မြိတ်မြို့နယ် ဝန်ဖို့ကျေးရွာတွင် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း ( Smart Village ) ဆောင်ရွက်သွားမည်
မြိတ် ဩဂုတ် ၃
မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းစေရန် မျှော်မှန်း၍ လူနေမှုအဆင့်အတန်း မြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းကာ အစိမ်းရောင်ဖွံ့ဖြိုးမှု ဖြစ်စဉ်ကို အားပေးသည့် ခေတ်မီ စံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (SMART Village)ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ဝန်ဖို့ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း ဆောင်ရွက်မည့် ဝန်ဖို့ကျေးရွာသည် အိမ်ခြေ (၂၀၀) ကျော်၊ လူဦးရေ (၁၀၀၀) ကျော်ရှိသည့် ကျေးရွာဖြစ်ပြီး ကျေးရွာသူ/သားများမှ လယ်ယာ/ဉယျာဉ်နှင့် တောင်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် အရောင်းအဝယ်လုပ်ငန်းများ လုပ်ကိုင်ကြကြောင်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း ဆောင်ရွက်ရန် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုတွေ့ဆုံပွဲကို အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။
ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းသည် ကျေးရွာအခြေခံအဆောက်အဦများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ သွင်းအားစုငွေကြေး ဝန်ဆောင်မှု နှင့် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန်၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော နေချင်စဖွယ် စံပြကျေးရွာများဖြစ်ပေါ်လာစေရန် ၊ ကျေးရွာသူ/ သားများနှင့် ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုကိုဖော်ဆောင်ရန် ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ စီမံကိန်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ စတင်ပြီးတော့ သက်ဆိုင်ရာ ဌာနများစုပေါင်းပြီး (၂) နှစ်အတွင်းမှာ အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ မြစိမ်းရောင်၊ Cash for work တို့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းတွေကို ဒီနှစ်မှာ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျန်တဲ့ ကုန်ထုတ်လမ်းနဲ့ ရေပေးဝေရေး လုပ်ငန်းတွေကို လာမယ့်နှစ်မှာ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျေးရွာ လိုအပ်ချက်တွေကို ဖော်ထုတ်ပြီး ကျွန်တော်တို့ ဌာနမှ ဆောင်ရွက်ပေးနိုင်တာတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ထို့အတူ သက်ဆိုင်ရာဌာနများမှလည်း ကဏ္ဍအလိုက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ် ”ဟု ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦး က ပြောသည်။
လူထုတွေ့ဆုံပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးရဲခေါင်က smart village ထူထောင်ခြင်း၏ ရည်ရွယ်ချက်များ၊ ကျေးရွာသူ/သားများ စိတ်အားထက်သန်မှု ပူးပေါင်း ပါဝင်မှုသည် အရေးကြီးကြောင်း၊ ကျေးရွာမှလိုအပ်သည့် လုပ်ငန်းများအား တင်ပြကြရန်နှင့် တက်ရောက်လာသည့် သက်ဆိုင်ရာဌာနများမှလည်း လိုအပ်သည့် လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် လျာထားပေးရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဦးသောင်းအေး က အမှာစကားပြောကြား၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦး က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထိုနောက် တက်ရောက်လာကြသူများက သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများ က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ကျေးရွာအခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးလုပ်ငန်းများအဖြစ် ကျေးရွာချင်းဆက်လမ်းများနှင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ကျေးရွာကုန်ထုတ်လမ်း/ တံတားများဖောက်လုပ်ခြင်း၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် အိမ်သွယ်ရေတိုင်စနစ် ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေ ရရှိရေး အတွက် ဆည်မြောင်းတမံများ ပြုပြင်မွမ်းမံခြင်း၊ ယင်လုံအိမ်သာ သုံးစွဲမှုမြှင့်တင်ခြင်း၊ ကျေးရွာလျှပ်စစ်မီး ရရှိရေးဆောင်ရွက်ခြင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်းများ ပြုပြင်မွမ်းမံခြင်း၊ အသိပညာပေးစင်တာ (Community Center)၊ ကျေးလက်ဈေး၊ ကျေးရွာအားကစားကွင်း (အပန်းဖြေနေရာ) တည်ဆောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ရိတ်သိမ်းချိန်လွန် နည်းပညာဆိုင်ရာ အထောက်အပံ့ (သိုလှောင်ရုံ) များ ဆောက်လုပ်ခြင်း၊ ဒီဂျစ်တယ်အခြေခံ အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စနစ်ကျလယ်ယာမြေ ဖော်ထုတ်ခြင်း၊ ခေတ်မီမွေးမြူရေးခြံများ တည်ဆောက်ပေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအဖြစ် ကျေးရွာမတည်ရန်ပုံငွေ (မြစိမ်းရောင်) ထူထောင်ပေးခြင်း၊ အသေးစားငွေရေးကြေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သွင်းအားစုများ ထောက်ပံ့ခြင်း၊ ကုန်ထုတ်လုပ်မှုဆိုင်ရာ စက်ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း၊ Mobile payment နှင့် Digtal Payment စနစ်များ ဖွံ့ဖြိုးလာစေခြင်း၊ ငွေကြေးဝန်ဆောင်မှု ထောက်ပံ့ကူညီခြင်း လုပ်ငန်းများကို ကျေးရွာလူထု၏ အမှန်တကယ် လိုအပ်ချက်များအပေါ်မူတည်၍ သက်ဆိုင်ရာ ဌာနများမှ ဆောင်ရွက်သွားမည်ဖြစ်ကာ စီမံကိန်းကာလ (၂) နှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )
No comments