ဧရာသားတို့၏ အားမာန် မိုးစပါးရိတ်သိမ်းအပြီး ဆောင်းနေကြာစိုက်ပျိုးကြမည်
မော်ကျွန်း - မြင့်အောင်
မြန်မာနိုင်ငံသည် ဆန်စပါး အဓိကစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ တောင်သူများ
စိုက်ပျိုးထုတ်လုပ်သော လယ်ယာကဏ္ဍ ထုတ်ကုန်များ တိုးတက်မြင့်မားလာသည်နှင့်အမျှ နိုင်ငံတော်၏
စီးပွားရေးသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ရာ လယ်ယာကဏ္ဍထုတ်ကုန်များ တိုးတက်မြင့်မားလာရေးအတွက်လည်း
ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ကြိုးပမ်းလျက် ရှိနေသည်။
နိုင်ငံ့စပါးကျီ တိုင်းဧရာဝတီတွင် ယခုအောက်တိုဘာလဆန်းရက်များအတွင်း
အချို့မြို့နယ်များ၌ စပါးများ စတင်ရိတ်သိမ်းလျက် ရှိပြီး အချို့မြို့နယ်များ၌ စပါးနို့ရည်ခဲအဆင့်နှင့်
စပါးပန်းပွင့်ချိန်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းရက်များတွင် စပါးများ လှိုင်လှိုင်ရိတ်သိမ်းကြရတော့မည်ဖြစ်သည်။
စာရေးသူမှာ စပါးအောင်မြေဒေသများဖြစ်သော ဓနုဖြူမြို့နယ်နှင့် ဇလွန်မြို့နယ်များဆီသို့
မရောက်ရှိသည်မှာ ငါးနှစ်ကျော် ရှိပြီဖြစ်သည်။ သွားလိုသောဆန္ဒရှိသော်လည်း အခွင့်မသာသဖြင့်
မရောက်ဖြစ်ခဲ့ရာမှ အောက်တိုဘာ ၅ ရက်က ဇလွန်မြို့သို့ သွားရောက်ရန် သူငယ်ချင်းက ဖိတ်ခေါ်သဖြင့်
သူငယ်ချင်း၏ အိမ်စီးကားလေးဖြင့် လိုက်ပါခွင့်ရခဲ့သည်။ ဓနုဖြူမြို့အဝင် ကားလမ်းဝဲယာတစ်လျှောက်
မိုးစပါးစိုက်ခင်းများမှာ တစ်မျှော်တစ်ခေါ်ပင်။
မြစိမ်း ရောင်အသွင်မှ ရွှေဝါရောင်အသွင်သို့ ကူးပြောင်းစ ပြုနေသည်။ မိုးစပါးများမှာ
နို့ရည်ခဲ (စပါးနှံတည်) အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သီးခိုင်ဖွံ့ဖြိုး နေကြသည်။ အောင်မြင်ရှင်သန်နေကြသည်။ အားရစရာ ကောင်းလှပါဘိ။
နန်းတော်ကုန်း စံပြစိုက်ကွင်း
ဓနုဖြူမြို့နယ် နန်းတော်ကုန်း စံပြစိုက်ကွင်း၌ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး
ဦးချစ်ဝင်းနိုင်နှင့် စံပြတောင်သူများ၊ နန်းတော်ကုန်းနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ
တောင်သူများက စာရေးသူတို့အဖွဲ့ ကို ဆီးကြိုနှုတ်ဆက်နေကြသည်။ နန်းတော်ကုန်း မိုးစပါး
ဧက ၁၀၀၊ တင်း ၁၀၀ စံပြကွက်တွင် အောင်သီးအောင်နှံ စပါးနှံတို့ သီးခိုင်ဖွံ့ဖြိုး အလှတိုး
နေကြသည်။ စံပြကွက်အတွင်း စိုက်ပျိုးထားသော မှော်ဘီ (၃) မိုးစပါးများမှာ သိပ္ပံနည်းကျ
အထွက်တိုး နည်းစနစ်များနှင့်အညီ အတန်းလိုက် အကွက်ဖော် စိုက်ပျိုးထားကြသည်ကို တွေ့ရသည်။ နန်းတော်ကုန်း မိုးစပါးဧက ၁၀၀၊ တင်း
၁၀၀ စံပြစိုက်ကွင်းမှာ ရိတ်သိမ်းချိန်တွင် သတ်မှတ်ချက်ထက် ပိုမိုပြီး စပါးတင်း ၁၂၀
အနည်းဆုံးထွက်ရှိမည် ဖြစ်သည်။
ဆောင်းနေကြာစိုက်ပျိုးရေး ကြိုတင်ပြင်ဆင်
ဓနုဖြူတစ်မြို့နယ်လုံး၌ မိုးစပါး စိုက်ပျိုးဧက ပေါင်း ၉၈၉၈၈ ဧက စိုက်ပျိုးထားရာ
တစ်မြို့နယ်လုံး တစ်ဧက ပျမ်းမျှအထွက်နှုန်း ၇၈ ဒသမ ၂၂ တင်း ထွက်ရှိမည် ဖြစ်သည်။ မကြာမီကာလအတွင်း
ဓနုဖြူမြို့နယ်၌ မိုးစပါးများ လှိုင်လှိုင်ရိတ်သိမ်းကြတော့မည်ဖြစ်သည်။ အောက်တိုဘာ ၃
ရက်အထိ ဓနုဖြူမြို့နယ်၌ မိုးစပါးရိတ်သိမ်းပြီး ဧက ၂၀၀ ကျော် ရှိသွားပြီဖြစ်သည်။ မိုးစပါးများ
ရိတ်သိမ်း အပြီးတွင် ဆီထွက်သီးနှံ ဆောင်းနေကြာကိုလည်း တစ်မြို့နယ်လုံး ဧကပေါင်း ၂၅၄၂၄
ဧက၌ နေကြာစိုက်တောင်သူများက အားမာန်အပြည့်ဖြင့် စိုက်ပျိုးသွားကြမည် ဖြစ်သည်။ ဆောင်းနေကြာ
စိုက်ပျိုးရေး ကြိုတင်ပြင်ဆင်လျက် ရှိနေကြသည်။
၁၀ ဆတိုး စိုက်ပျိုးကြမည်
ယခုနှစ်တွင် ဓနုဖြူမြို့နယ်၌ ဆောင်းနေကြာကို သီးသန့် ၇၅ ရာခိုင်နှုန်းနှင့်
မတ်ပဲသီးညှပ် ၂၅ ရာခိုင်နှုန်း စိုက်ပျိုးမည်ဖြစ်သည်။ ဆောင်းနေကြာကို နေကြာစိုက်တောင်သူတို့
လိုလိုလားလား စိုက်ပျိုးလိုကြသည်။ အဘယ့်ကြောင့်ဆိုသော် နေကြာသည် စိုက်ပျိုးစရိတ်သက်သာသည်။
ဆီထွက်နှုန်း ကောင်းမွန်သည်။ တောင်သူအကျိုးပြု သီးနှံဖြစ်သည်။ ယခင်နှစ်က ဓနုဖြူမြို့နယ်၌
ဆောင်းနေကြာ ဧက ၂၅၀၀ သာ စိုက်ပျိုးခဲ့ကြသည်။ ယခုနှစ်တွင် ၁၀ ဆတိုး စိုက်ပျိုးကြမည်ဖြစ်သည်။
အားရစရာကောင်းလှပါပေသည်။
ဓနုဖြူမြို့နယ်၌ မိုးစပါးများကို ရိတ်သိမ်း ခြွေလှေ့စက်များအသုံးပြု၍
ရိတ်သိမ်းခြွေလှေ့နေကြသည်ကို တွေ့ရသည်။ စက်စွမ်းအားဖြင့် ဆောင်ရွက် သဖြင့် အချိန်ကုန်သက်သာ၊
လူသက်သာ၊ လုပ်ငန်း တွင်ကျယ်လှသည်။ သီးနှံမျိုးစုံတို့ကို အချိန်ကိုက် ရာသီချိန်အမီ
စိုက်ပျိုးနိုင်ကြသည်။ ယခင်က အသုံးပြုသော မိရိုးဖလာ ကျွဲ၊ နွားများနေရာတွင် လယ်ယာသုံး
စက်ကိရိယာများက အစားထိုးနေရာ ယူလာကြပြီ ဖြစ်သည်။
မယ်ရီလန်း ဧက ၁၄၀ အထူးအထွက်တိုး စံပြကွက်
စာရေးသူတို့အဖွဲ့ နံနက် ၉ နာရီခွဲခန့်တွင် ဓနုဖြူမြို့နယ်မှ ဇလွန်မြို့နယ်ဆီသို့
ခရီးဆက်ခဲ့သည်။ ဓနုဖြူမှ ဇလွန်ခရီးမှာ မဝေးလှပါ။ မိနစ် ၄၀ ခန့် ခရီးမျှသာဖြစ်သည်။ ဇလွန်မြို့နယ်
မယ်ရီလန်း ဧက ၁၄၀ အထူးအထွက်တိုး စံပြကွက်သည် နာမည်လှသလို စိုက်ပျိုးထားသော မိုးစပါးစံပြကွက်
ကလည်း လှနေပါသည်။ အထူးအထွက်တိုး နည်းစနစ်များနှင့်အညီ အတန်းလိုက်ကောက်ကွက် ဖော်စိုက်ပျိုးထားရာ
မြစိမ်းရောင်မိုးစပါးအသွင်မှ ရွှေဝါရောင်စပါးနှံအသွင်သို့
ကူးပြောင်းစပြုနေသည်။ စပါးပန်းပွင့်ချိန်ဖြစ်သည်။ စံပြကွက် တစ်ခုလုံး သီးခိုင်ဝေဆာနေကြသည်။
ဆောင်းနေကြာစိုက်ပျိုးရန် ဆန္ဒပြင်းပြ
ထို့နောက် ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်ကျော်စိုးက
ဇလွန်မြို့နယ်မှ စံပြတောင်သူ ငါးဦးနှင့် စာရေးသူကို မိတ်ဆက်ပေး၍ စံပြတောင်သူများနှင့်
လယ်ယာစိုက်ပျိုးထုတ်လုပ်မှု အတွေ့အကြုံ၊ စပါးအထွက်တိုးနည်းပညာနှင့် မကြာမီစိုက်ပျိုးမည့်
ဆောင်းနေကြာ စိုက်ပျိုးမည့်လုပ်ငန်းများအပေါ် သူ့အမြင်ကိုယ့်အမြင် ဆွေးနွေးကြသည်။ ဇလွန်မြို့နယ်မှ
နေကြာစိုက်တောင်သူများမှာလည်း ဆောင်းနေကြောကို အားသွန်ခွန်စိုက် စိုက်ပျိုးရန် အားသန်နေကြသည်။
ဆန္ဒပြင်းပြနေကြသည်။
ဇလွန်မြို့နယ်သည် ဓနုဖြူမြို့နယ်ထက် မိုးစပါး ကို ရက် ၂၀ ခန့် နောက်ကျပြီးမှ
စိုက်ပျိုးခဲ့ကြသည်။ ထို့ကြောင့်လည်း ဇလွန်မြို့နယ်မှာ ယခုမှ မိုးစပါး ပန်းပွင့်ချိန်ရောက်နေခြင်း ဖြစ်သည်။ အောက်တိုဘာ
လကုန်ရက်နှင့် နိုဝင်ဘာလဆန်းရက်များတွင် မိုးစပါးများ စတင်ရိတ်သိမ်းကြရမည် ဖြစ်သည်။
ဇလွန်တစ်မြို့နယ်လုံး၌ မိုးစပါး ၇၂၃၇၂ ဧက စိုက်ပျိုးထားပြီး အောင်မြင် ရှင်သန်လျက်ရှိသည်။
မိုးစပါးရိတ်သိမ်းအပြီးတွင် ဆောင်းနေကြာများ ကို တစ်မြို့နယ်လုံး စိုက်ပျိုးကြမည်ဖြစ်သည်။
ဆောင်းနေကြာသီးသန့် ၁၉၅၀၄ ဧက နှင့် နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်းသီးညှပ် ၆၅၀၁ ဧက စုစုပေါင်း
ဆောင်းနေကြာ ၂၆၀၀၅ ဧက စိုက်ပျိုးကြမည် ဖြစ်သည်။
အဆပေါင်းများစွာတိုး၍ စိုက်ပျိုးကြမည်
ယခင်နှစ်က ဇလွန်မြို့နယ်၌ နေကြာ ၁၃ ဧကသာ စိုက်ပျိုးခဲ့သော်လည်း ယခုနှစ်တွင်
၂၆၀၀၅ ဧကအထိ အဆပေါင်းများစွာတိုး၍ စိုက်ပျိုးသွားကြ မည် ဖြစ်သည်။ ဇလွန်ဒေသသည် နေကြာကြိုက်နှစ်
သက်သော ရာသီဥတုရှိသည်။ နေကြာအောင်မြေ လည်း ဖြစ်သည်။ ဇလွန်တောင်သူများသည် ယခုနှစ်တွင်
ဆောင်းနေကြာဧကတိုးမြှင့်ပြီး နေကြာဆီ အထွက်နှုန်းကောင်းအောင် ကြိုးပမ်းစိုက်ပျိုး ကြမည်ဟု
သိရသည်။ သို့ဖြစ်ရာ စာရေးသူကွင်းဆင်း သွားရောက်ခဲ့သော ဓနုဖြူမြို့နယ်နှင့် ဇလွန်မြို့နယ်
တို့သည်ကား စပါးရိတ်သိမ်းပွဲများအပြီးတွင် ဆောင်း
နေကြာကို အားမာန်အပြည့်ဖြင့် စိုက်ပျိုးကြမည် ဖြစ်သည်။
အနှစ်ချုပ်တင်ပြရလျှင် ဧရာဝတီတိုင်းဒေသကြီးသည် စပါးအောင်မြေဖြစ်သည်။
စပါးအများဆုံး စိုက်ပျိုးသော တိုင်းဒေသကြီးလည်း ဖြစ်သည်။ စပါးအထွက်နှုန်း တိုးတက်လာပါလျှင်
စိုက်ပျိုးသူ တောင်သူတို့ အကျိုးစီးပွား ဖြစ်ထွန်းမည်ဖြစ်သည်။ လယ်ယာမြေမှ ဝင်ငွေတိုးပွား
အကျိုးများမည်ဖြစ်သည်။ ဧရာမြေတွင် စပါးသာမက ယခုအခါ နေကြာ ကိုလည်း စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးကြတော့မည်ဖြစ်သည်။
ဧရာသားတို့၏ အားမာန်များဖြင့် မိုးစပါး ရိတ်သိမ်းပွဲများအပြီးတွင် ဧရာဝတီတိုင်းဒေသကြီး
၌ ဆောင်းနေကြာကိုလည်း စွမ်းအားညီညီ အားမာန်ချီလျက်
စိုက်ပျိုးကြတော့မည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပေသည်။ ။


No comments