အရိုင်းစံပယ်
အောင်လင်း
၂၃-၁၁-၂၀၂၂ ရက်မှအဆက်
ကိုဘခက်သည် စကားဆုံးလျှင်ဆုံးချင်း
အခန်းတွင်းသို့ ချာခနဲလှည့်ဝင်သွားတော့သည်။ မော်သည် ဆွေ့ဆွေ့ခုန်၍နေတော့သည်။ မွန်ကအံကိုကြိတ်ထားလိုက်သည်။
‘မ’ သည် နေရာမှထလိုက်ရင်း ကိုဘခက်အခန်းဆီသို့ လှမ်းလိုက်သည်။ မွန်က ‘မ’ လက်ကို ဆောင့်၍ဆွဲလိုက်သည်။
“မင်း အပေါ်တက်ရင်ကောင်းမယ်”
မွန်က ‘မ’ ကို တင်းမာသောအသံဖြင့် အမိန့်ပေးလိုက်သည်။ ‘မ’ မျက်လုံးများသည် မျက်ရည်ဖြင့် ပြည့်လျှံနေသော်လည်း တောက်ပြောင်လှသည်။
‘မ’ ၏ တင်းမာသောမျက်နှာကိုကြည့်ခြင်းအားဖြင့်
မွန်၏အမိန့်သည် ‘မ’ ကို လွှမ်းမိုးနိုင်မည်မဟုတ်ကြောင်း ထင်ရှားသည်။
“တော်လောက်ပြီ မွန်၊ တော်လောက်ပြီ။
လူတစ်ယောက်ရဲ့အရေးကို မင်းတို့ ဝင်ပြီးခြယ်လှယ်ချင်တိုင်း
ခြယ်လှယ်ပြီးပြီမဟုတ်လား။ ခု ကိုယ့်အလှည့် ရောက်လာပြီ။ ကိုယ့်မှာ အနည်းဆုံး နှုတ်ဆက်ဖို့
တာဝန်ရှိတယ်”
‘မ’ ပြောပုံမှာ တည်ကြည်ပြတ်သားလှသည်။ ဒေါသသံလည်းမပါ။ တောင်းပန်
တိုးလျှိုးခြင်းလည်းမဟုတ်။ ပကတိတည်ငြိမ်သော အသံဖြင့်ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် မွန်ကမူ ‘မ’ လက်ကို မလွှတ်သေးချေ။
“ယောက်ျားတစ်ယောက်နေတဲ့ အခန်းမှာ မင်းကဝင်ပြီးနှုတ်ဆက်တယ်ဆိုတာ
ဘယ်လောက်ဣန္ဒြေနည်းသလဲ။ မင်း အပေါ်ထပ်ကိုတက်နေရင်
ကောင်းမယ်”
“ခု ကိုယ်ဝင်မယ့်အခန်းဟာ တခြားလူနေတာ မဟုတ်ဘူးသိလား။ ကိုယ့်ချစ်တဲ့သူနေတဲ့
အခန်းကိုဝင်ပြီး ကိုယ့်ချစ်သူကို နှုတ်ဆက်မှာ။
ကပွဲမှာ တစ်ခါလောက်မိတ်ဖွဲ့ပြီး အတူဖက်ကတာမျိုးကို
ယဉ်ကျေးတယ်လို့ မင်းတို့ထင်နေသေးရင် အခုကိုယ်ချစ်တဲ့သူကို ဝင်ပြီးနှုတ်ဆက်တာဟာ တစ်ရွေးသားတောင် ဣန္ဒြေမမဲ့ဘူး
... သိလား။ ဣန္ဒြေနဲ့ အရှက်ကိုပြောရရင်
ကိုယ်က မင်းတို့ထက် စောင့်ထိန်းတယ်။
နားလည်လား”
‘မ’ သည် မွန့်လက်ကို ပုတ်ချလိုက်ပြီးလျှင် အခန်းတွင်းသို့ ဝင်သွားတော့သည်။
အခန်းတွင်းသို့ရောက်လျှင် ပစ္စည်းများကို ဖြစ်သလိုသိမ်းဆည်းနေသော ကိုဘခက်ကို တွေ့ရသည်။
ကိုဘခက်ကိုမြင်ရတော့ ‘မ’ ရင်ထဲတွင် ဆို့၍လာသည်။ ‘မ’ သည် ဟန်ဆောင်၍မနေနိုင်တော့ချေ။
ကိုဘခက်၏ရင်တွင်းသို့ အတင်းပြေး၍ဝင်ကာ ငိုလိုက်မိသည်။ ကိုဘခက်သည် ‘မ’ ကိုသာ အသာပွေ့ထားရင်းမှ ‘မ’၏ကျောကလေးကို သပ်၍ပေးလိုက်ရှာသည်။
‘မ’ က စိတ်ကို ချုပ်တည်းလိုက်ရင်း တစ်စုံတစ်ခု
ကို ဆုံးဖြတ်လိုက်သည်။
“‘မ’ပါလိုက်ခဲ့မယ်။ ‘မ’ မနေရစ်ဘူးဆရာ။
‘မ’ ကိုပါ ဆရာနဲ့အတူခေါ်သွားပါ။ ‘မ’ကို တစ်ယောက် တည်းမထားခဲ့နဲ့ ဆရာ”
‘မ’ သည် ကိုဘခက်ကို အားကိုးတကြီး အတင်းဖက်တွယ်ထားရင်း
တောင်းပန်လိုက်သည်။ ကိုဘခက်လည်း ‘မ’ ကို ပြန်၍ဖက်ထားမိသည်။
ခွဲရတော့မည်ဆိုသောအသိက နှစ်ယောက်စလုံး၏ အသည်းကို
နာကျင်စေသည်။ ကိုဘခက်သည် အံကိုကြိတ်ထားလိုက်သည်။
ယခုတော့ တထိတ်ထိတ်စောင့်စားနေခဲ့ရသော လမ်းဆုံသို့ ရောက်ခဲ့ရလေပြီ။ ရှေ့ခရီးကို မည်သို့ဆက်ဆံရမည်ကို ဆုံးဖြတ်ရတော့မည်။ အတူလက်တွဲ၍ ခရီးဆက်မလား။ တစ်ယောက်တကွဲစီ လမ်းခွဲမလား။ ရှေ့ဆက်သွားရ
မယ့်လမ်းသုံးသွယ်အတွက် တစ်လမ်းလမ်းကို ရွေးချယ်ရတော့မည်။
ပထမလမ်းမှာ တစ်ယောက်တည်း ခွဲထွက်ရမည်ဖြစ်သော ကိုဘခက်၏ ခရီးကြမ်းလမ်းဖြစ်သည်။
ဒုတိယလမ်းမှာ တစ်ယောက်တည်း မျက်ရည်ဖြင့် ကျန်ရစ်ခဲ့ရမည့်သူ၏
ပူဆွေးဖွယ်ရာလမ်းဖြစ်သည်။
တတိယလမ်းမှာ ကိုဘခက်နှင့် ‘မ’တို့ နှစ်ယောက်စလုံး
အတားအဆီး အနှောင့်အယှက် အမျိုးမျိုးကို ဖြတ်ကျော်သွားရမည့် မင်္ဂလာလမ်းဖြစ်သည်။
ဤလမ်းသုံးသွယ်အနက် ကိုဘခက်အဖို့ရာကား
မတတ်သာ ခပ်ခွာခွာ နေရမည်ဆိုသောစကားကဲ့သို့ တစ်ယောက်တည်းသာ ထွက်ရမည့်ဘဝတွင် ရပ်တည်လျက်ရှိသည်။
‘မ’ အဖို့ရာကား
မည်သို့ဆုံးဖြတ်မည်နည်း။ ‘မ’သည် ငိုနေရာမှ ကိုဘခက်ကို သနားစဖွယ် မော့၍ကြည့်လိုက်သည်။
“ဆရာ ‘မ’ ကို တကယ်ချစ်ရဲ့လားဟင်”
‘မ’ က မပွင့်တပွင့်အသံကလေးဖြင့် မေးလိုက်သည်။
ကိုဘခက်သည် ‘မ’ နှင့် ပါးချင်းကပ်ထားရာမှ ဆို့နင့်သောအသံဖြင့် ပြန်ဖြေလိုက်သည်။
“မေးစရာမလိုပါဘူး ‘မ’ ရယ်။ ကျွန်တော်
‘မ’ ကို ဘယ်လောက်ချစ်တယ်ဆိုတာ ‘မ’ ယုံထားတာထက် ပိုပါလိမ့်မယ်”
“‘မ’ ကိုချစ်ရင် ‘မ’ ကို ခွဲမသွားပါနဲ့
ဆရာရယ်။ ‘မ’ဒီမှာကြာကြာနေရစ်ခဲ့ရရင် ပိုပြီးကြောက်လာလိမ့်မယ်။ ဆရာနဲ့ ‘မ’ နဲ့ အတူတူသွားကြဖို့ဟာ
ဘာမှမလိုပါဘူး ဆရာ။ ‘မ’ သတ္တိရှိဖို့ပဲလိုတယ် မဟုတ်လား။ ကျန်တာတွေကတော့
ဘာမှမလိုပါဘူး ဆရာ။ ‘မ’ လေ ဆရာ့ကိုချစ်တာတွေ၊ ယုံကြည်တာ တွေ၊ ခင်မင်တွယ်တာတာတွေဟာ ရင်ထဲမှာမဆံ့
အောင် ကြီးမားပါတယ်ဆရာ။ ဒါပေမဲ့ ဆရာ့ကို ‘မ’
တစ်ခါကပြောခဲ့ဖူးတယ်မဟုတ်လား။ နှလုံး သားကလာတဲ့ဆန္ဒတိုင်းမှာ မရဲရင့်ပါဘူး။ သတ္တိ နည်းပါတယ်လို့ ‘မ’ ပြောခဲ့ဖူးတယ်။
‘မ’ ကို သတ္တိ နည်းအောင် ခြောက်လှန့်တဲ့အရာတွေအများကြီး ရှိခဲ့တယ်။ ခုလေ ‘မ’ ဒါတွေအားလုံး
ကျော်လွန်လိုက်ပြီ။ ခုအချိန်ဟာ ‘မ’ သတ္တိရှိတဲ့အချိန်လို့ဆိုရ မှာပဲ။ ဒီလိုအချိန်မျိုးမှာ
‘မ’ သတ္တိရှိသလို ဆုံးဖြတ် ပါရစေ။ ‘မ’ ကို ခွင့်လွှတ်ပေးပါမောင်ရယ် ... နော်”
‘မ’ ၏စကားများသည် ကိုဘခက်၏ရင်တွင်းသို့
သံပူဖြင့်လောင်းလိုက်သလိုရှိတော့သည်။ ချစ်သူ၏ စွန့်စားမှု၊ အနစ်နာခံမှုကို အံ့ဩလောက်အောင်
တွေ့ရသော်လည်း ဤမျှ မွန်မြတ်သောမေတ္တာကို လက်မခံနိုင်သော
နုံချာသည့် ကိုယ့်ဘဝကိုတွေးရင်း ကိုဘခက်မှာ ရင်ကွဲမတတ်ရှိရှာသည်။
ကိုဘခက်သည် ရွှန်းလဲ့သောမျက်လုံးကြီးများဖြင့် ‘မ’ ကို တွေတွေကြီး
စိုက်ကြည့်နေရှာသည်။
“‘မ’ တောင်းတဲ့အခွင့်ကို ကျွန်တော် ဘယ်လို လုပ်ပြီး ခေါင်းခါရက်ပါ့မလဲ ‘မ’ရယ်။ ဒါပေမဲ့ စံပယ်ပန်းများဟာ ရွှေရောင်လွှမ်းတဲ့နန်းရင်ပြင် အလယ်မှာ တင့်တယ်ပါပေတယ်။
တောလယ်မှာပွင့်တဲ့ စံပယ်အရိုင်းတို့ရဲ့အလှဟာ ညှိုးငယ်နွမ်းပါး တတ်ပါတယ်။ ဒါကြောင့်
‘မ’ ရဲ့ မွန်မြတ်တဲ့မေတ္တာ ဟာလည်း ကျွန်တော့်ရဲ့ နုံချာလှတဲ့ဘဝနဲ့ ထိုက်ပါ့ မလားလို့
ကျွန်တော် စိုးရိမ်မိတယ်။ ‘မ’ က အခု လိုက်မယ်ဆိုပေမယ့် ကျွန်တော့်ဘဝက ဘယ်သွား လို့
ဘယ်လာရမှန်းမသိတဲ့ဘဝပါ ‘မ’ ရယ်။ ဒီ စကားကို
ကျွန်တော်ဖွင့်ပြောရတာဟာ ရင်ထဲမှာ မျိုထားရတဲ့
မီးတောက်မီးလျှံကို နှုတ်ကပြန်ပြီး
အန်ထုတ်ရသလိုပါပဲ”
“ဘယ်လိုပဲနေရနေရ မကြောက်တော့ပါဘူး မောင်။ ‘မ’ လေ အခု သတ္တိရှိလာပါပြီမောင်ရယ်။
ဒါဟာလည်း ‘မ’ ရဲ့ ပင်ကိုသတ္တိမဟုတ်ဘူး။ မောင့်ကိုချစ်ရတဲ့အချစ်က
‘မ’ ကို ခုလိုသတ္တိမျိုး မွေးပေးလိုက်တာပါ။ ‘မ’ လိုက်ခဲ့ပါရစေနော် မောင်”
ကိုဘခက်သည် ‘မ’ စကားကို လွန်ဆန်၍မရတော့ချေ။
ခုတင်ပေါ်သို့ ခေါင်းငိုက်စိုက်ဖြင့် ထိုင်ချလိုက်သည်။ သို့ထိုင်ချလိုက်မှ ‘မ’ ၏ လက်ဖျား
ကလေးအစုံကို ဆွဲယူလိုက်သည်။ ‘မ’ က အလိုက်သင့် ကိုဘခက်၏ရင်ခွင်သို့ပါလာသည်။
“‘မ’ဆန္ဒကို ကျွန်တော်ဟာ ဘယ်တော့မှ
ငြင်းပယ်မယ့်လူ မဟုတ်ပါဘူး။ အမှန်တော့ ‘မ’ ရဲ့ဆန္ဒဟာ ကျွန်တော်ကိုယ်တိုင် အလိုလားဆုံး၊
အမြတ်နိုးဆုံး၊ အမက်မောဆုံးဆန္ဒဆိုတာ ‘မ’ နားလည်ပါလိမ့်မယ်”
‘မ’သည် ကိုဘခက်နှင့် ရင်ချင်ကပ်ထားလိုက်သည်။
နှစ်သိမ့်ကြည်နူးသောစိတ်ကြောင့် ‘မ’ မျက်နှာကလေးမှာ သော်တာစန်းပမာ ဝင်းလက်၍ လာသည်။
“ဒါဖြင့် ‘မ’ အခန်းပြန်ပြီး ပြင်လိုက်ဦးမယ်နော်။
ဖေဖေကြီးကိုလည်း အမှန်အတိုင်း ဖွင့်ပြောလိုက် မယ်”
‘မ’ သည် အခန်းတွင်းမှ ခပ်သုတ်သုတ်ထွက်သွား
လေသည်။ခုတော့ စိတ်ရောကိုယ်ပါ ပေါ့ပါးနေသည်။ ချစ်သူနှင့် အတူတွဲ၍
လျှောက်ရမည့်ခရီးကို ကိုယ်တိုင်ယုံကြည်ပြီး ဖြစ်လေသည်။ ဧည့်ခန်းမှ မွန်နှင့်မော်တို့သည်
ပွဲကြည့်ပရိသတ် ကဲ့သို့ ‘မ’ ကို ငေးစိုက်ကြည့်နေသည်။
‘မ’ သည် သူတို့ကို မမြင်နိုင်။ ဂရုမစိုက်နိုင်။
ကိုယ်လုပ်ရမည့်ကိစ္စကို အာရုံစောနေမိသည်။ ဘဝဆိုသည်မှာ မဖြစ်ခင်က ကြိုတင်စိတ်စော၍ မောရသည်ထက်
မရှောင်သာပဲ ရင်ဆိုင်ရသည့်အခါ သတ္တိရှိဖို့နှင့် ပြတ်သားဖို့လိုသည်ကိုလည်း ‘မ’ နားလည်၍လာလေပြီ။
ထို့ကြောင့်လည်း ကိုယ်၌ အရေးကြုံသည့်အခါ သက်လုံကောင်းရတော့မည်။ တခြားအရာတွေကို မတွေးနိုင်၊
မစဉ်းစားနိုင်ချေ။ အပေါ်ထပ်သို့ရောက်သောအခါ ‘မ’
သည် သားရေသေတ္တာထဲသို့ အဝတ်အစားများ လုံးထွေး၍ ထည့်လိုက်သည်။ နောက် ... လိုသော
စာအုပ်၊ အသုံးအဆောင်များကို သေတ္တာငယ်လေးထဲသို့ ထည့်လိုက်သည်။ အားလုံးပြင်ဆင်ပြီးသောအခါ
‘မ’ သည် သေတ္တာ နှစ်လုံးကိုဆွဲ၍ အခန်းထဲမှ ထွက်ခဲ့သည်။ ‘မ’ သည် သေတ္တာနှစ်လုံးကို လှေကားထိပ်တွငချ၍
စာကြည့်ခန်းဆီသို့ လှမ်းကြည့်လိုက်မိသည်။
ဦးကျော်ဒင်သည် ဆေးတံနှင့် မှိန်းနေရာမှ
‘မ’ ကို ငေးကြည့်နေသည်။ ‘မ’သည် ဦးကျော်ဒင်ရှိရာသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။ ဦးကျော်ဒင်ရှေ့သို့ ရောက်သောအခါ ‘မ’ သည်
ကြမ်းပြင်ပေါ်တွင် ကျုံ့ကျုံ့ကလေး ထိုင်လိုက်ရှာသည်။ မျက်ရည်များက ပါးပြင်ပေါ်တွင်
တလိမ့်လိမ့် စီးကျလာသည်။ ဦးကျော်ဒင်သည် ‘မ’
ကို စိုက်ကြည့်နေရာမှ တည်ငြိမ်သောအသံဖြင့် မေးလိုက်သည်။
“သမီး . . . ဘာပြောမလဲ၊ ပြောလေ”
အလိုက်သိသောဖခင်ပီပီ စကားခင်းပေးလိုက်
သော်လည်း ‘မ’ မှာ ပြော၍မထွက်နိုင်အောင် ရှိတော့သည်။ ဖခင်၏မျက်နှာကို ကြည့်လိုက်ပြန်တော့လည်း
မည်မျှပင် ဟန်ဆောင်စေကာမူ အတွင်းစိတ်က ပေါ်လွင်လှသည်။ ‘မ’ သည် စိတ်ကို ကြိုးစား၍ ထိန်းလိုက်သည်။
“သမီးကို ခွင့်လွှတ်ပါတော့ ဖေဖေ။ သမီးကို
မိုက်တယ်ပဲဆိုဆို ဒီတစ်ခါတော့ သမီးတစ်သက်နဲ့ တစ်ကိုယ် မမျှော်လင့်ခဲ့တဲ့ စွန့်စားမှုမျိုးကို
စွန့်စားတော့မယ်”
ဆက်လက်ဖော်ပြပါမည်။
No comments