အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား



ပဲခူး နိုဝင်ဘာ ၂၅


နိုဝင်ဘာ (၂၅) ရက်ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပပျောက် ရေးနေ့အဖြစ် သတ်မှတ်ပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုများကို  ပဲခူးတိုင်းဒေသကြီးတွင်  နိုဝင်ဘာ (၂၅)မှ ဒီဇင်ဘာ (၁၀)ရက်အထိ ဆောင်ရွက် သွားမည်ဖြစ်ရာ အကြိုလှုပ်ရှားမှုအဖြစ် လူစည်ကားရာနေရာများတွင် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို အမျိုးသမီးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ကြပြီး လှုပ်ရှားမှုကာလအတွင်း ကျား၊ မ အခြေပြုအကြမ်းဖက်မှုနှင့် ပတ်သက်သည့် အသိပညာပေး သင်တန်းများကိုလည်း ခရိုင်၊ မြို့နယ်များတွင် ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်း၊ အမျိုးသမီး ငယ်ရွယ်များ အား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ပေးခြင်းသည် အမျိုးသမီးများ၏ အခွင့်အရေး အပြည့်အဝရရှိစေရန် ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီးကော်မတီဝင်များ အနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသမီး များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများပပျောက်အောင် အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက် သွားကြရန် အမှာစကားပြောကြားသည်။

     

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Video နှင့် အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက် ရေး အသိပညာပေးပိုစတာများ၊ လှုပ်ရှားမှုမှတ်တမ်း ဓာတ်ပုံများကို ကြည့်ရှုကြသည်။

(သတင်းစဉ်)


No comments

Powered by Blogger.