ပဲခူးတိုင်းဒေသကြီး၌ Public Area များ ဆောင်ရွက်ထားရှိမှု တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှု စစ်ဆေး
ပဲခူး အောက်တိုဘာ ၂၅
မြို့ကြီးများတွင် ပြည်သူများ ကျန်းမာကြံ့ခိုင်ရန်နှင့် စိတ်အပန်းဖြေရန်
အများပြည်သူ လမ်းလျှောက်နိုင်ရန် အတွက် Public Area များ ဖန်တီးပေးရန် နိုင်ငံတော်ဝန်ကြီးချုပ်၏
လမ်းညွှန်ချက်ပေါ် ဆောင်ရွက်နေသည့် ပဲခူးမြို့အတွင်း ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများက အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက
ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်ရှိ
ရန်ကင်းသာပန်းခြံအား ခေတ်မီကလေးကစားကွင်းနှင့် အပန်းဖြေပန်းခြံအဖြစ် ပြန်လည်အဆင့်မြှင့်တင်
ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတကာ၏ Landscaping Design အပြင် ဟံသာဝတီ
ရှေးဟောင်းကျုံးနှင့်လည်း လိုက်ဖက်ညီအောင် ဖန်တီးသွားရန်၊ ပန်းအလှပင်များ ရာသီအလိုက်
ရောင်စုံဖူးပွင့်နိုင်ရေး ထည့်သွင်းဖန်တီးသွားရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရန်တို့ကို
မှာကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင်
လိပ်ပြာကန် ပြန်လည် အဆင့်မြှင့်တင်နေမှုကိုလည်းကောင်း၊ ပဲခူးမြို့အဝင် ရန်ကုန် - မန္တလေးလမ်းနှင့်
ပဲခူးမြို့၊ အနောက်ဘက် မြို့ရှောင်လမ်းထောင့်ရှိ ဘုရင့်နောင်ရင်ပြင် တည်ဆောက်နေမှုကိုလည်းကောင်း
သွားရောက် ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊
ရန်ကုန် - မန္တလေးလမ်းမကြီးနှင့် သနပ်ပင်လမ်းတို့တွင် လမ်းလယ်အလှပန်းခုံများ၊ စတီးလက်ရမ်းများနှင့်
လမ်းလယ်မီးတိုင်များ တပ်ဆင်ပြီးစီးမှုနှင့် ထပ်မံတပ်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
တင်စိုး(ပဲခူး)




No comments