လုပ်ကွက်ငယ်တောင်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးလာစေရေးအတွက် အကျိုးတူကန်ထရိုက်လယ်ယာစနစ် (Contract Farming)
ခန့်ဇော်
(ကျေးလက်)
မြန်မာနိုင်ငံတွင် အကျိုးတူလယ်ယာစနစ်ကို ယခင်ကတည်းက ဆောင်ရွက်ခဲ့သည်များ ရှိသလို လက်ရှိတွင်လည်း ဆောင်ရွက်နေဆဲဖြစ်ပါသည်။
သို့ရာတွင် အစိုးရ - ပုဂ္ဂလိက - တောင်သူများအကြား အချင်းချင်း ထိန်းကျောင်းလိုက်နာရမည့်လုပ်ငန်းစဉ်(Standard
Operating Procedure - SOP)များ စနစ်တကျ ချမှတ်ကျင့်သုံးမှုမရှိသဖြင့် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်
(Contract Farming - CF) တွင် ပြောပလောက်အောင် အားကောင်းလာသည်ကို မတွေ့ရပေ။ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်
လည်း အားပေးမှုနည်းသေးသည်ကို တွေ့ရပါသည်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အချို့သော သမဝါယမ အသင်းများက ၎င်းတို့၏အစီအစဉ်ဖြင့်
နှစ်စဉ် CF စနစ်ကို ဆောင်ရွက်နေကြပြီး စပါးဧက တစ်သိန်း ခန့်သာ ဆောင်ရွက်နိုင်ကြောင်း
လေ့လာသိရှိရပါ သည်။ စိုက်ပျိုးရေးဦးစီးဌာနမှ CF ဆောင်ရွက်မည့် လုပ်ငန်းစဉ်၊
Procedure သာ ရေးဆွဲပေးထားပြီး Contractorနှင့်
တောင်သူများဆောင်ရွက်သည့် Agreement သဘောတူညီချက်စာချုပ်ချုပ်ဆိုရာ တွင်လည်းကောင်း၊
ငွေကြေးထောက်ပံ့မှုအနေဖြင့် လည်းကောင်း ယခင်ကာလတွင် များစွာဆောင်ရွက် ပေးနိုင်မှုမရှိသေးသည်ကို
တွေ့ရပါသည်။
အကျိုးတူကန်ထရိုက်လယ်ယာစနစ်(Cont
- ract Farming - CF)ဆိုသည်မှာ မျိုးစေ့မှအစ
နည်း ပညာအပါအဝင် သွင်းအားစုများ ပံ့ပိုးပေး၍
စိုက်ပျိုး ထုတ်လုပ်စေပြီး ဈေးကွက်ရောက်သည်အထိ
ပုဂ္ဂလိကနှင့်တောင်သူများ သဘောတူညီချက်ရယူအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး
အစိုးရမှ လိုအပ်သော သွင်းအားစုအတွက် သက်သာသောနှုန်းဖြင့် ချေးငွေထုတ်ချေးခြင်းဖြင့်
အစိုးရ - ပုဂ္ဂလိက - တောင်သူ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းပင် ဖြစ်ပါသည်။
ငွေကျပ်
ဘီလီယံ ၂၃၀ ကို အတိုးနှုန်း တစ်ရာခိုင်နှုန်း
ယခု နိုင်ငံတော်အစိုးရက
ထောက်ပံ့ပေးမည့် Contract Farming (CF)မှာ နွေစပါး ၈ ဒသမ ၅ သိန်းဧက၊ ပဲတီစိမ်း ဧကငါးသိန်း
ဆောင်ရွက်ရန် ဖြစ်ပါသည်။ အဓိကမှာ တောင်သူများ လိုအပ် နေသည့် မျိုး၊ သွင်းအားစု၊ ဓာတ်မြေဩဇာအတွက်
နိုင်ငံတော်မှ နွေစပါးတစ်ဧကလျှင် ကျပ်နှစ်သိန်း နှုန်းဖြင့် ဘီလီယံ ၁၇၀၊ ပဲတီစိမ်း
တစ်ဧကလျှင် ကျပ် ၁ ဒသမ ၂ သိန်းနှုန်းဖြင့် ဘီလီယံ ၆၀ စုစုပေါင်း ငွေကျပ် ဘီလီယံ ၂၃၀
ကို အတိုးနှုန်း တစ်ရာခိုင်နှုန်း ဖြင့် ထုတ်ချေးမတည်ပေးခြင်းဖြစ်ပါသည်။ ဘယ်တုန်းကမျှ ယခုလို သက်သာသောအတိုးနှုန်း ဖြင့် ဆောင်ရွက်ပေးမှုမျိုး
မရှိခဲ့ပါ။
ယခုဆောင်ရွက်မည့်
Contract Farming (CF) Model ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက
အဓိကတာဝန်ယူဆောင်ရွက်မည် ဖြစ်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက လိုအပ်သည်များကို
ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက အနီးကပ်ကြီးကြပ်
ပံ့ပိုးပေးရမည်ဖြစ်ပါသည်။ ဒေသအလိုက်ရေရရှိရေး၊ မြေအခြေအနေနှင့် ယခင် ဆောင်ရွက်နိုင်မှုအခြေအနေ
အချက်အလက်များကို အခြေခံပြီး နွေစပါးနှင့် ဆောင်းပဲတီစိမ်း ဆောင်ရွက်နိုင်မည့်ဒေသများတွင်
တစ်ဆက်တစ်စပ်တည်း (သို့မဟုတ်) သင့်သလို ဆောင်ရွက်လိုသောတောင်သူများကို
စည်းရုံးပြီး သမဝါယမအသင်းများ ဖွဲ့စည်း ခြင်း၊ ဆောင်ရွက်လိုသည့် Contractor များကို
ဖိတ်ခေါ်ခြင်း၊ ဆောင်ရွက်မည့်နည်းလမ်း၊ Design ပုံစံ အတည်ပြုရေးဆွဲခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး
ဆောင်ရွက်မည့် Contractor များက ၎င်းတို့ ဆောင်ရွက်လိုသည့်ဒေသများနှင့် ဆောင်ရွက်မည့်
ဧက၊ ဆောင်ရွက်မည့်ပုံစံများကို ရေးဆွဲအဆိုပြု တင်ပြရမည်ဖြစ်ပါသည်။ စိုက်ပျိုးရေး၊ မွေးမြူ
ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဦးဆောင်ပြီး သမဝါယမနှင့်
ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အပါအဝင် ဌာနဆိုင်ရာများက စိစစ်ရွေးချယ်ပေးရမည် ဖြစ်ပါသည်။
မျိုး၊
သွင်းအားစုနှင့် ဓာတ်မြေဩဇာ ထောက်ပံ့
Contractor ၊ တောင်သူများနှင့်လည်း သွင်းအားစုအတွက်
မျိုးစေ့၊ ဓာတ်မြေဩဇာပေးအပ်မည့်ပုံစံ၊ နည်းပညာပေးမည့်ပုံစံ၊ စပါး/ ပဲ ထွက်ရှိလာပါက
ပြန်ရောင်းပေးရမည့်ပုံစံ စသည်တို့ကို ကြိုတင် ဆွေးနွေး သဘောတူညီချက်ရယူပြီး Contractor
များ၊ တောင်သူ၊ သက်ဆိုင်ရာဌာန (စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန)
သုံးဦး ပါဝင်လက်မှတ်ရေးထိုးသင့်ပါသည်။ ရန်ပုံငွေအနေ ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန(စီမံ/ဘဏ္ဍာ)မှ စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန စိုက်ပျိုးရေးဦးစီးဌာနသို့ ပေးအပ်မည်ဖြစ်ပြီး
စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် Contractor (Contract Farming ဆောင်ရွက်မည့် အစုအဖွဲ့များ၊
ဆန်စက်/ ဆီစက်လုပ်ငန်းရှင်များ)နှင့် စာချုပ် ချုပ်ဆို ဆောင်ရွက်သင့်ပါသည်။ ထို့နောက်
Contractorများအနေဖြင့် Supplier (သွင်းအားစု အရောင်းဆိုင်များ)တစ်ဆင့်ခံ၍ဖြစ်စေ၊ တောင်သူ
အစုအဖွဲ့/ သမဝါယမကုန်ထုတ်အသင်းများနှင့် တိုက်ရိုက်ဖြစ်စေ သဘောတူစာချုပ်ချုပ်ဆိုပြီး
မျိုး၊ သွင်းအားစုနှင့် ဓာတ်မြေဩဇာ ထောက်ပံ့ပေးရမည် ဖြစ်ကာ တောင်သူများက စပါး/ ပဲကို
စာချုပ်ပါ စည်းကမ်းသတ်မှတ်ဈေးနှုန်းနှင့် Contractorများကို ပြန်ရောင်းရမည် ဖြစ်ပါသည်။
ကြိတ်ခွဲထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်သို့
ရောင်းချရမည်ဖြစ်ကာ Contractor များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊
စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနသို့
ပြန်ဆပ်ရမည်ဖြစ်ပါသည်။
စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနက နည်းပညာနှင့် လိုအပ်သောစီမံခန့်ခွဲမှုများ
ကို Focal အနေဖြင့် တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး
ဌာနက သွင်းအားစုများ ထောက်ပံ့နိုင်ရေး ကူညီပေး ခြင်း၊ တောင်သူများအား သမဝါယမအသင်း အစုအဖွဲ့များ
ဖွဲ့စည်းပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန နှင့် သမဝါယမအသင်းများ စာချုပ်ချုပ်ဆိုဆောင်ရွက်
ရာတွင် စာချုပ်ပါကိစ္စရပ်များအား ကူညီကြီးကြပ် ပေးခြင်း၊ သမဝါယမဦးစီးဌာနနှင့် တိုက်ရိုက်စာချုပ်
ချုပ်ဆိုထားသော သမဝါယမအသင်းများ၏လုပ်ငန်း ဆောင်ရွက်မှုကို ကြီးကြပ်ခြင်း၊ စပါး/ ပဲ
ရောင်းဝယ်ရာတွင် ကြီးကြပ်ပေါင်းစပ်ပေးခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ယခုလိုလုပ်တော့
မည်သည့်အကျိုးကျေးဇူးများ ရမှာလဲဆိုလျှင်….
တောင်သူများက သက်သာသော အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် လိုအပ်သောမျိုးစေ့၊
သွင်းအားစု၊ မြေဩဇာရမည်ဖြစ်ပြီး နည်းပညာကို Contractor များနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ
ရရှိမည်ဖြစ်သလို ခိုင်မာသည့်ဈေးကွက်လည်း ရရှိမည်ဖြစ်ပါသည်။
Contractor များအနေဖြင့် CFဆောင်ရွက်ရန် သွင်းအားစုအတွက် နိုင်ငံတော်မှထောက်ပံ့သော
ငွေကို သီးနှံပေါ်ချိန် စပါး/ ပဲဝယ်ရန် မတည်ငွေ အဖြစ် ရရှိမည်ဖြစ်ပါသည်။ ၎င်းမတည်ငွေဖြင့်
စပါး/ ပဲ ကြိတ်ခွဲရောင်းချပြီး အကျိုးအမြတ် ပြန်လည်ရရှိမည်ဖြစ်ပါသည်။
နည်းပညာနှင့် သွင်းအားစုအသုံးပြုနိုင်ခြင်းကြောင့် သီးနှံအထွက်တိုးခြင်းမှ
ဝင်ငွေတိုးပွား လာစေရန် အထောက်အကူပြုမည်ဖြစ်ပါသည်။
Contract Farming ဧက ပိုမိုဆောင်ရွက်နိုင်သဖြင့် နွေစပါးနှင့် ပဲတီစိမ်းအထွက်နှုန်းတိုးပြီး
ဝင်ငွေ ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။
လိုအပ်သောအာမခံများ
ထားရှိရန်လို
ယခုလိုဆောင်ရွက်ရာတွင် ဖြစ်လာနိုင်ခြေရှိသည့်
Risk များကိုလည်း ထည့်သွင်းစဉ်းစားဆောင်ရွက် ရမည်ဖြစ်ပါသည်။ သဘာဝဂေဟရာသီဥတု ဖောက်ပြန်၍
ဆုံးရှုံးနိုင်ခြေ၊ အကြောင်းအမျိုးမျိုးကြောင့် ပြန်မဆပ်သည်များ စသည့် Risk များကို
ကြိုတင်စဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အစိုးရနှင့် Contractor များအကြား ချေးငွေပြန်ဆပ်ရာတွင်
သေချာမှုအတွက် လိုအပ်သောအာမခံများ ထားရှိရန်လိုအပ်ပါသည်။ Contractor နှင့် တောင်သူကြားတွင်လည်း
နှစ်ဖက်သဘောတူ၊ နှစ်ဖက် အကျိုးရှိမည့် Win - Win ဖြစ်မည့် သဘောတူညီချက်များကို တိုင်ပင်ဆွေးနွေး
ဖော်ထုတ်ရန်လိုပါသည်။
စပါး/
ပဲပေါ်ချိန် ဖြစ်ပေါ်လာမည့် ဈေးကွက် ကလည်း အရေးကြီးပါသည်။ လိုအပ်လျှင် Government
to Government (G - G) ချိတ်ဆက် မှုနှင့် ပြည်ပသို့တင်ပို့ရောင်းချပေးရမည့်(Export)ပမာဏကို
ညှိနှိုင်းရယူထားသည်များကို ကြိုတင် ပြင်ဆင်ထားသင့်ပါသည်။ ဈေးတက်လျှင် ဘယ်လို လုပ်မလဲ၊
ဈေးကျလျှင် ဘယ်လိုလုပ်မလဲဆိုသည်များ ကြိုတင်ပြင်ဆင်ထားရန် လိုပါသည်။ နှစ်ဖက် အကျိုးရှိမည့်
Contract Farming စာချုပ်များ ချုပ်သင့်ပါသည်။ စာချုပ်ပါအတိုင်း ဆောင်ရွက် နိုင်ရန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့်
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်(MRF)တို့က ကြီးကြပ်ညှိနှိုင်းဖြေရှင်း ပေးရမည်ဖြစ်ပါသည်။
စပါး/ ပဲ ပေါ်သည့်အချိန်သည် မိုးဦးကျကာလနှင့် ကြုံရမှာမို့ သီးနှံမပျက်စီးရေး အတွက်
Warehouse၊ အခြောက်ခံစက် စသည့် ရိတ်သိမ်းချိန်လွန်ကာလ(Post Harvest) လိုအပ် ချက်များကိုလည်း
ကြိုတင်စဉ်းစားပြင်ဆင်ထား သင့်ပါသည်။
ရာသီဥတုကြောင့်
ဆုံးရှုံးမှုအတွက် သီးနှံအာမခံ ထားမည့်အစီအစဉ်ကိုလည်း တောင်သူများ နားလည်အောင် ရှင်းပြရပါမည်။
ဘာကြောင့်လိုအပ် သည်၊ ဘယ်လိုလုပ်မည်၊ ဘယ်လိုအကျိုးရှိမည် စသည်ဖြင့် ပွင့်ပွင့်လင်းလင်း
သဘောတူညီမှု ယူထားသင့်ပါသည်။
မြန်မာနိုင်ငံကုန်သည်များနှင့်
စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်
(MRF)တို့ကလည်း ပုဂ္ဂလိက ကဏ္ဍမှဆောင်ရွက်မည့် ဆန်စက်/ ဆီစက်လုပ်ငန်း ရှင်များ၊ ဆန်/ ပဲ Exporter များကို စုစည်းပြီး ဒီအချိန် မှာ တတ်နိုင်သမျှစုစည်းဆောင်ရွက်ကြရန် ပြင်ဆင်ရပါမည်။ ဆောင်ရွက်စဉ်လည်း
ကြီးကြပ်ပေးရပါ မည်။ တာဝန်ယူ၊ တာဝန်ခံနိုင်အောင်လည်း ကြိုတင် ပြင်ဆင်စီမံရပါမည်။ ယခုဆောင်ရွက်မည့်
Model ကနေ သင်ခန်းစာယူပြီး ပိုကောင်းသည့်လုပ်ငန်းပုံစံ Model၊ Design များ ရေးဆွဲပြီး
နောင်ကာလများတွင် အစိုးရ - ပုဂ္ဂလိက - တောင်သူ ပူးပေါင်းဆောင်ရွက် နိုင်သည့်နည်းလမ်းများကို
ရှာဖွေဖော်ထုတ် အစဉ် ဆောင်ရွက်နေရမည်ဖြစ်ပါသည်။
ယခုလိုဆောင်ရွက်ရာတွင်
အောင်မြင်ရန်အတွက် မျိုးကောင်းမျိုးသန့် အပြည့်အဝရရှိရေးသည်လည်း လွန်စွာအရေးကြီးပါသည်။
အထွက်နှုန်း ကောင်းပြီး ဈေးကွက်ဝင်မျိုးဖြစ်ရန် လိုပါသည်။ ထို့ကြောင့် မျိုးရရှိရေးသည်
ပထမအရေးကြီးပါသည်။ နွေစပါး၊ ဆောင်းပဲဖြစ်၍ ရေရှိရေးသည်လည်း အလွန် အရေးကြီးပါသည်။
ဆည်ရေရသောဧရိယာများ၊ အခြားနည်းဖြင့် ရေရရှိနိုင်သောဒေသများ၊ ဖြစ်နိုင် ခြေရှိသော ဧရိယာများကို
ရွေးချယ်ဆောင်ရွက်ရန် လည်း အရေးကြီးပါသည်။ သွင်းအားစုအတွက်မှာ နိုင်ငံတော်ချေးငွေက ရမည်ဖြစ်၍ ထိုက်သင့် သလောက် အဆင်ပြေနိုင်ပါသည်။
သွင်းအားစု အမှန်သုံးစွဲရေးအတွက်တော့ Supplier များနှင့် ချိတ်ဆက်၍ တောင်သူစိတ်ကြိုက်ဖြစ်ပြီး
အရည်အသွေးပြည့်မီသည့် မြေဩဇာများရရှိရေးဆောင်ရွက်ရမည်ဖြစ်ပြီး အမှန်သုံးစွဲရေးကိုလည်း
ဌာနဆိုင်ရာများနှင့် Contractor များက ကြီးကြပ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
ဖြေရှင်းမည့်လုပ်ငန်းစဉ်၊
နည်းလမ်းများ
Contractor
များနှင့် တောင်သူများကြား သဘောတူစာချုပ်ချုပ်ဆိုရာတွင် စာချုပ်ပါအချက် အလက် သဘောတူညီမှု၊
Contractor ဘက်က ဆောင်ရွက်ရမည့်တာဝန်၊ တောင်သူဘက်က ဆောင်ရွက်ရမည့်တာဝန် စသည်ဖြင့် ရှင်းရှင်း
လင်းလင်း တောင်သူများသိရန်လိုပါသည်။ ဖြစ်နိုင် ခြေ Risk က သီးနှံပေါ်ချိန်တွင် ဈေးတက်ဈေးကောင်းလျှင်
တောင်သူက စာချုပ်ပါစည်းကမ်းအရ သတ်မှတ်နှုန်းနှင့် Contractor များကို ရောင်းရမည်ကို
မရောင်းချင်ဘဲ၊ မရောင်းဘဲ ပြင်ပတခြားပွဲစားကို ရောင်းသည်မျိုးဖြစ်နိုင်ပါသည်။ ဈေးနှုန်းကျပါကလည်း
တောင်သူရော ကုန်သည်ပါ ထိခိုက်နိုင်ပါသည်။ ထို့ကြောင့် ဈေးကျချိန်တွင် သိုလှောင်ထားခြင်း၊
ဈေးကွက်ဖော်ဆောင်ခြင်းများ ဆောင်ရွက် ထားသင့်ပါသည်။
ယင်းပြဿနာဖြစ်လာလျှင် ဖြေရှင်း ပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်
ဆည်မြောင်း ဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့က ပါဝင်ကြီးကြပ်ပေးရန်
လိုအပ်ပါသည်။ ဖြေရှင်းမည့်လုပ်ငန်းစဉ်၊ နည်းလမ်း များ ကြိုတင်စီမံချမှတ်ထားရှိသင့်ပါသည်။
တောင်သူတစ်ဦးချင်းနှင့်
ဆက်ဆံခြင်းထက် တောင်သူအစုအဖွဲ့များ၊ သမဝါယမအသင်းများ ဖွဲ့ပြီး အမှုဆောင်ကော်မတီဝင် တောင်သူခေါင်းဆောင် များမှတစ်ဆင့်
ချိတ်ဆက်ခြင်းများ ဆောင်ရွက်သင့်ပါသည်။ ထို့ကြောင့် အကျိုးတူကန်ထရိုက် လယ်ယာစနစ်(CF)ဆောင်ရွက်လိုသည့်
တောင်သူများကို အစုအဖွဲ့ (သို့မဟုတ်) တောင်သူသမဝါယမ အသင်းများ စုဖွဲ့ခြင်း၊ စည်းရုံးပညာပေးခြင်းများ
ပြုလုပ်ပေးရမည့်အခန်းကဏ္ဍသည် အလွန်အရေး ကြီးပါသည်။ ဥပမာ - ဆည်ရေလွှတ်ချိန်လောက်တွင်
တောင်သူတစ်ဦးချင်းကို မပြောနိုင်ပါက ကျေးရွာအလိုက် ကော်မတီများ၊ တာဝန်ရှိသူများကိုသာ
အကြောင်းကြားနိုင်မည်ဖြစ်ပါသည်။
စက်မှုလယ်ယာများမှာ
စုပေါင်းထွန်ယက်ခြင်း၊ တစ်ဆက်တစ်စပ်တည်း ထွန်ယက်ရန် စီမံခြင်း၊ ရိတ်သိမ်းချိန်တွင်လည်း
တစ်ဆက်တစ်စပ်တည်းရိတ်သိမ်းရန်စီမံခြင်းသည် ကုန်ကျစရိတ်သက်သာပြီး စီမံခန့်ခွဲမှုလွယ်ကူစေပါသည်။
ယင်းကဲ့သို့စီမံရန် အစုအဖွဲ့၊ အသင်းအဖွဲ့စနစ်ပုံစံ ဆောင်ရွက်မှသာ အောင်မြင်မည်ဖြစ်၍
အောက်ခြေအနိမ့်ဆုံးအဆင့် တောင်သူအစုအဖွဲ့၊ သမဝါယမအသင်းများ ဖွဲ့စည်း ပညာပေးဆောင်ရွက်ခြင်းသည်
အကျိုးတူ ကန်ထရိုက်လယ်ယာစနစ် (CF) အောင်မြင်ခြင်း အတွက်အဓိကအရေးကြီးကြောင်း သုံးသပ်ရပါသည်။
စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက်
ဆောင်ရွက်ရာတွင် လုပ်ကွက်ငယ်တောင်သူများ ရင်ဆိုင်နေရသည့်အ ခက်အခဲများကို သေချာစွာသိရှိ
နားလည်ပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါသည်။ လုပ်ကွက်ငယ်တောင်သူအများစုအနေဖြင့်
ငွေကြေးအရင်းအနှီး၊ ထုတ်လုပ်မှုနည်းပညာ၊ သတင်းအချက်အလက် လက်လှမ်းမီမှု အကန့်အသတ်၊ ထွက်ကုန်အရည်အသွေးပိုင်းဆိုင်ရာ
လိုအပ်ချက်၊ ဈေးကွက်အခွင့်အလမ်းရရှိနိုင်မှု၊ ဈေးကွက်မတည်ငြိမ်မှု စသည့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေကြရပါသည်။ Contract Farming ဆောင်ရွက်သည့်အခါ
ငွေကြေးစီးဆင်းမှုက တောင်သူများဆီ တိုက်ရိုက်ရောက်ရှိခြင်းမျိုး မဟုတ်ပေမယ့် လုပ်ငန်းရှင်(Contractor)များ၊
သွင်းအားစုအရောင်းဆိုင်များနှင့် သမဝါယမအသင်း အဖွဲ့များဆီ ငွေကြေးစီးဆင်းပြီး တောင်သူများက
လိုအပ်သည့်သွင်းအားစုများ ရရှိမည်ဖြစ်သည့် အတွက် လုပ်ကွက်ငယ်တောင်သူအများစု၏ လိုအပ်ချက်ဖြစ်သည့်
သွင်းအားစုများကို တိုက်ရိုက်ဖြေရှင်းပေးနိုင်ရန်၊ တည်ငြိမ်သည့်ဈေးကွက် ဖော်ဆောင်နိုင်ရန်အတွက်
အကျိုးတူကန်ထရိုက် လယ်ယာစနစ်ဟုခေါ်သည့် Contract Farming စနစ်ကို ကျယ်ကျယ်ပြန့်ပြန့်
ထိရောက် အောင်မြင်အောင် ဆောင်ရွက် နိုင်ရန် ကြိုးစားသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။
ယခုကဲ့သို့
နိုင်ငံ့စီးပွား မြင့်မားရေးနှင့် လုပ်ကွက်ငယ်တောင်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက်
ပြည်ပဈေးကွက်အလားအလာရှိသော ဆန်စပါးအတွက် ငွေကျပ်
၁၇၀ ဘီလီယံနှင့် ပဲတီစိမ်း အတွက် ငွေကျပ် ၆၀ ဘီလီယံ စုစုပေါင်း ကျပ် ၂၃၀ ဘီလီယံကို
အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် Contract Farming စနစ်တွင် သွင်းအားစုအတွက် နိုင်ငံတော်
ဘတ်ဂျက်ဖြင့် ပံ့ပိုးခြင်းမှာ ဘယ်တုန်းကမျှ မရှိခဲ့ပါ။ “လသာတုန်းဗိုင်းငင်”ဆိုသလို
အခွင့်သာတုန်းမှာ အစိုးရ - ပုဂ္ဂလိက - တောင်သူလယ်သမားပြည်သူများ စေတနာဖြင့် ကြိုးစားဆောင်ရွက်ကြရမည်
ဖြစ်ပါသည်။ သတိဉာဏ်ပညာဖြင့် စီမံဆောင်ရွက် သင့်သည်များကို စနစ်တကျ စီမံဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း
အကြံပြုတင်ပြလိုက်ရပါသည်။ ။

No comments