မသင်မနေရ မြန်မာ့ပညာရေး အောင်မြင်ပါမှ . . .
ဒေါက်တာမောင်သင်း
“ပညာရေးသည် အခြားမဟုတ်၊ လူသား၏ ပင်ကိုအရည်အသွေး
တိုးတက်ဖွံ့ဖြိုးလာအောင် လေ့ကျင့်ပေးခြင်းပင်ဖြစ်သည်။”
ရူးဆိုး (Rousseau)
ကျွန်တော်တို့ ယနေ့နိုင်ငံတော်အတွက်
ကြိုးပမ်းနေကြသောအရာများသည် ကိုယ့်နိုင်ငံကို သူများ (ကမ္ဘာ့နိုင်ငံများ) နှင့် တူတူတန်တန်နေနိုင်ရန်၊
မျက်နှာပွင့်နိုင်ရန် ဖြစ်ပါသည်။ အထူးသဖြင့် အနာဂတ် မျိုးဆက်သစ်များအတွက် ရည်ရွယ် မျှော်မှန်းပြီး
လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ အဆိုပါ မျှော်မှန်းချက်ကို အကောင်အထည်ဖော် သည့်နေရာမှာ
နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်း သာယာမှုတို့၏ အခြေခံအုတ်မြစ်သည် နိုင်ငံသား
တစ်ဦးချင်းစီ၏ ပညာရည်မြင့်မားမှုအပေါ် မူတည် နေသည်ဟုခံယူပြီး ဆောင်ရွက်ရပါလိမ့်မည်။
ပညာရေးကို အကောင်အထည်ဖော်
နိုင်ငံသားတိုင်းတွင် မဖြစ်မနေရှိသင့်ရှိအပ်သော
ဉာဏ်ပညာအရည်အသွေး မြင့်မားလေလေ တိုင်းပြည် အေးချမ်းလေလေဖြစ်ပါသည်။ တိုင်းပြည် ငြိမ်းချမ်းပါမှဖွံ့ဖြိုးမှုကို
ပြည့်ပြည့်ဝဝဆောင်ရွက်နိုင်မည်။ ထို့ကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ချင် လျှင်
နိုင်ငံသားများ၏ ပညာရည်မြင့်မားမှုကို ဦးစားပေးဆောင်ရွက်သင့်သည်ဟု ခံယူပြီး ပညာရေးကို
အကောင်အထည်ဖော်ရပါလိမ့်မည်။
မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ၁၉၄၆
ခုနှစ် တွင် “ပညာရေးစနစ်စုံစမ်းမှု” ကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကော်မတီ၏ အစီရင်ခံစာတွင်
အခမဲ့ မသင်မနေရ မူလတန်းပညာရေးနှင့်ပတ်သက်ပြီး ယခုလို အကြံပြုဖော်ပြခဲ့ပါသည် -
(က) ခြောက်နှစ်မှ ဆယ်နှစ်အထိ ယောကျ်ား
လေး၊ မိန်းကလေးအားလုံးအတွက် အခမဲ့ မူလတန်း မသင်မနေရ စနစ်တစ်ခုကို ချက်ချင်းစတင် စီမံဆောင်ရွက်ရန်၊
(ခ) မသင်မနေရလုပ်ငန်းအတွက် ပိုမိုကုန်ကျ
မည့် စရိတ်ကြေးငွေကို ဗဟိုအစိုးရနှင့် ဆိုင်ရာ ဒေသန္တရတို့က မျှ၍ဆောင်ရွက်ကြ ရန်ဟု
ပါရှိပါသည်။
ထိုအစီရင်ခံစာ၌ ၁၉၂၅ - ၂၆ က အိန္ဒိယနိုင်ငံ
ပန်ဂျပ်ပြည်နယ် ပညာရေးအစီရင်ခံစာကို ကိုးကား ဖော်ပြထားသည်လည်း ပါဝင်ပါသည်။ ယင်းမှာ
“မသင်မနေရ စနစ်သည် ငွေကုန်သလောက် အကျိုး ရှိသဖြင့် အချိန်အခါကောင်းသည့်တိုင်အောင် စောင့်ဆိုင်းနေနိုင်သော
အပိုစနစ်မဟုတ်၊ သို့အတွက် ဤစနစ်ကို စတင်ဆောင်ရွက်ရန် အမြန် ဆုံးနှင့် အများဆုံး ကြိုးစားလုပ်ဆောင်ကြရမည်”
ဟူ၍ ဖြစ်ပါသည်။
အောင်မြင်အောင်ကြိုးပမ်းရမည့် ကာလရောက်ပြီ
ထို့အတူ “ငွေမလောက်ခြင်းကို အကြောင်းပြ၍
လက်မှိုင်ငေးနေရန် မသင့်ကြောင်း” ဟုလည်း ဖော်ပြထားပါသည်။ တကယ်တော့ ဒေါက်တာဘမော်၏ ပါတီမဲဆွယ်စည်းရုံးစဉ်ကာလ
(၁၉၄၀ ပြည့်နှစ်မတိုင်မီ)တွင် မသင်မနေရ မူလတန်း ပညာရေးကို အကောင်အထည်ဖော်မည်ဟု ပါရှိခဲ့ပါသည်။
သို့သော်လည်း လွတ်လပ်ရေးရပြီးနောက် စုစုပေါင်း နှစ် ၇၀ ကျော်ကြာသည်အထိ အကောင်အထည်ပေါ်
မလာခဲ့ပါ။ ယနေ့ အောင်မြင်အောင် ကြိုးပမ်းရမည့် ကာလရောက်ပြီဟု မြင်မိပါသည်။
ပါလီမန်ဒီမိုကရေစီအစိုးရ လက်ထက်တွင်
ဝန်ကြီးချုပ်တာဝန်ယူခဲ့သည့် ဦးနု၏ လူ့စွမ်းအား အရင်းအမြစ်နှင့် ပတ်သက်သည့် ထင်ရှားသည့်
စကားမှာ “ဖိုးသုညတွေနှင့် နိုင်ငံတည်ဆောက်၍ မရနိုင်” ဟူ၍ ဖြစ်ပါသည်။ ကိုလိုနီဆိုးမွေနှင့်
ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့် စာမတတ်သူ ၆၅ ရာခိုင်နှုန်းကျော်ရှိသည်ကို လျော့နည်းစေလို၍
“လူထုပညာရေးစီမံကိန်း” ကို ချမှတ်ခဲ့သော်လည်း ထိုအချိန်က နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့်
မအောင်မြင်ခဲ့ပေ။ မဆလခေတ်တွင် စာတတ်မြောက် သူ ၇၈ ဒသမ ၆ ရာခိုင်နှုန်းသို့ တိုးမြှင့်နိုင်ခဲ့သော်
လည်း မသင်မနေရအခြေခံပညာရေးကို အကောင် အထည်ဖော်နိုင်ခဲ့ခြင်းမရှိပေ။ ဆောင်းပါးအစတွင်
ညွှန်းထားသည့် အတွေးအခေါ်ပညာရှင်ကြီး ရူးဆိုး (Rousseau) ပြောသကဲ့သို့ “လူသား၏ ပင်ကိုအရည်
အသွေး တိုးတက်ဖွံ့ဖြိုးသူများ” နိုင်ငံအနှံ့ ရှိစေလို၍ ပညာရေးကို တိုင်းပြည်မငြိမ်မသက်ဖြစ်နေသည့်
ကြားက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပါလိမ့်မည်။
ပညာအခြေခံရှိပါမှ
မသင်မနေရ ပညာရေးအဆင့်ကို ပြီးမြောက်သွားလျှင်
နိုင်ငံသားကောင်းတစ်ဦးတွင် ရှိသင့်ရှိအပ်သော “ပညာရေးအခြေခံ” များကို ဖြည့်ပေးနိုင်လိမ့်မည်။
အဆိုပါ ပညာအခြေခံရှိပါမှ လူ့အဖွဲ့အစည်း ကောင်းကျိုးများနှင့် ဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းမှုတို့ကို
သယ်ပိုးနိုင်မည်ဖြစ်၍ ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ မူလတန်းအဆင့်ပညာရေးကို
နိုင်ငံသားတိုင်း ပြီးမြောက်စေရန် ရည်ရွယ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြပါသည်။
နိုင်ငံတကာ၏ ရည်မှန်းချက်နှင့်အညီ ကျွန်တော်တို့ လည်း အမီလိုက်နိုင်ရန်အတွက် ၁၉၄၆ ခုနှစ်
ကတည်းက ရည်မှန်းချက်ထားခဲ့ပြီး ထိုအချိန် ကတည်းက အစိုးရကို အကြံပြုခဲ့ကြပါသည်။ သို့သော်လည်းအထက်မှာ
ပြောခဲ့သလို လွတ်လပ်ရေးရပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ပြည့်ပြည့်ဝဝ အကောင်အထည်မပေါ်လာခဲ့ပါ။
ယနေ့ ၂၁ ရာစုတွင် ကမ္ဘာ့နိုင်ငံအသီးသီး၏
မသင်မနေရ အခြေခံပညာရေး အကောင်အထည် ဖော်ရခြင်းကို အဓိကရည်မှန်းချက် နှစ်ချက်ထား ရှိပြီး
ဆောင်ရွက်နေကြပါသည်။
(၁) မိမိ၊ မိသားစု၊ မိမိပတ်ဝန်းကျင်နှင့်
အလုပ် ခွင်တို့တွင် ရင်ဆိုင်ကြုံတွေ့ရသည့် ပြဿနာများကို စနစ်တကျ ရင်ဆိုင် ဖြေရှင်းပေးရာတွင်
အထောက်အကူ ဖြစ်မည့် စာပေတတ်မြောက်မှု (အရေး၊ အဖတ်၊ အတွက်နှင့် အခြေခံဝိဇ္ဇာ၊ သိပ္ပံ
ပညာရပ်များ)နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသည့် ပြည်သူပြည်သားကောင်းများ မွေးထုတ်ပေးရန်၊
(၂) ဘဝတစ်လျှောက် စဉ်ဆက်မပြတ် လေ့လာပညာသင်ယူရေး
(Formal Education နှင့် Informal Education တို့ကို ဆက်စပ်နိုင်ရေး)အတွက် ပညာ အခြေခံအုတ်မြစ်များ
ချထားပေးရန်တို့ ဖြစ်ပါသည်။
အထက်ပါ အရည်အသွေးများကို ပိုင်ဆိုင်ထားပြီ
ဆိုလျှင် လူသားတစ်ဦးစီတွင် -
(၁) လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာစေရန်
လက်ရှိအခြေအနေမှန်များနှင့် လျော်ညီစွာ ကြိုးပမ်းအားထုတ်နိုင်စွမ်းရှိ စေခြင်း၊
(၂) အသိပညာနှင့် နားလည်သဘောပေါက်မှု
စွမ်းရည်မြင့်မားစေခြင်း၊
(၃) စိတ်ဓာတ်နှင့် အလေ့အကျင့်ကောင်းများ
ဖြစ်ထွန်းစေခြင်း၊
(၄) စူးစမ်းလေ့လာလိုစိတ်ပွားများခြင်း၊
(၅) ကိုယ်ကျင့်တရားခိုင်မာမှုကို တန်ဖိုးထား
ခြင်း၊
(၆) အမြင်ကျယ်ခြင်းနှင့် ရှေ့ရေးကို
ကြိုတင် မြော်မြင်တတ်ခြင်း၊
(၇) အစပျိုး တီထွင်ဆောင်ရွက်တတ်ခြင်း
- (Initiative Ability) ဥပမာ- ဒေသတွင်းရှိ အခြားသူများ လူမှုစီးပွား ဆုတ်ယုတ်နေချိန်တွင်
သမားရိုးကျလမ်းဟောင်းမှ ဖယ်ခွာ၍ သမ္မာအာဇီဝကျစွာ နည်းလမ်းသစ်များကို ရှာကြံ၍ စီးပွားရှာနိုင်ခြင်း၊
(၈) လိုအပ်လျှင် အလုပ်ကို ပြင်းပြင်းထန်ထန်
လုပ်ဆောင်နိုင်စွမ်းရှိခြင်း၊
(၉) အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍
ဘုံရည်မှန်းချက်အတွက် ရပ်ရွာအကျိုး၊ အဖွဲ့အစည်းအကျိုးတို့ကို ဆောင်ရွက်နိုင် စွမ်းရှိခြင်းတို့
ဖြစ်ပါသည်။
မသင်မနေရပညာရေးဆိုသည်မှာ စာရေး၊ စာဖတ်သက်သက်နှင့်
ပြဋ္ဌာန်းဖတ်စာအုပ်ပါ အကြောင်းအရာများလောက်သာ သိဖို့၊ တတ်ဖို့၊ သင်ဖို့ မဟုတ်ပါ။ ဖတ်စာအုပ်ပါ
အကြောင်းအရာများကို တတ်မြောက်မှုနှင့်အပြိုင် တွေးတတ်၊ ခေါ်တတ်၊ မြော်မြင်တတ်ပြီး လူသားတိုင်းတွင်
ပိုင်ဆိုင်ရမည့် အနိမ့်ဆုံး ဉာဏ်ရည်ဉာဏ်သွေးများ ကို ပိုင်ဆိုင်သွားအောင် လေ့ကျင့်ခြင်းပင်ဖြစ်ပါသည်။
လေ့ကျင့်ချိန်ပိုရလေလေ အရည်အသွေး ပိုမိုခိုင်မာ လေလေဖြစ်ပါသည်။ ယနေ့ ကျွန်တော်တို့နိုင်ငံလို
စာမေးပွဲရလဒ်အတွက် “၏” “သည်” “၍” မလွဲ လောက်အောင်ကို ပြန်အံချရုံ သင်ပေးခြင်းသည် မသင်မနေရ
ပညာရေး၏ ပန်းတိုင်မဟုတ်ကြောင်း အထူးသတိပြုသင့်ပါသည်။
နိုင်ငံတကာပညာရေး၏ အမြင်နှင့် မျှော်မှန်းချက်
ယနေ့အခါတွင် နိုင်ငံတကာပညာရေး၏ အမြင်နှင့်
မျှော်မှန်းချက်တို့သည်လည်း ပြောင်းလဲလာခဲ့ပြီ ဖြစ်ပါသည်။ နိုင်ငံတကာတွင် ဒုတိယကမ္ဘာစစ်အပြီးကာလ၏
ရည်မှန်းချက်မှာ နိုင်ငံပြန်လည်ထူထောင် နိုင်ရေးပင် ဖြစ်ပါသည်။ ထိုအချိန်တွင် နိုင်ငံတည်
ထောင်ရန် အများဆုံး လိုအပ်မှုသည် ကာယစွမ်းအားစု ဖြစ်ပါသည်။ ယနေ့ခေတ်၏ ရည်မှန်းချက်မှာ
ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပါသည်။
ဖွံ့ဖြိုးရန်အတွက် နည်းပညာ စွမ်းအား
သို့မဟုတ် ဉာဏစွမ်းအားစုတို့ဖြင့် အကောင် အထည်ဖော်ရမည့်ခေတ်ကို ရောက်ရှိနေပြီဖြစ်ပါ
သည်။ သို့ပါ၍ နိုင်ငံသားတစ်ယောက်၏ အနိမ့်ဆုံး ရှိရမည့် ပညာအခြေခံသည် မြင့်မားလာခဲ့သလို
ပညာရှင်ကြီး ရူးဆိုး ဖွင့်ဆိုခဲ့သည့် “လူသား၏ ပင်ကိုအရည်အသွေးဖွံ့ဖြိုးမှု” အဆင့်တစ်ခုဆီ
ရောက်ရှိအောင် လေ့ကျင့်ပေးရမည့် ကာလသည် လည်း ခေတ်ကိုလိုက်ပြီး ပြောင်းလဲခဲ့ပါသည်။
ကမ္ဘာ့နိုင်ငံအလိုက် မသင်မနေရပညာသင်နှစ်များ
ယူနက်စကို၏ ၂၀၁၆ ခုနစ်တွင် ထုတ်ဝေသော
Global Education Digest မှာ ဖော်ပြထားသည့် ကမ္ဘာ့နိုင်ငံအသီးသီး၏ မသင်မနေရ အခြေခံပညာ
ရေးနှင့်ပတ်သက်ပြီး သင်ကြားရန်လိုအပ်သည့် စုစုပေါင်း နှစ်အရေအတွက်ကို ကိုးကားဖော်ပြ
လိုက်ပါသည်။
အထက်ပါ ဇယားကိုးခုတွင် ကမ္ဘာ့နိုင်ငံ
အသီးသီးရှိ မသင်မနေရ ပညာရေးအဆင့်ကို မြောက်အမေရိက၊ အနောက်ဥရောပနိုင်ငံများတွင် အနည်းဆုံး
၁၀ နှစ်ကြာ (တချို့နိုင်ငံ ၁၃ နှစ်) သင်ယူရပါသည်။ အရှေ့ဥရောပနိုင်ငံ များတွင် ပျမ်းမျှကိုးနှစ်ကြာ
သင်ကြားပေးနေပါ သည်။ အာဖရိကနိုင်ငံများတွင် ပျမ်းမျှရှစ်နှစ် အချိန်ယူရပါသည်။ ကျွန်တော်တို့
ပတ်ဝန်းကျင် နိုင်ငံများတွင် ပါကစ္စတန်၊ လာအို၊ ဘဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့တွင်သာ
ငါးနှစ်ဖြစ်ပါသည်။ အိမ်နီးနားချင်းအားလုံးလိုလို မသင်မနေရပညာ ရေးကို ကိုးနှစ်ကြာ သင်ကြားပေးနေကြပြီဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ မသင်မနေရ မူလတန်းအဆင့်
သင်တန်းကာလသည် လက်ရှိအခြေအနေတွင် ငါးနှစ်သာ ဖြစ်ပါသည်။ နိုင်ငံသားတစ်ဦးချင်းစီတွင်
ရှိရမည့် အနိမ့်ဆုံးအခြေခံပညာအရည်အချင်းများ မခိုင်မာလျှင် ဘဂလားဒေ့ရှ်နှင့် လာအိုတို့ကဲ့သို့
ဖွံ့ဖြိုးမှုနှုန်းနှေးသည့်စာရင်းတွင် ပါဝင်နေပေလိမ့်မည်။
လုံလောက်သောပညာသင်ကြားရေးကာလနှင့် အဆင့်လိုအပ်
ပညာရေးစီမံခန့်ခွဲမှု ကောင်းခြင်းနှင့်အတူ
ပညာရေးအဆောက်အအုံ၏ “မသင်မနေရ ပညာ ရေး” ဆိုသည့် အုတ်မြစ်လည်း ခိုင်မာရပါမည်။ မြင့်နေရပါမည်။
မြင့်မားနေရန်အတွက် လုံလောက်သော ပညာသင်ကြားရေးကာလနှင့် အဆင့်လိုအပ်ပါ သည်။ မြောက်အမေရိက၊
အနောက်ဥရောပ၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဩစတြေးလျနှင့် စင်ကာပူ နိုင်ငံတို့
ဖွံ့ဖြိုးခြင်း၊ တိုးတက်ခြင်းမှာ သူတို့နိုင်ငံသား တိုင်းသည် တောင့်တင်းခိုင်မာသည့်
အခြေခံပညာ ရေးကို မသင်မနေရသင်ယူခဲ့ကြ၍ ဖြစ်ပါသည်။
လက်ရှိ ကျွန်တော်တို့၏ မသင်မနေရ ပညာရေး
ကာလငါးနှစ်သည် ပတ်ဝန်းကျင် နိုင်ငံများ၏ သင်ကြားရေးလေ့ကျင့်ချိန်၏ တစ်ဝက်သာသာပင် ရှိပြီး
မူလတန်းအဆင့်တွင်လည်း ရှိပါသေးသည်။ သူများက မူလတန်းထက်မြင့်သော အလယ်တန်း အဆင့်ဖြစ်ပါသည်။
ကျွန်တော်တို့က နှုန်းနှစ်ဆ မြန်လျှင်တောင် သူတို့နှင့်အဆင့်တူလောက်သာရှိပါ သေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းတစ်ခုတွင်
“မိမိတို့အစိုးရ အနေဖြင့် KG+9 အခြေခံပညာအလယ်တန်းအထိ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့်
ရရှိရေးနှင့် အောင်မြင်စေရေးကို အကောင်အထည် ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း” ကြားသိရ၍
အထူးပင် ဝမ်းသာမိပါသည်။ ပုံမှန်အတိုင်း မြန်မာ့ပညာရေးသွားနေခဲ့လျှင် သူများနောက်မှာ
အမြဲတစ်ဝက်ကျန်နေမှာကိုသိ၍ ထိုသို့မဖြစ်စေရန် အတွက် ကြိုးပမ်းမှုဟု မြင်မိပါသည်။
ကျောင်းထွက်မှုအများဆုံးနိုင်ငံစာရင်းတွင် ပါဝင်
ထို့အပြင် အနိမ့်ဆုံး အိမ်နီးနားချင်းအပါအဝင်
အာရှနိုင်ငံများနှင့် တန်းတူအဆင့်တွင် ကျွန်တော်တို့ ပညာရေးရပ်တည်နိုင်အောင်လို့လည်း
ဖြစ်ပါလိမ့် မည်။ မသင်မနေရကာလမြင့်မားအောင် ကြိုးပမ်း နေဆဲတွင် ၂၀၁၆ ခုနှစ် Global
Education Digest ၌ မြန်မာနိုင်ငံသည် ကျောင်းထွက်မှု အများဆုံးနိုင်ငံ စာရင်းတွင် ပါဝင်နေသည့်
အချက်ကိုလည်း လျစ်လျူရှု၍မရပေ။ ထိုနှုန်းကျသွားအောင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်
လိုအပ်ကြောင်းနှင့် အချိန်မတန် ကျောင်းထွက်နေ သည့် ပညာရေးအဟောသိကံဖြစ်မှု အပေါက်ကြီး
(Dropout Rate) ကို အားလုံး (အစိုးရ၊ ပညာရေး ဝန်ကြီးဌာနနှင့် တာဝန်သိပြည်သူများ) ဝိုင်းဝန်းပြီး
ပိတ်ရန် လိုအပ်မည်ဖြစ်ပါသည်။
မသင်မနေရ KG+9 အခြေခံပညာ အလယ်တန်း အဆင့်ကို မဖြစ်မနေအောင်မြင်စေရန်အတွက်
မြန်မာ့မြေပေါ်တွင် တစ်ချိန်က “အသုံးလုံး၊ စာတတ် မြောက်ရေးလုပ်ငန်း” မှာ အောင်မြင်စွာကျင့်သုံးခဲ့ပြီး
ယနေ့တိုင် ယူနီဆက်ဖ် (UNICEF) ၏ တစ်နှစ် အောက် ကမ္ဘာ့ကလေးငယ်များ ကာကွယ်ဆေးထိုး၊ ဆေးတိုက်လုပ်ငန်းမှာ
သုံးစွဲနေဆဲဖြစ်သော “မြန်မာ့ ပညာရေး ကဝိဆရာကြီး ဦးသံဗျင် စတင်အသုံးပြုခဲ့ သည့် “လူထုပါဝင်လှုပ်ရှားမှုနည်း”
ဖြင့် အကောင် အထည်ဖော်ပေးကြပါရန် တိုက်တွန်းလိုက်ရ ပါသည်။ ။
ကျမ်းကိုး
(၁) ၁၉၄၆ ခုနှစ် ပညာရေးစနစ်စုံစမ်းရေး
ကော်မတီ၏အစီရင်ခံစာ
(၂) UNESCO (2015) Global
Education Digest
(၃) UNESCO (2016) Global
Education Digest
No comments