ပွင့်ဖြူမြို့နယ် တောင်မုန်းမြောင်းမကြီး လက်တံ (၂) သရက်အုပ်ကွင်းရှိ စိုက်ပျိုးမြေဧက ၅၀၀ အတွက် အကျိုးပြုမည့် ရေဆိုးထုတ်မြောင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်





ပွင့်ဖြူ ဩဂုတ် ၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေးနှင့် ဆည်မြောင်းဆိုင်ရာ သုတေသနလုပ်ငန်းစီမံကိန်း အစီအစဉ်ဖြင့် မဲဇလီဆည်ရေသောက်စနစ်ဖြစ်သည့် တောင်မုန်းမြောင်းမကြီး လက်တံ (၂) သရက်အုပ်ကွင်းရှိ စိုက်ပျိုးမြေ ဧက ၅၀၀ အကျိုးပြုမည့် ရေဆိုးထုတ်မြောင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံဝင်ငွေများ တိုးပွားစေပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေးနှင့် ဆည်မြောင်းဆိုင်ရာသုတေသန လုပ်ငန်းစီမံကိန်းကို ခွင့်ပြုရန်ပုံငွေ ကျပ် ၅၉၀ သန်းဖြင့် (၅) နှစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရကာ ယခု ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းမှ ခွင့်ပြုရန်ပုံငွေကျပ် ၁၁၅ သန်း အသုံးပြု၍ စီမံကိန်းလုပ်ငန်းတွင် ပါဝင်သော သုတေသနလုပ်ငန်းအတွက် ရေတိုင်းတာခြင်း၊ မိုးရေချိန်တိုင်းတာခြင်း၊ ရေငွေ့ပျံနှုန်း တိုင်းတာခြင်း၊ မြေအောက်ရေ အနိမ့်အမြင့် တိုင်းတာခြင်း၊ မြေဆီလွှဲနှင့် ရေအရည်အသွေး စစ်ဆေးခြင်းများ ဆောင်ရွက် ‌သွားမည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် တည်ဆောက်ရေးလုပ်ငန်းအနေဖြင့် မဲဇလီရေလွှဲဆည်မှ ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေ ဖြန့်ဝေပေးထားသော တောင်မုန်းမြောင်းမကြီး လက်တံ (၂) သရက်အုပ်ကွင်းရှိ စိုက်ပျိုးမြေဧက ၅၀၀ အကျိုးပြုမည့် ရေဆိုးထုတ်မြောင်းအား စက်ယန္တရားများဖြင့် တူးဖော်ဆောင်ရွက်လျက်ရှိပြီး မိုးလေဝသ တိုင်းတာရေးစခန်း တည်ဆောက်ခြင်းလုပ်ငန်းမှာ ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ရေသွင်းမြောင်းနှင့် ရေထုတ်မြောင်းများ ကောင်းမွန်စေရေး ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း၊ ရေပေးပြွန်များနှင့် ရေဆိုးထုတ်ပြွန်များ အဆင့်မြှင့်တင်ခြင်း၊ ရေတံခါးတပ်ဆင်ခြင်း၊ ရေသွင်းရေထုတ်စနစ်ရှိ အဆောက်အအုံများ ပြုပြင်ခြင်းနှင့် အသစ်တည်ဆောက်ခြင်း၊ ကုန်ထုတ်လမ်းများ ပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယခု အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ဒေသခံတောင်သူများကို တိုးတက်လာသော ခေတ်မီနည်းစနစ်များနှင့်အညီ စိုက်ပျိုးရေ စနစ်တကျ ဖြန့်ဝေပေးသွားနိုင်မည့်အပြင် ရေဆိုးထုတ်များ တူးဖော်ပေးခြင်းကြောင့် သီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်မှု ဘေးအန္တရာယ်မှ ကင်းဝေးစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင်ထံမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )


No comments

Powered by Blogger.