ပြည်ပနိုင်ငံများတွင် ပညာတော်သင် မဟာဘွဲ့ သင်တန်းများအပါအဝင် သင်တန်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများတက်ရောက်၍ ပြန်လည်ရောက်ရှိလာသော အရာထမ်းများ၏ အတွေ့အကြုံ ရှင်းလင်းပွဲ ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၂
ပြည်ပနိုင်ငံများတွင် ပညာတော်သင်မဟာဘွဲ့ သင်တန်းများအပါအဝင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေး ပွဲများတက်ရောက်၍ ပြန်လည်ရောက်ရှိလာသော အရာထမ်းများ၏ အတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အတွေ့အကြုံရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ အသိပညာ ပြန်လည်မျှဝေခြင်းဖြင့် ပြည်ပခရီးသွားရောက်သူကိုယ်တိုင် ဘာသာရပ်ကို ပိုမိုကျေညက်စွာ နားလည် လာခြင်း၊ ပါဝင် တက်ရောက်သူများအနေဖြင့် အသိပညာ၊ ဗဟုသုတရရှိပြီး မိမိတို့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ခြင်း အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအားလုံး ဘဝ တစ်သက်တာလေ့လာသင်ယူမှု (Life Long Learning) ပြုရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ တစ်ဦးတစ်ယောက်မှသည် အဖွဲ့အစည်းတစ်ခုလုံး၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း ပြောကြားသည်။
အတွေ့အကြုံရှင်းလင်းပွဲ ပထမနေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် အာဆီယံဒေသတွင်းရှိ အမျိုးသမီးများ၏ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်မှုနှင့် ခေါင်းဆောင်မှုဆိုင်ရာ လေ့လာမှု စာတမ်းရေးသားပြုစုရေးအတွက် နည်းပညာအထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း(၂)ဦးနှင့် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် AHA Centre ၏ (၇)ကြိမ်မြောက် ACE Program သင်တန်းသို့ ပါဝင်တက်ရောက်ခဲ့သော ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အရာထမ်း(၂)ဦးတို့က ဘာသာရပ်ဆိုင်ရာ အသိပညာများ ပြန်လည်ရှင်းလင်းဝေမျှခဲ့ပြီး အမေး၊ အဖြေ အစီအစဉ်များ ပြုလုပ်ခဲ့သည်။
ဒုတိယနေ့တွင် JDS အစီအစဉ်ဖြင့် ဂျပန်နိုင်ငံ၊ ကိုဘေး တက္ကသိုလ်တွင် Master Of International Studies (Disaster Risk Management) သင်တန်းသို့ ပါဝင်တက်ရောက်ခဲ့သော ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အရာထမ်း(၁)ဦးနှင့် ဖိလစ်ပိုင်နိုင်ငံတွင်ဖွင့်လှစ်သော ကလေးသူငယ်များအား လိင်ပိုင်းဆိုင် ရာကျူးလွန်မှု၊ ခေါင်းပုံဖြတ်ခံရမှုများ စုံစမ်းစစ်ဆေးခြင်း စွမ်းရည်မြှင့်တင်မှုအစီအစဉ်သို့ တက်ရောက်ခဲ့သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ အရာထမ်း(၁)ဦး တို့က ဘာသာရပ်ဆိုင်ရာ အသိပညာများ ပြန်လည်ရှင်းလင်းဝေမျှခဲ့ပြီး အမေး၊ အဖြေ အစီအစဉ်များ ပြုလုပ်ခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က မေးခွန်းများ ပါဝင်မေးမြန်းခဲ့ကြပြီး မိမိတို့ဌာနအလိုက် ဆက်လက်ဆောင်ရွက် သင့်သည့် အကြံပြုချက်များ ဖော်ထုတ်သွားရန် မှာြကားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများသည် အရာထမ်း၊ အမှုထမ်းများနှင့် နေ့လယ်စာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။
ပြည်ပနိုင်ငံများတွင် ပညာတော်သင်မဟာဘွဲ့ သင်တန်းများအပါအဝင် သင်တန်းများ၊ အလုပ်ရုံဆွေးနွေး ပွဲများတက်ရောက်၍ ပြန်လည်ရောက်ရှိလာသော အရာထမ်းများ၏ အတွေ့ အကြုံရှင်းလင်းပွဲကို နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments