တရားမဝင် သစ်မျိုးစုံ၊ လူသုံးကုန်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော်၊ နိုဝင်ဘာ ၂၄
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး
ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ
ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး နိုဝင်ဘာ ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျ အကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ
ဆောင်ရွက်ခဲ့ရာတွင် ကုန်သေတ္တာ တစ်လုံးအတွင်းမှ
သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသည့် လုပ်ငန်းသုံးပစ္စည်းများ
(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၆,၂၅၁,၀၇၂) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး
လုပ်နည်းနှင့်အညီ အရေး ယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မကွေးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်အတွင်း
တရားမဝင် သစ်မျိုးစုံ (၁ ဒသမ ၀၈၀၆) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၅,၆၄၂) ကို ဖမ်းဆီးရမိခဲ့ပြီး
သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် စစ်ကိုင်းတိုင်းဒေသကြီး
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့
ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၂၂ ရက်တွင် ရွှေဘိုမြို့နယ်အတွင်း
လိုင်စင်မဲ့ဆိုင်ကယ် ငါးစီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၀၀၀,၀၀၀) ကို လည်းကောင်း၊
နိုဝင်ဘာ ၂၃ ရက်တွင် မုံရွာမြို့နယ်အတွင်း
လိုင်စင်မဲ့ ဆိုင်ကယ် နှစ်စီး ( ခန့်မှန်းတန်ဖိုး
ငွေကျပ် ၄၀၀,၀၀၀) ကို လည်းကောင်း၊ စုစုပေါင်း
(ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၄၀၀,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် နိုဝင်ဘာ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်/ ဆိပ်ကမ်းများတွင် တာဝန်ကျ အကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည်ဝန်စည်များနှင့်အတူ ရောနှောသယ်ဆောင်လာသော တရားဝင်တင်သွင်းခွင့် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် HP Laptop (အဟောင်း) လေးလုံး အပါအဝင် ကုန်ပစ္စည်း သုံးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၆၀၀,၀၀၀)ကို လည်းကောင်း၊ ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID) တွင် ကြေညာထားသည်ထက် ပိုမိုပါရှိလာသော စတီးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁,၇၆၀,၀၀၀) ကို လည်းကောင်း၊ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ သွင်းကုန် ကြေညာလွှာ (ID) တွင် ကြေညာထားခြင်းမရှိသည့် ပိတ်လိပ်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇,၈၅၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂,၂၁၀,၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
၎င်းအပြင် နေပြည်တော်ကောင်စီနယ်မြေ၊
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဥတ္တရသီရိမြို့နယ်
သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တပ်ကုန်းမြို့နယ်အတွင်း
တရားမဝင်သစ်မျိုးစုံ (၅၁ ဒသမ ၆၁၈၈) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၀၉,၇၅၆) ကို ဖမ်းဆီးရမိခဲ့ပြီး
သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ဧရာဝတီတိုင်းဒေသကြီး၊
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က
စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ တလုပ်ကုန်းရွာအနီး၌
တရားမဝင်ကျွန်းခွဲသား (၄၉ ဒသမ ၂၁၃၄) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၂,၄၈၀,၈၄၄) ကို
ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထပ်မံ၍ ရန်ကုန်တိုင်းဒေသကြီး
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင်
သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်အတွင်း
တရားမဝင် ကျွန်းသစ်နှင့် ပျဉ်းကတိုးခွဲသား (၆.၀၅၁၂) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ်
၃,၇၅၆,၈၃၂) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
အလားတူ နိုဝင်ဘာ ၂၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ
ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်အတွင်း တရားမဝင် သစ်မျိုးစုံ (၆.၉၇၆၀) တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ်
၃,၂၂၆,၀၉၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ကရင်ပြည်နယ်၊ တရားမဝင်ကုန်သွယ်မှု
တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ် (တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌
တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့
ထွက်ခွာလာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ
တင်ပြနိုင်ခြင်းမရှိသည့် ဂက်(စ်)မီးဖို အလုံး (၆၀) (ခန့်မှန်း တန်ဖိုးငွေကျပ် ၁,၈၀၀,၀၀၀)ကို
ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ နိုဝင်ဘာ
၂၂ ရက်၊ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈)
မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၃,၂၁၀,၂၃၆ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး
ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
No comments