နမ္မတူမြို့နယ် မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
နမ္မတူ နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်း၍ မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက နမ္မတူမြို့နယ် မြို့မဈေးကြီး၌ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးအတွင်း/အပြင်ရှိ လုံခြုံရေးမီး တပ်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဈေးဆိုင်ခန်းများအား သွယ်တန်းတပ်ဆင်ထားသော လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များ ကောင်း/မကောင်း၊ လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးလုံခြုံမှုရှိ/မရှိ၊ ဈေးအတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ၏ မီးသုံးစွဲမှုအခြေအနေများ၊ ဈေးဆိုင်ခန်းများအတွင်း တပ်ဆင်ထားသည့် အရေးပေါ်မီးသတ်ဆေးဘူးများ ကောင်း/မကောင်း၊ ဈေးအတွင်းရှိ မီးသတ်ရေကန်များ ရေပြည့်နေမှု ရှိ/မရှိနှင့် မီးသတ်ရေငုတ်များ၏ ရေထွက်ရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌထံမှ သိရသည်။
လူမော် (ပြန်/ဆက်)
No comments