ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်






နေပြည်တော် နိုဝင်ဘာ ၂၂


နိုင်ငံ၏ စီးပွားရေးအခြေအနေကောင်းများ ဖန်တီးနိုင်မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်နိုင်မည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် စပါးနှင့် ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေး အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းတွင် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဧရာဝတီတိုင်းဒေသကြီး အတွင်း ကွင်းဆင်းဆောင်ရွက်သည်။ 


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တာဝန်ရှိသူများနှင့်လည်းကောင်း၊ အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ဒေသခံလုပ်ငန်း ရှင်များ၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော တောင်သူများနှင့်လည်းကောင်း တွေ့ဆုံကာ တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စပါးနှင့် ပဲတီစိမ်း စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာများနှင့် လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက် ရေးတို့ကို  ညှိနှိုင်းဆွေးနွေးကြသည်။


ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ လယ်ယာစိုက်ပျိုး ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် စပါးနှင့် ပဲတီစိမ်း စိုက်ပျိုးသော တောင်သူများအတွက် လိုအပ်လျက်ရှိသော သွင်းအားစုများကို ၁ ရာခိုင်နှုန်း ဝန်ဆောင်မှု စရိတ်ဖြင့် ငွေမချေးဘဲ မြေဩဇာနှင့် ပိုးသတ်ဆေးရရှိရေး ဆောင်ရွက်ပေးခြင်း၊ မြေဩဇာ တန်ဖိုးနှင့် ညီမျှသော စပါးနှင့် ပဲတီစိမ်းများကို တောင်သူများက ပေါက်ဈေးနှင့်အညီ ပြန်လည် ရောင်းချပေးဆပ်ခြင်း၊ လယ်ယာဖွံ့ဖြိုးရေးဘဏ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့် ကြွေးကျန်ပမာဏ၏ ၂၅ ရာခိုင်နှုန်းအပါအဝင် မြေဩဇာတန်ဖိုးနှင့်ညီမျှသော စပါးနှင့် ပဲတီစိမ်း များအား ပေါက်ဈေးနှင့်အညီ ပြန်လည်ရောင်းချ ပေးဆပ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပြီး တောင်သူများ၏လက်ဝယ်သို့ သွင်းအားစုများ သတ်မှတ်ချိန်အတွင်း အချိန်မီရောက်ရှိ အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့များက စနစ်တကျစီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် အထွက်တိုး  အောင်မြင်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုးစားပြီး လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုး၊ မွေးမြူရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုအနေဖြင့် ပဲတီစိမ်းဧက ၁ ဒသမ ၅ သိန်းခန့်၊ နွေစပါးစိုက်ဧက ၄ သိန်းခန့် လျာထားဆောင်ရွက်နေကြောင်း၊ စီမံကိန်းအောင်မြင်ရေး၊ ချေးငွေများ ဆုံးရှုံးမှုမရှိစေရေး၊ လယ်ယာဖွံ့ဖြိုးရေးဘဏ် ချေးငွေများ ပြန်လည်ရရှိရေး ဆောင်ရွက်မည့် အစီအမံများနှင့် အစိုးရအဖွဲ့မှ စီမံကိန်းအောင်မြင်ရေးအတွက် တာဝန်ယူ ကြီးကြပ်ဆောင်ရွက်မည့်ကိစ္စရပ်များကို ပြန်လည်ဆွေးနွေးပြီး တက်ရောက်လာသော တောင်သူများ၊ ဒေသခံလုပ်ငန်းရှင်များနှင့် တောင်သူများ၏ မေးမြန်းချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ကန်ကြီးထောင့်မြို့နယ် ကွင်းလျားကြီးကျေးရွာတွင် ကျင်းပပြုလုပ်သော နေကြာမျိုးစေ့ချပွဲသို့ တက်ရောက်အားပေးခဲ့ပြီး ညောင်တုန်းမြို့၊ မြို့တော်ခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ တာဝန်ရှိသူများ၊ ဒေသခံလုပ်ငန်း ရှင်များ၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော တောင်သူများနှင့်တွေ့ဆုံ၍ ပဲတီစိမ်းနှင့် နွေစပါး စီမံကိန်းများ၊ လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.