တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တွင်ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်
နေပြည်တော် နိုဝင်ဘာ ၂၂
တိုင်းရင်းသားအရေးကိစ္စရပ်များ ဆောင်ရွက်ရာတွင် ထိလွယ်ရှလွယ်သည့်အတွက် အ ထူးဂရုပြုဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများ၌ လုပ်ငန်းစီမံကိန်းများ ဖော်ဆောင်ရာတွင် မြေယာများကို သေချာကွင်းဆင်းစိစစ်ကြစေလိုကြောင်း တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် က ပြောကြားသည်။
ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှုးနှင့် လက်ထောက်ညွှန်ကြားရေးမှူးအဆင့်သို့ တစ်ဆင့်မြင့်ရာထူး တိုးမြှင့်ခြင်းခံရသည့် အရာထမ်းများနှင့်တွေ့ဆုံခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ပါ အချက်များကိုလိုက်နာ၍ ကြိုးပမ်းအကောင် အထည်ဖော်ကြ ရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားဘာသာသင် (TA/LT) လျှောက်ထားမှုများကို ကူညီဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများပညာရည်မြင့်မားရေးကူညီဆောင်ရွက်ကြရမည်ဖြစ် ကြောင်း၊ ခေါင်းဆောင်မှု အရည်အချင်းပြည့်ဝသော ခေါင်းဆောင်ကောင်းများဖြစ်ရန် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများကို သေချာစွာလေ့လာထားကြရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဥပဒေများ၊ မြေယာဥပဒေများကို သေချာစွာသိရှိထားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနား ကိုရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် တစ်ဆင့်မြင့် ရာထူးတိုးမြှင့်ခြင်းခံရသည့်ဝန်ထမ်းများ၊ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments