နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သုတေသနစာတမ်းများဖတ်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာဂျာနယ် အမှတ် (၅) ထုတ်ဝေခြင်းအခမ်းအနားကျင်းပ



နေပြည်တော် ဒီဇင်ဘာ ၂၉

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ (၁၆) ကြိမ်မြောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာသုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့်သုတေသနအရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။ 

အဆိုပါသုတေသနစာတမ်းဖတ်ပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကြည်ကြည်ခင် က “အိန္ဒိယနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်ခင်ရူပါဦးနှင့် ဒုတိယဦးစီးမှူး ဒေါ်လှဆန်းဝင်း က “မော်ဒိုက်သမ္မတနိုင်ငံ တရားလွှတ်တော် ချုပ်က ဆုံးဖြတ်ခဲ့သည့်အမှုအား လေ့လာတင်ပြခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားကြပြီး တက်ရောက်လာကြသည့် ပုဂ္ဂိုလ်များက သိရှိလိုသည်များ မေးမြန်း ဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့် သုတေသနစာတမ်းဖတ်ပွဲများ ပြုလုပ် ခဲ့ပြီး သုတေသနပြုလေ့လာ၍ ရရှိလာသောသုတေသနစာတမ်းများကို အများပြည်သူသိရှိစေရန်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန်ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံး၊ ခုံရုံး၊ ကောင်စီနှင့် ရုံးများအကြောင်း အတွဲ (၁) မှ အတွဲ (၃) အထိလည်းကောင်း၊ ကမ္ဘာ့နိုင်ငံများ၏ဖွဲ့စည်းပုံအခြေခံဥပဒေအဘိဓာန်အား အတွဲ (၁) မှ အတွဲ (၃) အထိလည်းကောင်းထုတ်ဝေခဲ့ပြီးဖြစ်သည်။ 

ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာသုတစာအုပ်များအဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာ ဂျာနယ်များအားထုတ်ဝေခဲ့ရာ ဂျာနယ်အမှတ် (၁) မှ (၄) အထိထုတ်ဝေခဲ့ပြီး ယနေ့ ၂၀၂၂ ခုနှစ် ဒီဇင် ဘာ ၂၉ ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေရေးရာဂျာနယ် အမှတ် (၅) ကို စတင်ထုတ်ဝေ ဖြန့်ချိသည်။  အဆိုပါ ဂျာနယ်အမှတ်(၅)တွင် “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံး၊ ခုံရုံးများအကြောင်း” “စကားရပ်များအနက်အဓိပ္ပာယ်ဖွင့်ဆိုရေးဥပဒေ” “Judicial Review ခေါ် တရားစီရင် ရေးပြန်လည်သုံးသပ်ခြင်း သို့မဟုတ် Constitutional Review ခေါ် နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေအရ ပြန်လည်သုံးသပ်ခြင်းတို့ကိုလေ့လာတင်ပြခြင်း” နှင့် “လွတ်လပ်သော အခြေခံ ဥပဒေဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း” ဆောင်းပါးများအပါအဝင် မြန်မာဘာသာဖြင့် ဆောင်းပါး (၈)ပုဒ်၊ အင်္ဂလိပ် ဘာသာဖြင့်ဆောင်းပါး (၄)ပုဒ် ပါဝင်ပြီး စာမျက်နှာအရေအတွက်မှာ၂၃၉ ဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှ ထုတ်ဝေသောစာအုပ်များကို ဝယ်ယူ ဖတ်ရှုလိုပါက ဤရုံး လုပ်ထုံးနှင့်သုတေသနဌာန ဖုန်း ၀၆၇-၃၄၃၀၂၄၃၊ ၀၆၇-၃၄၃၀၂၆၄ သို့ ဆက်သွယ်ဝယ်ယူ နိုင် ကြောင်း သိရသည်။  


(သတင်းစဉ်)


No comments

Powered by Blogger.