အရည်အသွေးပြည့်ဝသည့် စာရင်းစစ်များဖြစ်စေရန် သင်တန်းမှလေ့လာသိရှိမှုများဖြင့် ရပ်တန့်မနေဘဲ ဆက်လက်လေ့လာ ဆည်းပူးရန်လို




နေပြည်တော်  နိုဝင်ဘာ  ၂၄


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် ဖွင့်လှစ်သည့် လက်ထောက် စာရင်းစစ်မှူးများ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း အမှတ်စဉ် (၃/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။


သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှု ကောင်းမွန်စေရန် စစ်ဆေးခြင်းဖြင့်  ကြီးကြပ်ထိန်းကျောင်းပေးလျက်ရှိရာ ယခု နိုင်ငံတော် တည်ဆောက်ရေးကာလအတွင်း ပြုပြင်ပြောင်းလဲ ဆောင်ရွက်မှုများတွင်လည်း လေလွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် စာရင်းစစ်များအနေဖြင့် ဝိုင်းဝန်းကြိုးပမ်း ထိန်းကျောင်းပေးရမည်ဖြစ်ပါကြောင်း၊ ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်နေသည့် ပညာရပ်များကို ဆက်လက်လေ့လာဆည်းပူး၍ ပြည်သူ့အကျိုး၊ ဌာနအကျိုး သယ်ပိုးဆောင်ရွက်နိုင်သည့် အရည်အသွေး ပြည့်ဝသော စာရင်းစစ် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း မှာကြားသည်။


အဆိုပါသင်တန်းကို စာသင်ခန်းတက်ရောက် (Face To Face) ဖြင့် တစ်လကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ စာရင်းစစ်ရုံးနှင့် ဒေသစာရင်းစစ်ရုံး အသီးသီးမှ သင်တန်းသား ၂၉ ဦး တက်ရောက်ပြီးမြောက်ခဲ့သည်။


သင်တန်းဆင်းပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်


No comments

Powered by Blogger.