အုတ်တွင်းမြို့နယ်၌ ပင်မကုန်စိမ် ဈေးသစ်ကြီးဖွင့်လှစ်

 



အုတ်တွင်း ဩဂုတ် ၁၉


ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေနှင့် အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ရန်ပုံငွေများဖြင့် တည်ဆောက်ဖွင့်လှစ်လိုက်သည့် အုတ်တွင်းမြို့နယ် မြင်းစု-ထန်းတပင်သွား ကားလမ်းဘေးရှိ ခပေါင်းကျောင်းရှစ်ဆယ်ဈေးသစ်ကြီးကို ဩဂုတ် ၁၉ ရက်တွင် ဖွင့်လှစ်လိုက်ပြီဖြစ်သည်။


အဆိုပါ ဈေးသစ်ကြီးသည် ၁ ဒသမ ၅ ဧက ကျယ်ဝန်းပြီး ဈေးရုံကြီး ငါးရုံပါဝင်ကာ သားငါးရုံ တစ်ရုံပါရှိသည်။ တစ်ရုံလျှင် ဆိုင်ခန်း ၁၆ ခန်းနှင့် ပျံကျဈေးနှင့်ရေတွက်ပါက အခန်းပေါင်း ၁၆၀ ကျော်ပါရှိသည်။ ဈေးရုံကြီးငါးရုံ၏ တစ်ခန်းအကျယ်မှာ ရှစ်ပေ ပတ်လည်နှင့် ပျံကျဈေးတစ်ခန်းအကျယ် အလျား ခြောက်ပေ၊ အနံ ခုနစ်ပေရှိသည်။ ဆိုင်ခန်းခ ပေးဆောင်ရန်မလိုဘဲ နေ့ချင်းဈေးခွန် အနည်းငယ်ပေးဆောင်ခြင်းဖြင့်သာ ရောင်းချနိုင်သဖြင့် ရောင်းချသူများအတွက် ပိုမိုအဆင်ပြေစေသည်။ ဈေးဆိုင်ခန်းများကို မဲစနစ်ဖြင့် အခမဲ့နေရာချပေးထားသောကြောင့် ရောင်းချသူများ ကုန်ကျစရိတ် သက်သာသည့်အတွက် ဈေးနှုန်းချိုသာစွာ ပြန်လည်ရောင်းချနိုင်သည်။ 


ခပေါင်းကျောင်းရှစ်ဆယ်ဈေးသစ်ကြီးကို ၂၀၁၉-၂၀၂၀ တွင် ပထမအကြိမ်၊၂၀၂၀-၂၀၂၁ တွင် ဒုတိယအကြိမ်၊၂၀၂၁-၂၀၂၂ တွင် တတိယအကြိမ်အဖြစ် သုံးကြိမ် ဘတ်ဂျက် ရေးဆွဲပြီး ငွေကျပ် ၉၄၃၉၃၀၀၀ အကုန်အကျခံ တည်ဆောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


အေမင်းရည်စော(ပြန်/ဆက်)

No comments

Powered by Blogger.