ကပ်ရောဂါနှိမ်နင်းရေးအလုပ်တွေ
တကယ် ဖြစ်လာအောင် အာရုံမစိုက်နိုင်ခဲ့ရုံမက COVAX ဆိုတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ မျှမျှတတ ဖြန့်ဝေနိုင် ရေးအတွက် ထိထိရောက်ရောက်
မလုပ်နိုင်ခဲ့ဘူး။
အခုနောက်ဆုံး
ကျွန်းနိုင်ငံလေးဖြစ်တဲ့ မာရှယ် ကျွန်းစုမှာ နှစ်နှစ်ကျော်ကြာမှ ရောဂါပျံ့နှံ့လာတာ
တွေ့နေရပါတယ်။ တစ်ချိန်က (၂၀၂၀ ပြည့်နှစ်) က နာမည်ကောင်းရခဲ့တဲ့ တောင်ကိုရီးယား၊ ဗီယက်နမ်
နိုင်ငံတွေမှာမူ တစ်နေ့တစ်နေ့ သိန်းချီပြီး ရောဂါ ကူးစက်ခံလာရတာ တွေ့ရတယ်။ နယူးဇီလန်ကျွန်း
နိုင်ငံဟာဆိုရင်လည်း ကိုဗစ်-၁၉ ကပ်ရောဂါ မပြန့် ပွားအောင် ရွေးကောက်ပွဲကိုပါ ရွှေ့ဆိုင်းခဲ့သေးတယ်။
အဲဒီအချိန်မှာ အမေရိကန်နိုင်ငံက ထရမ့်ကို ထောက်ခံ
သူတွေဟာ လွှတ်တော်အဆောက်အအုံကိုပါ ဝင်ရောက်စီးနင်းခဲ့တယ်။ ကပ်ရောဂါရဲ့ နောက် ဆက်တွဲအဖြစ်နဲ့
ထိခိုက်ခံစားခဲ့ရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ရွှေ့ပြောင်းလုပ်သားတွေရဲ့ဒုက္ခကို ကာကွယ်စောင့်ရှောက်မယ့်
ကမ္ဘာ့အဖွဲ့အစည်းတွေ လည်း ငုတ်တုတ်မေ့နေကြပုံရတာ အခုအထိပါပဲ။
(ဃ)
ပညာရေးကဏ္ဍ
ကလေးတွေ၊
လူငယ်တွေနဲ့ ပညာရေးထိခိုက်မှုကိုတော့ သက်ဆိုင်ရာပညာရှင်တွေက သုတေသနပြု ဖော်ထုတ်နေကြတာ
တွေ့ရပါတယ်။ လိုရင်းကို ရေးရရင်တော့ ပညာရေး ခေတ်တစ်ခေတ် အထိခိုက် နောက်ကျသွားဖို့ ရှိပါ
တယ်။ ကပ်ရောဂါကြောင့် ကျောင်းတွေပိတ်လိုက် ရတာတော့ အများအသိပါပဲ။ ကျောင်းတွေ ပြန်ဖွင့်ဖို့
ကိစ္စမှာလည်း အခက်အခဲတွေအများကြီး ပေါ်ပေါက် ခဲ့တယ်။ လူနဲ့လူအချင်းချင်းဖြစ်ပေါ်ခဲ့တဲ့
ထိပ်တိုက် ရင်ဆိုင်မှုတွေ၊ ခေတ်နောက်ပြန်ဆွဲသွားပြီး သိပ္ပံပညာကို ကန့်ကွက်တဲ့ (Anti-science) အတွေးအခေါ်တွေ ရှေ့တန်းတင်လာတဲ့အုပ်စုကြီးတွေ၊
အသိပညာ တစ်ခုခုရလာတာကို အားကိုးနေရတဲ့ မီဒီယာကြီးငယ်
တွေထဲက သတင်းတုသတင်းမှားတွေ၊ လူတွေနဲ့ ပညာရေးကို အလွဲသုံးစားလုပ်ပြီး ကြီးပွားသွားကြတဲ့
သူတွေ များစွာရှိခဲ့တယ်။ အဲဒီအထဲမှာ ပညာရှင်တွေရဲ့
ကပ်ရောဂါအပေါ် သိနားလည်မှု အကန့်အသတ်ရှိပြီး အမြော်အမြင်မရှိတဲ့အတွက် ကလေးတွေကို ကာကွယ်ဆေးနဲ့
ကာကွယ်ခွင့် နှောင့်နှေးကာ ကိုဗစ်-၁၉ ကြောင့် ကလေးတွေမှာ ဦးနှောက်ထိခိုက် ပြီး နောက်ပိုင်း
ပညာရေးခက်ခဲမှုပြဿနာတွေ ပေါ်ပေါက်လာခဲ့တယ်။ ကျန်းမာရေးကြောင့်မကဘဲ နိုင်ငံရေး၊ စီးပွားရေးတွေကြောင့်
ပညာရေးမှာ အကြီးအကျယ် ထိခိုက်ခဲ့ရပါတယ်။
(င)
လူမှုရေးကဏ္ဍ
ရေထဲမိုးထဲ ကပ်ရောဂါကြီးထဲမှာ ကမ္ဘာ့လူ့အဖွဲ့ အစည်းကြီးဟာ
ဘယ်လိုအဖွဲ့အစည်းဆိုတာ ဘွားခနဲ ပေါ်လာတယ်။ “တစ်ကိုယ်ကောင်းဆန်တဲ့ လူ့အဖွဲ့အစည်း” အဖြစ်
ထင်ထင်ပေါ်လာပါတယ်။ စောင့်ရှောက်ရမယ့် လောကပါလ တရားတွေကို ဘေးချိတ်ပြီး “တစ်ယောက်အခက်၊
တစ်ယောက်အချက်”အဖြစ်နဲ့ အခွင့်ကောင်းတွေစောင့်ပြီး ရယူ အသုံးချ ကြီးပွားသွားကြတာကို
တွေ့နေရပါတယ်။ ရောဂါကို မတိုက်ခိုက်ဘဲ လူလူချင်း တိုက်ခိုက်ကြတာထက် ပိုဆိုးတာက ရောဂါကာကွယ်ရေး
လုပ်ပေးနေတဲ့လူတွေကို ဦးတည်ရန်ပြုလာတာကို တွေ့ရတာ ဝမ်းနည်းစရာပါပဲ။
ကိုဗစ်-၁၉
ရောဂါ တိုက်ဖျက်ရေးအခြေအနေနဲ့ ကမ္ဘာပေါ်မှာ ထင်ရှားလာခဲ့တဲ့ ဆရာဝန်ကြီး ဒေါက်တာဖိုချီ(Dr.Fauci)ကို
ဘယ်လိုဒုက္ခပေးသလဲ ဆိုတဲ့ သာဓကလေးကိုပဲ ဖော်ပြပါရစေ။ သူက အမေရိကန်သမ္မတအဆက်ဆက်နဲ့ နီးစပ်ပြီး
အကြံ ပေးနေတဲ့ပုဂ္ဂိုလ်ပါပဲ။ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သုံးသပ်ချက်တွေ၊
သတင်းမှန်တွေ ပေးခဲ့ပေမယ့် သူ့ရဲ့အနီးကပ်ပုဂ္ဂိုလ်ကြီးကလည်း နားမလည်၊ မယုံကြည်၊ ဆန့်ကျင်ဘက်တွေပြော၊
လူထုတွေထဲကလည်း နှာခေါင်းစည်းမတပ်ရေး၊ ကာကွယ်ဆေးမထိုးရေး၊ အိမ်ထဲမှာမနေရေး ဆန့်ကျင်ပွဲတွေ
ခြိမ့်ခြိမ့်သဲကျင်းပခဲ့ကြတယ်။ အဲဒီအထဲက လူတစ်ယောက်ကိုတော့ တရားစွဲပြီး ထောင်ဒဏ် ၃၇
လ ချမှတ်လိုက်ပါတယ်။
“ဒေါက်တာဖိုချီကို
လမ်းမပေါ်ဆွဲချ၊ သေအောင် ရိုက်သတ်ပြီးတော့ မီးရှို့ပစ်မယ်” လို့ ခြိမ်းခြောက်ခဲ့သူကို
အရေးယူခဲ့တယ်။ အဲဒီကိစ္စမှာ တရားဥပဒေဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးရဲ့မှတ်ချက်က စိတ်ဝင်စားစရာ
ကောင်းပါတယ်။
“Everyone
has the right to disagree but you do not have the right to threaten a Federal
Officers’ Life” “လူတိုင်းဟာ သဘောမတူပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုအစိုးရအရာရှိ
တစ်ယောက်ကို အသက်အန္တရာယ်ပေးဖို့ ခြိမ်းခြောက်ပိုင်ခွင့်မရှိဘူး” လို့ တိတိလင်းလင်းပြောကြားပြီး
တရားခံကို ထောင် ၃၇ လချရုံမကဘူး၊ သူပြန်ထွက်လာရင်လည်း နောက်ထပ် သုံးနှစ် ခြေချုပ်နဲ့ စောင့်ကြည့်နေမယ်လို့
ဆိုပါတယ်။
သမားအိုအနေနဲ့
အသက် (၁၀၀) မနေရပေမယ့် အမှုပေါင်း
ရာထောင်ကျူးလွန်နေကြတာ၊ လူလူချင်း လုပ်နေကြတဲ့ ပြဿနာပေါင်း သောင်းခြောက်ထောင် မကဘဲ
ကမ္ဘာ့လူဦးရေနဲ့အမျှ ကြုံလာရမယ့် ပြဿနာ တွေ မြင်နေရပါတယ်။ ။

No comments