မြန်မာ-ရုရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကျင်းပ
နေပြည်တော် ဩဂုတ် ၃
မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးစဉ် အဖြစ် လာရောက်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sergey Lavrov သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက နေပြည်တော် လေဆိပ်၌ ကြိုဆိုကြသည်။
အဆိုပါ အလုပ်သဘောခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sergey Lavrov သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးသန့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် နိုင်ငံတကာမျက်နှာစာတွင် အပြန်အလှန် ယုံကြည်နားလည်မှုများကို အခြေခံလျက်ဆက်လက်၍ ပူးပေါင်း ဆောင်ရွက်သွားရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ယင်းနောက် မြန်မာ-ရုရှားနှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့က ဦးဆောင်ကျင်းပရာ နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ မိတ်ဆွေရင်းချာနိုင်ငံဖြစ်သည့် ရုရှားနိုင်ငံအနေဖြင့် မြန်မာအရေးနှင့်ပတ်သက်၍ နှစ်နိုင်ငံချင်းသာမက နိုင်ငံတကာမျက်နှာစာတွင် အစဉ်တစိုက် ပံ့ပိုးကူညီမှုများ အတွက် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာအစိုးရ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ၌ အထောက်အကူပြုနိုင်ရန် ၂၀၂၂ ခုနှစ် ဇန်နဝါရီလအတွင်းက ကိုဗစ်-၁၉ ကာကွယ်ဆေး လှူဒါန်းခဲ့မှုများ နှင့် ယခုခရီးစဉ်အတွင်း မျောက်ကျောက်ရောဂါစစ်ဆေးသည့် Test Kits လှူဒါန်းမှုများအတွက်လည်း ကျေးဇူးတင်ရှိ ကြောင်း ပြောကြားသည်။
ထို့ပြင် ဆွေးနွေးပွဲ၌ နှစ်နိုင်ငံနိုင်ငံခြား ရေးဝန်ကြီးများက မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ၊ အထူးသဖြင့် နှစ်ဖက်အစိုးရ အဖွဲ့အစည်းများ၊ တပ်မတော်များနှင့် ပြည်သူများအကြား ဆက်ဆံရေးတိုးမြှင့်ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသည့် အာဆီယံ၊ အာရှ−ဥရောပဆွေးနွေးပွဲ (အေဆမ်)၊ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU)နှင့်ကုလသမဂ္ဂတို့တွင် ဆက်လက် ၍ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်ပတ်သက်၍ ဆွေးနွေးကြပြီး သက်ဆိုင်ရာနိုင်ငံများ၏ ဖြစ်ပေါ်တိုးတက် မှုအခြေအနေများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာအကျိုးတူ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
ဆွေးနွေးပွဲအပြီးတွင် မြန်မာ−ရုရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးပွဲအစီအစဉ် (၂၀၂၂-၂၀၂၄)ကို ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် ရုရှားနိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Sergey Lavrov တို့က လက်မှတ်ရေးထိုး လဲလှယ်ကြသည်။
အဆိုပါ အစီအစဉ်သည် မြန်မာနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား နှစ်နိုင်ငံ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ ရွှေနန်းတော်ဟိုတယ်၌ အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။
ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sergey Lavrov သည် နေပြည်တော်မှ ပြန်လည်ထွက်ခွာရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
သတင်းစဉ်
No comments