ဪ- ရောဂါ- ရောဂါ
သမားအို
မမြဲခြင်းသဘောက လောကရဲ့နိယာမလို့ ဗုဒ္ဓဘာသာဝင်တွေက ခံယူလိုက်နာကြပါတယ်။
သတိထားမိတဲ့သူတွေကတော့ အချိန်နဲ့အမျှ ပြောင်းလဲနေတာကို ရှုမှတ်သိရှိနိုင်ကြတယ်။ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ အိုတာ၊ နာတာတွေကိုလည်း အသက်ရလာတော့
သိသာလှတယ်။ ကိုယ့်ရဲ့စိတ်ရောင်စုံပြောင်းလဲနေမှုကိုလည်း ကြည့်လေမြင်လေပါပဲ။ ငယ်ရွယ်သူတွေအတွက်ကတော့
မနေ့ကနဲ့ဒီနေ့၊ မနှစ်ကနဲ့ဒီနှစ် ပြောင်းလဲခြင်းဟာ မထင်ရှားလှတာပဲ တွေ့နိုင်ပါတယ်။
ငယ်သူရော ကြီးသူတွေပါ သတိမပြုမိတာကတော့ ရာသီဥတု ပြောင်းလဲမှုပါပဲ။
အခုဆို မိုးကုန်တော့မယ်။ ဆောင်းရာသီလာတော့မယ်။ ဆောင်းရာသီလာရင် အေးမှာလား၊ မအေးဘူးလား။
ထုတ်ကြွားစရာ အနွေးထည်တွေ မှိုတက်နေပြီလား၊ အနွေးထည်မပြောနဲ့ ဝတ်စရာပင် ရှားပါးနေရတဲ့
ကလေးတွေကို ဘယ်လိုများ ထွေးကြမှာလဲ ... အစရှိတဲ့ သောကတွေဟာ မအေးခင်ကတည်းက ပူနေရပါတယ်။
တချို့များကျ တော့လည်း “ကွေးမလုံ ထွေးလာသူမဲ့ အားငယ်လို့လားကွယ်” လို့ ဆိုရမလို တစ်ကိုယ်တည်း
ကျော်လွှားရမယ့် ဆောင်းရာသီကို မျှော်သူတွေလည်းရှိမယ်။ တချို့ကျတော့လည်း ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်
“ကိုယ့်ရပ်ဌာနီ” မဟုတ်တဲ့နေရာမှာ ချစ်သူ၊ ခင်သူ၊ မြတ်နိုးသူတွေနဲ့ ကွဲကွာပြီးနေနေရတာ
သိသာလာတဲ့ ရာသီပြောင်းပါပဲ။
ရောဂါရာသီရောက်ပြီ
“စစ်ဆေးမနေနဲ့ ရာသီတုပ်ကွေးလို့ပဲ သဘောထားလိုက်” လို့
ပြောမယ့်လူတွေနဲ့ကြုံရမယ့် ရောဂါတွေလည်းစလာပြီ။ ရောဂါရာသီ ရောက်ပြီကိုး။ မိုးအေးမိတော့လည်း
ဒီတုပ်ကွေး၊ ကိုဗစ်-၁၉ ဖြစ်တော့ လည်း ဒီတုပ်ကွေးခေါင်းစဉ်တပ်နေကြတာ ခံစားနေရတာတော့
အတူတူနဲ့အနူနူပါ။ ကိုယ်လက်ကိုက်ခဲမယ်၊ ကိုယ်ပူလာမယ်၊ လည်ချောင်းနာမယ်၊ ချောင်းဆိုးမယ်၊
နှာချေမယ်၊ အနံ့ပျောက်မယ်၊ အရသာပျောက်မယ်၊ ဝမ်းလျှောမယ်၊ ဗိုက်နာမယ်၊ အကွက် အကွက်တွေလည်း
ထွက်တတ်တယ်။ ဒီအထိကတော့ ရိုးရိုးတုပ်ကွေးနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဆိုးနဲ့ သိပ်ထူးခြားပြီး
မကွာလှဘူး။ အသက်ရှူ ကျပ်လာပြီး အစာမမျိုနိုင်တော့ဘူး၊ မထူနိုင်မထနိုင်တော့ဘူးဆိုရင်တော့
ကိုဗစ်-၁၉ ရောဂါလို ဆိုးဆိုးရွားရွားခံစားရပြီး သေသွားရင်တော့ “အိတ်ထုပ်အသုဘ” ဖြစ်ရတော့မယ်။
ကိုဗစ်-၁၉ လို့ နာမည်တပ်လိုက်တာနဲ့ ပြုစုမယ့်သူရှားသွားပြီ။
မိသားစုကမပြုစုရဲဘူးဆိုရင် ဆေးကုခထက် ပိုပြီးဈေးကြီးတဲ့ တတ်ယောင်ကားပြုစုသူတွေကို ရှာရတော့မယ်၊
အိမ်မှာသေသွားရင်လည်း သင်္ဂြိုဟ်စရိတ်ကကြီးမှကြီး။ ပရဟိတဆိုလား၊ ဖျားနာ၊ သေရေး ဤခရီးဝေးသလား။
ခေတ်ပေါ် အွန်လိုင်းဆရာကြီးတွေလည်း ပေါမှပေါ။ သူတို့ညွှန်းတဲ့ဆေးတွေ
ရှာဝယ်၊ တစ်ခါမှ လေ့ကျင့်သင်ကြားမှု မရှိခဲ့ဘဲ အပ်တွေ ကိုင်ပြီး မသေရင်ရှင်မယ်ဆိုတဲ့သဘောနဲ့
ဆေးတွေထိုးကြ။ ကိုယ့်အိမ် မှာကိုယ် ကိုဗစ်-၁၉ စမ်းသပ်တဲ့ Test Kitတွေနဲ့ စစ်ကြည့်ကြ။
ရောဂါတွေ့ပြီလား၊ ပျောက်ပြီလား၊ ကိုယ့်ဘာသာကိုယ် စစ်ဆေးပြီး ဆုံးဖြတ် နိုင်ကြတယ်။
တရားဝင်စစ်ဆေးနေတဲ့ရလဒ်ကတော့ ဩဂုတ်လ၊ စက်တင်ဘာ လတွေမှာ
တရိပ်ရိပ်တိုးလာနေတယ်။ အသေအပျောက်တွေလည်း ရှိလာတယ်။ ၂၀၂၂ ခုနှစ် နှစ်ဆန်းကတည်းက စစ်ဆေးလာခဲ့တဲ့
ကိန်းဂဏန်းတွေကို သုတေသနပြုထားတဲ့ ရလဒ်ကတော့ မနှစ်ကနဲ့မတူ၊
စိတ်ပူစရာနည်းနည်းပါပဲ။ ထူးခြားစွာ ထည့်သွင်းတွက်ချက်လာရတဲ့ အချက်တွေကတော့ ကိုဗစ်-၁၉
ကာကွယ်ဆေးထိုးသူနဲ့ မထိုးသူတွေရဲ့ ကွာခြားချက်ပါ။
- ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရ
တယ်။
- ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ အသေအပျောက်များမယ်။
- ကာကွယ်ဆေးအကြိမ်ပြည့်မထိုးထားတဲ့သူတွေမှာပဲ ရောဂါ
ဖြစ်လေ့ရှိတယ်။
- အပိုဆောင်း ကာကွယ်ဆေးထိုးထားတဲ့သူတွေဟာ ရောဂါဒဏ်ကို
ခံနိုင်တယ်။ ဒီလိုအချက်အလက်တွေ ပေါ်ထွက်လာပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးကိုထိုးဖို့၊
အကြိမ်ပြည့်ထိုးဖို့ အခွင့်အရေးရတိုင်း အပိုဆောင်းကာကွယ်ဆေး ထိုးဖို့လိုသလို ဆေးထိုး
ပေးမယ့် ကျန်းမာရေးဆေးခန်းတွေရှိတယ်။ ကျောင်းတွေမှာလာပြီး ထိုးပေးနေတယ်။
မနှစ်ကနဲ့ မတူဘဲ အပြောင်းအလဲတွေလည်းတွေ့ရပါတယ်။
- ကာကွယ်ဆေးထိုးမယ့် စခန်းတွေကို ဗုံးနဲ့ခွဲတာ၊ ဆေးထိုးပေးတဲ့
သူတွေကို သေနတ်နဲ့ပစ်ခံရတာနည်းသွားပြီ။
- ကာကွယ်ဆေးထိုးခံဖို့ အမိန့်မရလို့ “ကာကွယ်ဆေးဆန့်ကျင်သူ”
(Anti-Vaxxers)တွေဖြစ်ပြီး မကြာခင် ကိုဗစ်-၁၉ ဒယ်လ်တာမျိုး နဲ့တွေ့လိုက်ရလို့ အိတ်ထုပ်အသုဘတွေလည်း
ဒီနှစ်ထဲမှာ မတွေ့ရတော့ဘူး။
ဒါပေမဲ့လည်း ရန်ကုန်ထဲမှာတော့ လူနာသယ်ယာဉ်တွေ အသွားအလာများတာကို
သတိထားမိပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါ ဘာကြောင့်မရပ်သလဲဆိုတာကို လေ့လာကြည့်တော့
အကြောင်းရင်းသုံး၊ လေးခုတွေ့ပါတယ်။
(၁) ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ ကုရာနတ္ထိဆေးမရှိပါဘူး။
(၂) မျိုးရိုးဗီဇတွေ တစ်ဆင့်ပြီးတစ်ဆင့်ပြောင်းပြီး
ကူးစက်နေပါတယ်။
(၃) ဒီလိုပြောင်းပြီး ဒီလိုအကူးခံရအောင် လူတွေကလုပ်ပေးနေကြ
ပါတယ်။
(၄) ကူးစက်ရောဂါတားဆီးရေးဆိုင်ရာ ဥပဒေတွေက လက်တွေ့ အလုပ်မဖြစ်ပါ။
အဲဒီအခြေခံအကြောင်းတရားလေးရပ်ကြောင့် ကိုဗစ်-၁၉ ရောဂါ
ဟာ ၂၀၁၉ အကုန်ကနေ ၂၀၂၂ အကုန်အထိ ဆက်လက်ကူးစက်နေတုန်း ပါပဲ။ ကုရာနတ္ထိဆေးမရှိပါဘူးလို့ဆိုတဲ့ကြားက
ဆေးကောင်း၊ လူစွမ်းကောင်းတွေ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ်။
BF-7 ဆိုတာကိုပါတွေ့လာရ
လူတွေရဲ့ နေထိုင်မှုကျန်းမာရေးနဲ့မညီတာ၊ စည်းကမ်းမရှိတာ၊
ရောဂါအခံရှိတာ၊ ကိုယ်ခံအားကျဆင်းစေတဲ့ ဆေးတွေကိုသုံးနေရတာတွေကြောင့် ကိုဗစ်-၁၉ ဟာ ထပ်ဆင့်
ဒယ်လ်တာ၊ ဘီတာ၊ ဂါမာ၊ ဒယ်လ်တာကနေ အခုအိုမီခရွန်အထိ ဗီဇပြောင်းလာတယ်။ အိုမီခရွန် ထဲမှာမှ
BA.1၊ BA.2၊ BA-2.75၊ BA-4၊ BA-4.4၊ BA-4.5၊ BA-5၊ BA-2.76 ကနေ အခုနောက်ဆုံး BF-7 ဆိုတာကိုပါတွေ့လာရပါတယ်။
သူ့ထက် ပိုဆိုးတာတွေထွက်လာအောင် လူတွေရယ်၊ တိရစ္ဆာန်တွေရယ်က ဝိုင်းဝန်းကူညီပြုစုထုတ်လုပ်နေတယ်။
ဒီအထဲမှာမှ စိတ်ဝင်စားစရာအကောင်းဆုံးကတော့ အိုမီခရွန်
ကူးခံထားရတဲ့ ကလာပ်စည်းဆဲလ်တွေထဲကို နောက်ထပ် ရိုးရိုးတုပ်ကွေး
ပိုး (H1N1)တွေက ထပ်ပြီးဝင်တိုးလို့ မရဘူးဆိုတာပါပဲ။ အဓိပ္ပာယ်ကတော့
ကိုဗစ်-၁၉ အိုမီခရွန်မျိုး အကူးစက်ခံထားရသူတွေဟာ ရာသီတုပ်ကွေးဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့
အဓိပ္ပာယ်ရပါတယ်။ အရင် ဒယ်လ်တာပိုးမျိုး ကူးခံထားရတဲ့ ဆဲလ်တွေကိုတော့ ရိုးရိုးတုပ်ကွေး
(H1N1)ဗိုင်းရပ်စ်တွေက ဝင်တိုးကူးစက်နိုင်တယ်လို့ဆိုပါတယ်။
အဲဒီတော့ “ရာသီတုပ်ကွေးလို့ပဲ သဘောထားလိုက်” လို့ဆိုမိန့်သူတွေကပဲ
မှန်သလိုလိုဖြစ်နေတယ်။
ဒါပေမဲ့ ပြန်ကြည့်ပါ။ ကမ္ဘာပေါ်မှာ ရောဂါကပ်ကူးစက်ခံရသူတွေဟာ
သန်းပေါင်း ခြောက်ရာကျော်တယ်။ သေတဲ့သူတွေကလည်း ဆယ်သန်းမကဘူး။ (စာရင်းပျောက်နေတာတွေလည်း
ရှိပါတယ်။ ဒီမှာလည်းအဲဒီလိုပါပဲ) အခုကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ ဇယားကို ကြည့်ရင်လည်း
ကာကွယ်ဆေးသုံးကြိမ်အထက် ထိုးပြီးတာတောင်မှ ရောဂါကူးစက်ခံရသူတစ်ထောင်မှာ တစ်ယောက်နှုန်းရှိတယ်။
ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားလျက်နဲ့ သေတဲ့သူတွေလည်း ရှိနေတယ်။ လူနာတစ်သိန်းမှာ
နှစ်ယောက်လောက်သေတဲ့အတွက် မပြောပလောက်ဘူးဆိုပေမယ့်
သေတာကသေတာပါပဲ ။ လူ့အသက်လေ။
ဘာကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါ မရပ်သေးတာလဲဆိုတဲ့ အကြောင်းရင်းတွေထဲက
နောက်ဆုံးအကြောင်းရင်းကတော့ ကူးစက် ရောဂါ တားဆီးကာကွယ်ရေးအတွက် ဌာနဆိုင်ရာဥပဒေတွေဟာ
လက်တွေ့အလုပ်မဖြစ်တာကြောင့်ပါပဲ။ တစ်ကမ္ဘာလုံးမှာ အလုပ်မဖြစ် ဘူး။ တိတိကျကျလိုက်နာဖို့
ကြိုးစားနေတဲ့ တရုတ်ပြည်မှာလည်း စီးပွားရေး၊ လူမှုရေး ထိခိုက်မှုတွေကို ကြံ့ကြံ့ခံနေရဆဲပါ။
ရောဂါ ရှိ၊ မရှိ စစ်မနေနဲ့ဆိုတာကလည်း ဥပဒေနဲ့မညီဘူး။
ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ ထိန်းသိမ်းဝှက်ထားလို့မရတဲ့
Notifiable Disease ပဲဖြစ်ပါတယ်။ ဒါ့အပြင်
လိုအပ်သလို ကန့်သတ်မှု (Quarantine၊ Stay at home၊ Lock down)တွေက မဖြစ်မနေလုပ်ရတဲ့
ကူးစက် ရောဂါပဲဖြစ်ပါတယ်။
ပိုပြီးဆိုးစေတာက ကိုယ်တိုင်စစ်ဆေးလို့ရတယ်ဆိုတဲ့
Test Kitတွေဟာ စိတ်မချရတာပါပဲ။ စစ်ဆေးပြီးတော့လည်း တိတ်တိတ် ကျိတ်ပြီးတော့ကုနေကြတာ
အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့်ပါပဲ။
အဆိုးဆုံးကတော့ ကိုဗစ်-၁၉ ကပ်ရောဂါကို လုံးဝဂရုမစိုက်တော့တာပါ။ နှာခေါင်းစည်းမတပ်ဘဲ
အပြင်ထွက်တယ်။ စစ်ဆေးတဲ့နေရာ၊ စစ်ဆေးတဲ့သူရှိမှ ဟန်ဆောင်တပ်ပြတယ်။ လူတွေ ကြားထဲ အကာအကွယ်မဲ့
နှာချေတယ်၊ ချောင်းဆိုးတယ်။ ကိုဗစ်-၁၉ လား၊ ရာသီတုပ်ကွေးလားမခွဲခြား၊ မစစ်ဆေးဘဲ ရောဂါရှိလျက်
မထွက်မဖြစ်၊ မလုပ်မဖြစ်တဲ့ အလုပ်တွေရှိနေပေမယ့် ကိုဗစ်-၁၉ စည်းကမ်း မလိုက်နာဘူး။
အနောက်တိုင်းယဉ်ကျေးမှု၊ အနောက်တိုင်း အတွေးအခေါ်တွေ
လွှမ်းမိုးလာတဲ့ကမ္ဘာကြီးမှာ လူများစုကြား လိုက်နာရတဲ့ ပြည်သူ့နီတိတွေ၊ ယဉ်ကျေးတဲ့နိုင်ငံကြီးသားတွေ၊
မြို့ကြီးသား(Citizens)တွေအတွက် သတ်မှတ်ထားတဲ့ စည်းကမ်းကလနားတွေကို ပြောင်ပြောင်တင်းတင်း
ချိုးဖောက်လာသူ လူများစုကြီးရဲ့ Mobocracy ခေါ်တဲ့ “အများညီရင် ဤကိုကျွဲဖတ်မယ်” ဆိုတဲ့
လူစုကြီးက ပိုပြီးကြီးထွား လာတယ်။
ကိုယ့်နှာခေါင်း ကိုယ်ပိတ်ချင်မှပိတ်မယ်။ ကိုယ့်ပါးစပ်ကိုယ်
ပိတ်ချင်မှပိတ်မယ်။ ကိုယ့်ဗိုက်ထဲက ကလေးသန္ဓေသားကို ဖျက်ချင်ရင် ဖျက်ချပစ်မယ်။ ဒါကလူ့အခွင့်အရေးပဲဆိုပြီး
အစွန်းတွေရောက်နေကြ တယ်။ ဒီလိုအစွန်းရောက်မှုကို လွတ်လပ်ပါတယ်ဆိုတဲ့ အမေရိကန် နိုင်ငံတောင်
အရင်က ပြဋ္ဌာန်းထားတဲ့ ကလေးဖျက်ချခွင့်ဥပဒေကို ပြန်ပြင်နေကြတယ်။ ဆူဆူညံညံပါပဲ။ သူတို့သမ္မတရဲ့
မိန့်ခွန်းထဲမှာ “Right to Exist” “ရပ်တည်ပိုင်ခွင့်” ဆိုတဲ့စကားဟာ တောထဲမှာတော့ မှန်ပါတယ်။
တောတွင်းဥပဒေသ “Jungle Law” တစ်ရပ်မှာ “Struggle for Existence” “ရပ်တည်ဖို့ရုန်းကန်”
“Survival for the Fittest” “အထိုက်တန်ဆုံးသူရှင်သန်မယ်” ဆိုတာတွေကနေ အဆင့်မြင့်လာမှ
သာ လူသားအားလုံးက တိရစ္ဆာန်တွေထက် အဆင့်မြင့်မြင့် ယဉ်ကျေး တဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာပါ။
“မိမိတို့ကမ္ဘာကြီးသည် ဒုက္ခရောက်နေပြီဖြစ်ကြောင်း၊ ကွဲလွဲမှုများ ပိုမိုကြီးထွားလာပြီဖြစ်ကြောင်း၊
မညီမျှမှုများ ကြီးထွားသည်ထက် ကြီးထွားလာပြီဖြစ်ကြောင်း၊ ထို့အပြင် စိန်ခေါ်မှုများလည်း
လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းသည် ကမ္ဘာလုံးဆိုင်ရာ
ကမောက်ကမ ဖြစ်စဉ်များတွင် ရုန်းမထွက်နိုင်ဘဲ ပိတ်မိနေပြီး မိမိတို့ခေတ်၏ ကြီးမားသော
စိန်ခေါ်ပြောင်းလဲမှုများကို ကိုင်တွယ်ဖြေရှင်းရန် အဆင်သင့်မဖြစ်သေးကြောင်း” ကုလသမဂ္ဂအကြီးအကဲက
အထွေထွေညီလာခံမှာ ပြောကြားကြောင်း (၂၂-၉-၂၀၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ) ဖတ်လိုက်ရပါတယ်။
ထိုညီလာခံ (United Nations General Assembly UNGA) ကို ၂၀-၉-၂၀၂၂ ရက်နေ့ကစပြီး (၇၇)
ကြိမ်မြောက်အဖြစ် ကျင်းပနေပါတယ်။
(၇၇)ကြိမ်မြောက် UNGA မှာတောင် ကမ္ဘာ့စိန်ခေါ်မှုတွေကို
ရင်ဆိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင်တော့ ဆက်လုပ်ဖို့ သင့်၊ မသင့် စဉ်းစားကြဖို့လိုပါလိမ့်မယ်။
ပုဂ္ဂိုလ်ကြောင့်ဆိုရင် ထိုပုဂ္ဂိုလ်ကိုဖယ်၊ အဖွဲ့အစည်းကြောင့်ဆိုရင်တော့ အဖွဲ့အစည်းကိုပြင်၊
လူများစု အနိုင်ကျင့်တဲ့ ဝါဒရှိနေတယ်ဆိုရင်တော့ စနစ်ကိုပြင်။ တောတွင်း ဥပဒေကိုမှ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းထဲမှာ
သုံးချင်သူတွေရှိရင်လည်း တောထုတ်ဖို့သင့်တဲ့အချိန် မကြာခင်ရောက်လာမယ် ထင်တယ်။
ဒီလထဲမှာ UNGA
ရာသီပေါ်လာပြီး ရာသီရောဂါတွေလည်း အလျှိုအလျှို ပေါ်လာလေ့ရှိပါတယ်။ ရှိနှင့်ပြီး ရောဂါကလည်း ကပ်ရောဂါအဆင့်ကနေမဆင်းဘူး။
ရာသီတုပ်ကွေးတွေကလည်း မိုးအကုန် ဆောင်းအကူးအတွက် အရှိန်ယူနေကြတယ်။
လူတွေကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြီးကို ရာသီတုပ်ကွေးနဲ့
ရောချပြီး စည်းကမ်းဥပဒေတွေ ချိုးဖောက်နေကြတယ်။
ပြည်တွင်းဖြစ်နိုင်ငံခြားမီဒီယာတွေကလည်း UNGA ရာသီနဲ့
ရောပြီး သတင်းတု၊ သတင်းမှား၊ သတင်းပြောင်းပြန်တွေနဲ့ အချုပ် အခြာအာဏာပိုင် လွတ်လပ်တဲ့မြန်မာနိုင်ငံကို
ကမ္ဘာ့အလယ်မှာ အိုးမဲသုတ်ဖို့ ပုံမှန်နှစ်စဉ် ကြိုးစားနေကြဆဲပဲ။
ဪ- ရောဂါ- ရောဂါ။ ။

No comments