ပြည်တွင်းထုတ်ကုန်အားပေး နိုင်ငံ့စီးပွားရေးမြှင့်တင်
ပြီးခဲ့သည့်ကာလများက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့်
မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် စီးပွားရေးကျဆင်းခဲ့ရသည်။ မြန်မာနိုင်ငံ
အနေဖြင့် ကိုဗစ်-၁၉ ရောဂါအပါအဝင် နိုင်ငံရေးအကျပ်အတည်းများကြားမှ နိုင်ငံ့စီးပွားရေးကို
တွန်းတင် ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်−၁၉ ချေးငွေများ ထုတ်ချေးပေးခြင်း၊ အသေးစား၊ အငယ်စားနှင့်
အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အားပေးကူညီဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊
ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမအသင်းများစုဖွဲ့၍ လိုအပ်သည့် စက်ကိရိယာများ၊ အရင်းအနှီးများ
မတည်ဆောင်ရွက်ပေးလျက်ရှိသည်။
ယခုအခါ မြန်မာနိုင်ငံ၌ ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ
မြင့်မားတိုးတက်လာအောင် နိုင်ငံတော်အစိုးရက စဉ်ဆက်မပြတ် အားပေးမြှင့်တင်ကူညီဆောင်ရွက်
ပေးနေသည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် နိုဝင်ဘာလ ၂၈ ရက်နေ့က မကွေးတိုင်း ဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်
အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် “ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို
အားပေးဆောင်ရွက်မှသာ နိုင်ငံ့စီးပွားရေး တိုးတက်လာမည်ဖြစ်သဖြင့် မိမိတို့တာဝန်ယူချိန်
ကာလမှစတင်၍ ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို အားပေးဆောင်ရွက် ခဲ့ကြောင်း”
ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ စီးပွားရေးကို ပြန်လည်ဦးမော့လာအောင်
ကြိုးပမ်းဆောင်ရွက်ရာ၌ အစောပိုင်းကာလက ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးပြောင်းလဲ
ဖြစ်ပေါ်မှုများကြောင့် စီးပွားရေးတိုးတက်မှု မျှော်မှန်းသလောက် မဖြစ်ခဲ့သည်ကို တွေ့ရသည်။
ထိုအချိန်တွင် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့် စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာခြင်းသည်
စီးပွားရေးတွင် အဟန့်အတားဖြစ်စေခဲ့သည်။ ၂၀၂၀ ပြည့်နှစ်မှစတင်သည့် ကိုဗစ်−၁၉ ရောဂါဖြစ်ပေါ်မှုနှင့်
နိုင်ငံရေးအမြတ်ထုတ်လို သူများ၏ သွေးထိုးလှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသော ဆူပူအကြမ်းဖက်မှုများကို
ရင်ဆိုင်ခဲ့ရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အခက်အခဲအမျိုးမျိုးတို့ကို
ကျော်လွှားနိုင်ခဲ့သည်။ နိုင်ငံတော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် အခက်အခဲ အမျိုးမျိုးကြားမှ
ယခုအခါ ထိုက်သင့်သလောက် တိုးတက်လာသည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများသည်
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကအားထား လုပ်ကိုင်ကြသည်။ မြို့ပြနေ ပြည်သူများအနေဖြင့်လည်း
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ကြသည်ကိုတွေ့ရသည်။
ထို့ကြောင့် ကုန်ထုတ်လုပ်ငန်းများလုပ်ကိုင်ရာတွင် အခြေခံကျသည့် စိုက်ပျိုးမွေးမြူရေး
လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ကျေးလက်စီးပွားရေး တိုးတက်လာပါက
ဝယ်လိုအားတက်လာမည်ဖြစ်ပြီး ဝယ်လိုအားတက်လာပါက စီးပွားရေး တိုးတက်လာမည်ဖြစ်ရာ စနစ်ကျန
အဆင့်မြင့်မားသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ကြပြီး အရည်အသွေးမြင့်မားသည့်
MSME လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်သည်။ ယခင်က ပြည်တွင်းကုန်ထုတ်လုပ်ငန်းများကို
စိတ်ဝင်စားမှုနည်းပါးကြပြီး ပြည်ပသွင်းကုန်များကိုသာ အားထားကြသဖြင့် ကုန်သွယ်မှုလိုငွေပြပြီး
စီးပွားရေးကျဆင်းခဲ့သည်။ ထို့ကြောင့် ပြည်တွင်းကုန်ထုတ် လုပ်ငန်းများ မြင့်မားတိုးတက်လာအောင်
အဘက်ဘက်တွင် ကြိုးပမ်းဆောင်ရွက်နေသည်။
MSME လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်းများလိုအပ်သည်။ အဆိုပါလိုအပ်ချက်များကို
နိုင်ငံတော် အစိုးရက အတတ်နိုင်ဆုံး အစွမ်းကုန်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံ၏
သဘာဝအခြေအနေအရ ကုန်ကြမ်းပစ္စည်းများ ပြည်တွင်း၌ အလုံအလောက်ရှိသည်။ ပြည်တွင်းကုန်ကြမ်းများကို
ကုန်ချောအဖြစ် ပြောင်းလဲထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
သို့မှသာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်မည်ဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်မှုကို
ပိုမိုအထောက်အပံ့ပေးနိုင်ပြီး လူမှုစီးပွားဘဝများလည်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။
ပြည်တွင်းလိုအပ်ချက်များဖြစ်သည့် လူသုံးကုန်ပစ္စည်းများကို လုံလောက်စွာ ထုတ်လုပ်နိုင်လျှင်
ပြည်ပမှ တင်သွင်းရသူ Importer အဆင့်မှ ပြည်ပသို့တင်ပို့နိုင်သူ Exporter အဆင့်သို့
ရောက်ရှိလာမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံ့စီးပွားရေးကိုဆောင်ရွက်ရာတွင်
အမြင်ကျယ်ကျယ်ဖြင့် အားလုံးပါဝင် ဆောင်ရွက်ကြရန်လိုအပ်ပြီး ပြည်တွင်း၌ ထွက်ရှိသည့်
ကုန်ကြမ်းပစ္စည်းများကို အဆင့်မြှင့်တင် အသုံးချနိုင်အောင် ကြိုးပမ်းကြံစည်ဆောင်ရွက်၍
ပြည်တွင်း ထုတ်ကုန်များ အဆင့်အတန်းမီစွာ တိုးတက်ထုတ်လုပ်နိုင်ပါလျှင် ပြည်သူများ၏ လူမှုစီးပွားဘဝများ
မြင့်မားတိုးတက်လာပြီး နိုင်ငံ့စီးပွားလည်း မြင့်မားတိုးတက် လာမည်ဖြစ်ပါကြောင်း။
ကြေးမုံ

No comments