ရော်ဘာအထွက်နှုန်း တိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၂၄
မြန်မာနိုင်ငံ၏ ရွှေဖြူဟုပင်
တင်စားခေါ်ဝေါ်ရသည့် မြန်မာ့ရော်ဘာစိုက်ပျိုးရေး
မွန်ပြည်နယ်အတွင်း အရှိန်အဟုန်မပျက် ရေရှည်တိုးတက်စေရေးနှင့် အရည်အသွေးမြှင့်ထုတ်ကုန်များအဖြစ်
တစိုက်မတ်မတ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်လျက်ရှိရာ
မွန်ပြည်နယ်အတွင်း ရော်ဘာအထွက်နှုန်း တိုးတက်ရေးနှင့် အရည်အသွေးမြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို
ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ငွေမိုးဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်
ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသခံ ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာစိုက်ပျိုး
ထုတ်လုပ်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က
မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက (၅) သိန်းကျော် စိုက်ပျိုးထားရှိပြီး တစ်နိုင်ငံလုံး၏
စိုက်ဧက အနေဖြင့် (၃၀) ရာခိုင်နှုန်းကျော်နှင့် ထုတ်လုပ်မှု (၅၀) ရာခိုင်နှုန်းနီးပါးရှိကြောင်း၊
ရော်ဘာကို စီးပွားဖြစ် သက်တမ်းကာလအတွင်း အစေးထုတ်ယူ ရောင်းချနိုင်ရုံသာမက သက်တမ်းလွန်ကာလတွင်လည်း
ရော်ဘာသစ်ကုန်ကြမ်းများ၊ တန်ဖိုးမြှင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်သည့်အတွက် စီးပွားရေးအရ
အလားအလားကောင်းများရရှိနိုင်ကြောင်း၊ ရော်ဘာအခြေပြု တန်ဖိုးမြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်မှသာ
ပြည်တွင်းရော်ဘာကုန်ကြမ်း ဝယ်ယူသုံးစွဲမှု မြင့်တက်လာမည်ဖြစ်ပြီး ရော်ဘာဈေးကွက်ခိုင်မာလာမည်ဖြစ်ကြောင်း၊
နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် နွေစပါး၊ ပဲမျိုးစုံ၊
နေကြာ အပါအဝင် ရော်ဘာ စိုက်ပျိုးခြင်းများအတွက် ချေးငွေထုတ်ချေးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားသလို
တစ်ဖက်ကလည်း လုပ်ကွက်ငယ်တောင်သူများ၊ အသေးစား နှင့်အလတ်စား စိုက်ပျိုးထုတ်လုပ်သူများကို
အားပေးမြှင့်တင် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ တောင်သူများအနေဖြင့် ရော်ဘာပင်အိုများ
ခုတ်လှဲပြီး ပြန်လည်စိုက်ပျိုး ဧရိယာများတွင် အထွက်နှုန်းကောင်းပြီး ဒေသနှင့် ကိုက်ညီသော
ရော်ဘာမျိုးကောင်း မျိုးသန့်များ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ရော်ဘာအထွက်နှုန်း
တိုးတက်ကောင်းမွန်ရေးတို့အတွက် အားလုံးဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှုစွမ်းအား
မြင့်မားလာစေရန်အတွက် သွင်းအားစု၊ ငွေကြေးအရင်းအနှီးနှင့် နည်းပညာများစသည်ဖြင့် ကဏ္ဍအလိုက်
ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊
ပြည်နယ်ဦးစီးမှူး၊ ဦးလှမိုးအောင်က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းနှင့် ပတ်သက်၍ လည်းကောင်း
ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က
ရော်ဘာအထွက်နှုန်း တိုးတက်ရေးမြင့်မားရေးအတွက် သုတေသန လုပ်ငန်းများ၏ စာတမ်းပြုစုသူများကို
ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်၍ အဆင့်မြင့်ရော်ဘာ ထုတ်ကုန်များနှင့် ရော်ဘာမျိုးသန့်
ဖူးဆက်ပျိုးပင်များ စိုက်ပျိုးပြသထားရှိမှုတို့ကို ကြည့်ရှုအားပေးသည်။
ရေမြေဒေသနှင့်ကိုက်ညီပြီး
ရော်ဘာအစေးသာမက သစ်ထွက်ကောင်းသော မျိုးများရရှိရေးနှင့် ရော်ဘာတစ်ဧက အထွက်နှုန်း တိုးတက်ရေးအတွက်
နှစ်ရှည်ပင်များ သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးဌာန (မော်လမြိုင်)၊ နှစ်ရှည်ပင်များ
သုတေသနနှင့် နည်းပညာ ဖွံ့ဖြိုးရေးခြံ (မုဒုံ) ၊(အင်္ဂဘို) နှင့် (စိန်ကလဲ့) တို့တွင်
ရော်ဘာကိုင်းပွားခင်းများ တည်ထောင်ခြင်း၊ ရော်ဘာမျိုးစပ်ခြင်း လုပ်ငန်းများ၊ ရော်ဘာမျိုးယှဉ်ပြိုင်
စမ်းသပ်ကွက်များ၊ ရောဂါဒဏ် ခံနိုင်ရည်ရှိသောမျိုးများရွေးချယ်ခြင်း၊ အစေးခြစ်စနစ်အမျိုးမျိုး
စမ်းသပ်ကွက်များ၊ မိုးကာဖြင့်အစေးခြစ်ခြင်း စမ်းသပ်ကွက်များနှင့် မြေဩဇာ စမ်းသပ်ကွက်များ
ဆောင်ရွက်လျက်ရှိပြီး သုတေသနစမ်းသပ်ကွက်များမှ တွေ့ရှိချက်များ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်ရန်
နည်းပညာ ပြန့်ပွားရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သတင်းစဉ်
No comments