လူငယ်နှင့် စာပေအနုပညာ နိုင်ငံတော်အနာဂတ်




၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပလျက်ရှိရာ ကျောင်းသား ကျောင်းသူ၊ လူငယ် လူရွယ်များ လာရောက်လေ့လာကြသဖြင့် အသိပညာဗဟုသုတများနှင့် စိတ်ဓာတ်ခွန်အားများများစွာ တိုးပွားရရှိကြပေလိမ့်မည်။


စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကို ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် စာအုပ်စာပေများကို တန်ဖိုးထားဖတ်ရှုလိုစိတ်များ ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရေး၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ၊ ကိုလိုနီလက်အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကိုသိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစားတန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု၊ သာယာလှပမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသ အလှအပများကိုသိရှိခံစားပြီး မိမိနိုင်ငံ၊ မိမိဒေသကို မြတ်နိုးတန်ဖိုးထားစိတ်များဖြစ်ပေါ်လာစေရန်နှင့် ဝန်ကြီးဌာနများ၏ ဆောင်ရွက်ချက်များကို သိရှိနိုင်စေရန်ရည်ရွယ်၍ ပြသခြင်းဖြစ်သည်။


လူငယ်လူရွယ်များအနေဖြင့် မြန်မာနိုင်ငံ၏ဖြစ်ပေါ်တိုးတက်မှုများကို တစ်ချိန်တည်း တစ်ပြိုင်တည်း သိရှိနားလည်နိုင်စေရန် ပြသပေးသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြပွဲမှတစ်ဆင့် အကျိုးကျေးဇူးများများစွာ ရရှိလာလိမ့်မည်ဟု ယုံကြည်ပါသည်။ မျက်မှောက်ကာလတွင် လူငယ်လူရွယ်များအနေဖြင့် စာပေအနုပညာဗဟုသုတများနှင့် အလှမ်းဝေးနေပြီဟု ဆိုချင်ပါသည်။ တိုးတက်ပြောင်းလဲလာသော ခေတ်ကာလနှင့်နည်းပညာဆန်းသစ်တိုးတက်မှု နယ်ပယ်ပတ်ဝန်းကျင်များတွင် လူငယ်လူရွယ်များဝဲလည်နေကြသည်မှာ သေချာပါသည်။ မှန်ကန်သည့် အသိပညာဗဟုသုတများ၊ ကိုယ်ပိုင်ယဉ်ကျေးမှုအနုပညာများနှင့် အလှမ်းဝေးနေမည်ဆိုပါက လူငယ်လူရွယ်နှင့်နိုင်ငံ၏ အနာဂတ်အတွက် ရင်လေးစရာဖြစ်မည်။


လူငယ်လူရွယ်ဆိုသည်မှာ အသက်(၁၅)နှစ်မှ အသက်(၂၅)နှစ်အရွယ် အသက်အပိုင်းအခြားအထိသတ်မှတ်လေ့ရှိပြီး အသက်(၁၈)နှစ်ပြည့်သည်နှင့် ရွေးကောက်ပွဲတွင်မိမိဆန္ဒမဲကို ပေးပိုင်ခွင့်ရှိသည့်အရွယ်ဖြစ်၍ နိုင်ငံအတွက် မှန်ကန်သည့် အတွေးအမြင်ဗဟုသုတများရှိနေရန်လိုအပ်သည်။ မျက်မှောက်ခေတ် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကာလတွင် စာပေနယ်ပယ်၊ မီဒီယာနယ်ပယ်၊ ယဉ်ကျေးမှုအနုပညာနယ်ပယ်အသီးသီးမှတစ်ဆင့် ပြည်သူများအား လွဲမှားသည့်အသိအမြင်ဗဟုသုတများ ပေးဝေနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ လူငယ်လူရွယ်များတွင် မှားယွင်းသောအသိအမြင်နှင့် ခံစားမှုများဝင်သွားမည်ဆိုပါက အနာဂတ်နိုင်ငံတော်အတွက် စိုးရိမ်ဖွယ်ရာများဖြစ်လာနိုင်ပါသည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်၊ လူမှုဘဝသာယာလှပရန်တို့အတွက် အလှမ်းဝေးနေမည်ဖြစ်ပါသည်။


ယနေ့ပညာရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်အသီးသီးတွင် လူငယ်ထုကြီးပါဝင်နေသဖြင့် ကာယဖွံ့ဖြိုးမှု၊ အသိဉာဏ်ဖွံ့ဖြိုးမှုတွင် ထိုက်ထိုက်တန်တန် ပြည့်စုံမှုရှိနေကြပါပြီ။ မိမိတို့အားမာန်ကို ယုံကြည်စိတ်ချ၍လည်းဘဝကိုစူးစမ်းလိုမှု၊ စွန့်စားလိုမှု၊ အများ၏ အထင်ကြီးအားထားမှုများကို ရယူလိုသည့်တက်ကြွမှုများရှိနေကြပါသည်။ ယင်းတို့သည်နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများအတွက်လည်းကောင်း၊ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက်လည်းကောင်းအားထားနိုင်သည့် အင်အားစုကြီးဖြစ်နေသည်ဟု ယုံကြည်ပါသည်။ အဆိုပါအင်အားစုကြီး တည့်မတ်ခိုင်မာစွာရပ်တည်နိုင်ရေးအတွက် အသိမှန်၊ အမြင်မှန်၊ လမ်းမှန်ညွှန်ပြနိုင်ရန် အားလုံးကဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လိုပါသည်။


ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် လူ့ဘောင်ကြီးကို ဦးဆောင်ပဲ့ကိုင်မောင်းနှင်ကြမည့် လူကြီးများဖြစ်လာပါလိမ့်မည်။ လူငယ်လူရွယ်များကို လျစ်လျူရှုထား၍မဖြစ်နိုင်ပါ။ လူကောင်းလူတော်လေးများဖြစ်လာအောင်၊ ယဉ်ကျေးလိမ္မာသော သားကောင်းသမီးကောင်းလေးများဖြစ်လာအောင်၊ ခေတ်ပညာများနှင့် ပြည့်စုံသော၊ အကျင့်စာရိတ္တကောင်းမွန်သော၊ အများအကျိုးဆောင်ရွက်တတ်သော၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ထက်သန်ပြီး နိုင်ငံနှင့်လူမျိုးအကျိုးစီးပွားအတွက် သက်စွန့်ကျိုးပမ်းထမ်းဆောင်နိုင်သော လူငယ်လူရွယ်များဖြစ်လာအောင် ငယ်စဉ်ကတည်းက မြေတောင်မြှောက်ပေးထားမှ နိုင်ငံ၏အနာဂတ်အတွက် စိတ်အေးရမည်ဖြစ်သည်။


သို့ဖြစ်ရာ ယခုကဲ့သို့ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကြီးကို နေပြည်တော်၌ ကျင်းပပေးခဲ့သလို အခါအခွင့်သင့်တိုင်းလည်း မြို့ကြီးများတွင် ကျင်းပပေးခြင်းအားဖြင့် အနာဂတ်နိုင်ငံတော်အတွက်အားထားရမည့် လူငယ်လူရွယ်များပေါ်ထွက်လာစေရန် အထောက်အပံ့ကောင်းများများစွာ ရရှိလာမည်ဖြစ်ပါကြောင်း။        ။


ကြေးမုံ

No comments

Powered by Blogger.