မော်ဒယ်နိမ့်ဖုန်းများအတွက် Android 13 Go Edition ကို Google က စတင်မိတ်ဆက်
ရန်ကုန် အောက်တိုဘာ
၂၄
မော်ဒယ်နိမ့်နေသဖြင့်
အန်းဒရွိုက် ၁၃ ကို သုံးရန် မဖြစ်နိုင်သောဖုန်းအချို့အတွက် အဆင်ပြေစေမည့် ဟာ့ဒ်ဝဲ လိုအပ်ချက်နည်းပါးသော
အန်းဒရွိုက် ၁၃ Go Edition ကို Google က အောက်တိုဘာ ၂၁ ရက်တွင် စတင်မိတ်ဆက်ပေးခဲ့ပြီး
အဆိုပါ Go Edition သည် အန်းဒရွိုက် ၁၃ တွင်သာ ရရှိသော လုပ်ဆောင်ချက်အများအပြားကို အသုံးပြုနိုင်မည်
ဖြစ်ကြောင်း သိရသည်။
အန်းဒရွိုက် ၁၃ Go Edition သည် ဟာ့ဒ်ဝဲလိုအပ်ချက်အနေဖြင့် RAM
2GB နှင့် အင်တာနယ် မင်မိုရီ 16GB သာ လိုအပ်မည်ဖြစ်သည်။ အန်းဒရွိုက် ၁၃ ကဲ့သို့ Material
You လုပ်ဆောင်ချက်၊ အက်ပ် တစ်ခုချင်း ဘာသာစကား ထိန်းချုပ်မှု၊ Notification
permissions နှင့် Discover homescreen လုပ်ဆောင်ချက်အပါအဝင် အန်းဒရွိုက် ၁၃ ၏ လုပ်ဆောင်ချက်များစွာကို
အသုံးပြုနိုင်မည်ဖြစ်သည်။
Google သည် မော်ဒယ်နိမ့် အန်းဒရွိုက်ဖုန်းများအတွက် အပ်ဒိတ်များရရှိစေရန်
ပေါ့ပါးသော အန်းဒရွိုက်ဗားရှင်း တစ်ခုအဖြစ် Go Edition များကို ၂၀၁၇ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပြီး
အန်းဒရွိုက်ဗားရှင်းများ အသစ်ထွက်သည်နှင့်အမျှ Go Edition တွင်လည်း ဗားရှင်းအသစ်များကို
အပ်ဒိတ်လုပ်ပေးခဲ့သည်။
အန်းဒရွိုက်ဗားရှင်းအသစ်များကို မော်ဒယ်နိမ့် သောဖုန်းများတွင်သုံးနိုင်ရန်အတွက်
Go Edition သည် အန်းဒရွိုက် စက်လည်ပတ်မှုစနစ်တစ်ခုလုံးကို အပ်ဒိတ်လုပ်ခြင်းမပြုဘဲ မူလစက်လည်ပတ်မှုစနစ်
တွင် ဝန်ဆောင်မှုအသစ်များနှင့် ပြင်ဆင်မှုအသစ်များကို ထပ်ပေါင်း ထည့်ပေးသည့်ပုံစံဖြင့်
ပြုလုပ်ထားသောကြောင့် ယခင်က ထွက်ခဲ့သော အန်းဒရွိုက် ၁၂ Go Edition အထိကို အနိမ့်ဆုံး
RAM ပမာဏ 1GB နှင့် အနိမ့်ဆုံး အင်တာနယ်မင်မိုရီ 4GB ရှိလျှင် ပင် အသုံးပြုနိုင်ခဲ့သည်။
ယခုအသစ်ထွက်လာသည့် အန်းဒရွိုက် ၁၃ Go Edition တွင်မူ RAM နှင့် အင်တာနယ်မင်မိုရီ လိုအပ်ချက်ကို
တိုးမြှင့်ခဲ့ပြီး အနိမ့်ဆုံး RAM 2GB နှင့် အင်တာနယ်မင်မိုရီ 16GB အထိရှိရန် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ကိုးကား - Androidauthority.com
ကိုစိုး

No comments