နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၆၉) နှင့် အလယ်အလတ်အဆင့်အရာထမ်း စီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့် ဒီပလိုမာ သင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်း





နေပြည်တော် နိုဝင်ဘာ ၂၅


နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်)တွင် ဖွင့်လှစ်ခဲ့သည့် အခြေခံပညာဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၆၉)၏ သင်တန်းဆင်းအခမ်းအနားကို  ယနေ့ နံနက် ၈ နာရီတွင် ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ပြည်ထောင် စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးရဲနိုင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခချုပ်များ တက္ကသိုလ် သင်ကြားစီမံဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။


ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ယနေ့ခေတ်တွင် ပညာရေးနှင့်ပတ်သက်သည့် စိန်ခေါ်မှုများစွာ ရှိနေပါကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပညာရေးသည် အလွန်အရေးပါသည့်အတွက်  ဆရာက ကျောင်းသားကို ပို့ချရုံသက်သက် မဟုတ်ဘဲ သင်ယူမှုလွယ်ကူရန် ကူညီသူ၊ လမ်းညွှန်သူ၊ နည်းလမ်းပြသူ၊ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ပေးသူများအဖြစ် ရပ်တည်ကြရန်နှင့် ဆရာဆိုသည်မှာ စာကိုလည်းသင်၊ စိတ်ကိုလည်း ပြင်ပေးရသူ ဖြစ်သည့်အတွက်  ကျောင်းသင်ခန်းစာအပြင် စာရိတ္တကောင်းမွန်ရေး၊ ယဉ်ကျေးလိမ္မာ သိမ်မွေ့၍ ဂါရဝတရားရှိရေး၊ ရိုင်းပင်းကူညီတတ်ပြီး ပူးပေါင်းဆောင်ရွက်တတ်ရေးနှင့် အချင်းချင်း လေးစားတန်ဖိုးထားမှုများရှိရန် ပြုပြင်ပေးရမည်ဖြစ်ပါကြောင်း။


ထို့ပြင် သင်ကြားသင်ယူမှုဆိုင်ရာ အကြောင်းအရာအသစ်များကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေရုံသာမက ခေတ်စနစ်နှင့် လိုက်လျောညီထွေသော အတွေးအခေါ်၊ ဗဟုသုတများ တိုးတက်စေရေး အမြဲရှေးရှုဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ထူးချွန်ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်သည်။


အဆိုပါ သင်တန်းသို့ သင်တန်းသား (၉၃)ဦး၊ သင်တန်းသူ (၃၇၈)ဦး၊ စုစုပေါင်း(၄၇၁)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၅ ရက် မှ နိုဝင်ဘာ ၂၅ ရက်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် တာ၀န်ရှိသူများနှင့်အတူ နီလာခန်းမ၌ ကျင်းပသည့် အလယ်အလတ်အဆင့် အရာထမ်း စီမံခန့်ခွဲမှုသင်တန်း၊ ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာ သင်တန်းအမှတ်စဉ်(၆) သင်တန်းဆင်း အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားပြီး ထူးချွန်ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်သည်။ 


ထို့နောက် ဘွဲ့နှင်းသဘင်အခမ်း အနားကို တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန် မာပြည်) ပါမောက္ခချုပ် ဦးကျော်စိုး က ပြည်သူ့ဝန်ထမ်း စီမံခန့်ခွဲမှ အဆင့်မြင့်ဒီပလိုမာဘွဲ့လက်မှတ်များ အသီးသီးချီးမြှင့်ပေးပါသည်။ အဆိုပါ သင်တန်းသို့ သင်တန်းသား (၈၀)၊ သင်တန်းသူ (၁၁၀) ၊ စုစုပေါင်း(၁၉၀) တက်ရောက်ခဲ့ကြသည်။


သင်တန်းဆင်း အခမ်းအနားများအပြီးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌသည် တာ၀န်ရှိသူများနှင့်အတူ တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိသော သင်တန်းများ၏ စစ်ရေးပြလေ့ကျင့်နေမှုများ၊ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.