အသိပညာဗဟုသုတမျိုးစုံ တစ်စုတစ်စည်းတည်းလေ့လာနိုင်မည့် လူငယ်နှင့်စာပေအနုပညာပြပွဲသို့ လာရောက်လေ့လာကြသူများ၏ ရင်တွင်းခံစားစကားသံများ
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်၊ ဓာတ်ပုံ - ကိုအေးသန်း
နေပြည်တော် ဒီဇင်ဘာ ၂၈
လူငယ်နှင့် စာပေအနုပညာပြပွဲကို ဒီဇင်ဘာ ၂၆ ရက်မှစတင်၍ နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပလျက်ရှိသည်။
အဆိုပါ ပွဲတော်ကြီးတွင် လူမှု ရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် စာပေဆိုင်ရာ အကြောင်းအရာများ၊ အနုပညာရပ်ဆိုင်ရာ အကြောင်း အရာများ ပါဝင်သည့် ပြခန်းပေါင်း ၆၀ ကျော် ပါဝင်ပြသထားပြီး နိုင်ငံ၏ ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို သိရှိနိုင်စေ မည့် ရုပ်ရှင်ဇာတ်ကားကောင်းများ ကိုလည်း ထည့်သွင်းပြသလျက် ရှိရာ စိတ်ပါဝင်စားစွာဖြင့် စိတ်အားထက်သန်စွာ လာရောက် လေ့လာကြသည့် နေပြည်တော် ကောင်စီ နယ်မြေအတွင်းရှိ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ကလေးငယ်များ၊ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများနှင့် တွေ့ဆုံ၍ ရင်တွင်း ခံစားချက်များကို အများပြည်သူ သိရှိနိုင်စေရန် ရေးသားဖော်ပြ လိုက်ရပါသည်။
ကိုဝင်းဆန်း
(ပုသိမ်ထီးဆေးရောင်ခြယ်သူ)
ဒီလိုပြပွဲကြီးမှာ တစ်ဖက် တစ်လမ်းက ပါဝင်ဆင်နွှဲခွင့်ရတဲ့ အတွက် ဝမ်းသာမိပါတယ်။ ကျွန်တော်ကတော့ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ရဲ့ လက်မှု ပညာရပ်တစ်ခုဖြစ်တဲ့ ပုသိမ်ထီး ကို ပြပွဲလာရောက်တဲ့ သူတွေရှေ့ မှာ လက်တွေ့ဆေးရောင်ခြယ် ပြမှာဖြစ်ပါတယ်။ ပုသိမ်ထီး တစ်လက်ရရှိဖို့ အရိုးတံကို အချော သပ်၊ ပိတ်စကပ်ပြီးရင်တော့ ထီးတစ်လက်ရရှိပါပြီ။ အဲဒီထီး ပေါ်မှာ ကျွန်တော်က ပန်းပွင့်ပုံ၊ ပန်းချီပုံလေးတွေ ဆွဲပါတယ်။ ဆွဲတဲ့ ပန်းချီစုတ်တံလေးတွေ ကလည်း မတူပါဘူး။ ကျွန်တော့် အသက် ၁၀ နှစ်သားလောက် ကတည်းကစပြီး ဒီပန်းချီကို ဆွဲခဲ့တာဖြစ်ပါတယ်။ ဒီအလုပ်က ကျွန်တော့်ရဲ့ အသက်မွေး ဝမ်းကျောင်း အလုပ် ဖြစ်ပါတယ်။ ပုသိမ်ထီးတွေမှာ အလှဆောင်း ထီး၊ ရဟန်းဆောင်းထီး၊ သီလရှင် ဆောင်းထီးဆိုပြီး ရှိပါတယ်။ အခု နောက်ပိုင်းမှာတော့ ဆိုင်ခန်းတွေ မှာ အလှဆင်တာလည်း ရှိပါ တယ်။ ရှင်ပြုမင်္ဂလာပွဲတွေမှာ လည်း အသုံးပြုကြပါတယ်။
ဒီလိုပြပွဲကို လာရောက်ခွင့် ရတဲ့အတွက် ကြည်နူးဝမ်းသာမိ ပါတယ်။ ဒီပုသိမ်ထီး ဆေးရောင် ခြယ်လုပ်ငန်းကို ကျွန်တော် အသက်ရှိနေသရွေ့ လုပ်သွားမှာ ပါ။ တပည့်လေးတွေကိုလည်း လက်ဆင့်ကမ်း ပညာကုန် သင်ကြားပေးပါတယ်။ ကျွန်တော့် တပည့်လေးတွေကိုလည်း နောင် အနာဂတ် ကလေးတွေကို ဆက်လက်ပြီး လက်ဆင့်ကမ်း ပါလို့ မှာကြားဖြစ်ပါတယ်။ ဒီပညာ ကို သင်ကြားခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိသလို သင်ကြားပေးခဲ့တဲ့ ဆရာကိုလည်း အမြဲတမ်း ကျေးဇူး တင်ပါတယ်။ အခု ဒီလိုခမ်းနားတဲ့ ပွဲကို တက်ရောက်ခွင့်ရတဲ့အတွက် လည်း ဝမ်းသာကြည်နူးဖြစ်မိ ပါတယ်။
မောင်ဇော်လျှံဖြိုး (ကျောင်းသား၊ အထက -၅၊ နေပြည်တော်)
လူငယ်နဲ့ စာပေအနုပညာပြပွဲ မှာ ကျွန်တော့်အနေနဲ့ ဖျော်ဖြေရေး ကဏ္ဍကနေ ပါဝင်ဆင်နွှဲသွားမှာ ဖြစ်ပါတယ်၊ ပြခန်းတွေမှာလည်း အင်ဂျင်နီယာပိုင်းနဲ့ သက်ဆိုင် တာတွေ ပါဝင်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ အင်ဂျင်နီယာ (မြို့ပြ)ပိုင်းကိုစိတ်ဝင်စားလို့ ပိုပြီး လေ့လာဖြစ်ပါတယ်။ နောက်ပြီး ရေကြောင်း၊ လေကြောင်းနဲ့ ကုန်းလမ်းပို့ဆောင်ရေးနဲ့ ပတ်သက် တဲ့ ကဏ္ဍတွေကိုလည်း လေ့လာ ဖြစ်ပါတယ်။ ဒီလိုပြပွဲတွေ ကျင်းပ ပေးတဲ့အတွက် အနာဂတ်လူငယ် တွေအတွက် ကောင်းကျိုးများစွာ ရရှိစေပါတယ်။ လက်တွေ့ဆောင် ရွက်နေတဲ့ လုပ်ငန်းအကြောင်း အရာတွေကို ထုတ်ဖော်ပြသ ပေးတဲ့အတွက် အကျိုးရှိပါတယ်၊ ဒီလိုပွဲမျိုးက ရှားရှားပါးပါး ကြုံတောင့်ကြုံခဲ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပွဲလည်း ဖြစ်တဲ့အတွက် လာရောက်လေ့လာဖို့ ဖိတ်ခေါ် လိုပါတယ်။
မငွေဇင်သွန်း (ကျောင်းသူ၊
အထက-၂၂၊ နေပြည်တော်)
သမီးတို့က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြု အခမ်းအနားမှာ စာလုံးသရုပ်ဖော် ကဏ္ဍကနေ ပါဝင်မှာဖြစ်ပါတယ်။ ဒီနေ့လို စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြပွဲ ပြုလုပ်ပေးတဲ့ အတွက် ဗဟုသုတများစွာလည်း ရရှိပါတယ်။ ဒီပြပွဲကိုရောက်တော့ မမြင်ဖူးတာတွေလည်း မြင်ရတယ်၊ လွတ်လပ်ရေး ကြိုးပမ်းဆောင် ရွက်ခဲ့တဲ့သူတွေရဲ့ အကြောင်း တွေကို စာတွေပုံတွေနဲ့ ပြသထား တာတွေကိုလည်း တွေ့ခဲ့ရပါ တယ်။ နောက်ပြီး ဂိမ်းတွေလည်း ဆော့ကစားဖို့ စီစဉ်ပေးထားတဲ့ အတွက်လည်း အလွန်ပျော်ရွှင် ရတယ်။ ဖြစ်နိုင်ရင် နောက် တစ်ခေါက် ထပ်ပြီးလာချင်ပါ တယ်။ ဒီပွဲကို ကျင်းပပေးတဲ့ သူများအားလုံးကို ကျန်းမာပါစေ ချမ်းသာပါစေလို့ သမီးက ဆုတောင်းပေးပါတယ်။
ဦးထွန်းအေးခိုင် (စက်ရုံမှူး၊
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား)
ကျွန်တော်တို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေနဲ့ ရေဒီယို၊ Television ၊ virtual ပြခန်း၊ MRTV HD News Studio နဲ့ Online မှာ ပြသခဲ့တဲ့ သမိုင်းမှတ် တိုင်တွေကို ခင်းကျင်းပြသထား ပါတယ်။ ကျွန်တော်တို့အနေနဲ့ ထုတ်လွှင့်ခဲ့တဲ့ သမိုင်းမှတ်တိုင် တွေ၊ လက်ရှိ မြန်မာ့အသံက ပြသ နေတဲ့ HD News Studioနဲ့ virtual Studio တွေကို လူငယ် တွေ မျက်ဝါးထင်ထင် မြင်တွေ့ သွားအောင် ပြသခြင်းဖြစ်ပါတယ်။ လူငယ်တွေအနေနဲ့ ကျွန်တော်တို့ MRTV ရဲ့ သတင်းထုတ်လွှင့် တင်ဆက်နေမှုတွေ၊ ရေဒီယို တင်ဆက် ထုတ်လွှင့်ပေးနေမှု တွေ၊ တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ရေဒီယို၊ ရုပ်မြင်သံကြားလိုင်း တွေ လွှမ်းခြုံနေမှုတွေကို ကြည့်ရှု လေ့လာနိုင်ပါတယ်။ လူငယ်တွေ အတွက် အတွေ့အကြုံဗဟုသုတ တွေ ရရှိတဲ့အပြင် လက်ရှိဝန်ကြီး ဌာနတွေမှာ လုပ်ငန်းတွေ ဘယ်လို ဆောင်ရွက်နေတယ် ဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။
ဦးဘုန်းဆက်ပိုင် (မြန်မာအမျိုး
သား လေကြောင်းလိုင်း)
ကျွန်တော်တို့ မြန်မာ့ လေကြောင်းပြခန်းမှာ လေကြောင်း လိုင်းမှာသုံးနေတဲ့ လေယာဉ်ပျံ တွေ၊ ကျွန်တော်တို့နိုင်ငံကို ပြည်ပကနေ ဆင်းသက်ခဲ့တဲ့ လေကြောင်းလိုင်း ၄၀ နဲ့ အခု လက်ရှိ ဆင်းသက်နေတဲ့ လေယာဉ်ပျံပုံစံငယ် အရုပ်လေး တွေကို လေ့လာနိုင်ပါတယ်။ လူငယ်တွေ အခုလို လာရောက် လေ့လာတဲ့အခါမှာ လေကြောင်းနဲ့ ပတ်သက်ပြီး ပိုမိုစိတ်ဝင်စား လာကြပါတယ်။ ဒါကြောင့် လေကြောင်းနဲ့ သက်ဆိုင်တဲ့ လေယာဉ်မောင်းတဲ့ အလုပ်၊ လေယာဉ်မှူးအလုပ်၊ လေကြောင်း ထိန်းအလုပ်၊ လေယာဉ်မယ်နဲ့ လေယာဉ်မောင် အလုပ်တွေကို ပိုပြီးလုပ်ချင်လာမယ်လို့ မျှော်လင့် ပါတယ်။ ဒီပြပွဲမှာ ပြကွက်ပေါင်း အများကြီး ရှိတဲ့အတွက်ကြောင့် သိချင်တဲ့ ဗဟုသုတပေါင်းစုံကို တစ်နေရာတည်းမှာ စုစုစည်းစည်း လေ့လာလို့ ရတဲ့အတွက် နိုင်ငံ တော်ကို ကျေးဇူးတင်ပါတယ်။ နိုင်ငံတော်အဆင့် ပြုလုပ်တဲ့ လူငယ်နှင့် စာပေအနုပညာ ပြပွဲမှာ ဝင်ရောက်ပြသခွင့် ရရှိတဲ့အတွက် မြန်မာ့လေကြောင်း အနေနဲ့ အင်မတန် ဂုဏ်ယူမိ ပါတယ်။
မထူးချွန်ထက်မြတ်စိုး
(ကျောင်းသူ၊ အ.ထ.က-၉၊
နေပြည်တော်)
အခုပြပွဲမှာ လေ့လာခဲ့တာ ကတော့ ယာဉ်ထိန်းအဖွဲ့ ဝတ်စုံ လေးတွေ၊ ကြီးမြတ်သောမြန်မာ ပြခန်းထဲမှာ ခင်းကျင်းပြသထား တဲ့ အရာတွေကို လေ့လာခဲ့ပါ တယ်။ ဉာဏ်စမ်းပဟေဠိကို သမီး တို့ သူငယ်ချင်းသုံးယောက် ဖြေဆို ခဲ့ပါတယ်။ ဒီပြပွဲ လာရောက်ရတဲ့ အတွက် သမီးအနေနဲ့ ပျော်ရွှင်ရ ပါတယ်။ စိတ်ထွက်ပေါက်လည်း ရပါတယ်။ ဗဟုသုတတွေလည်း အများကြီးရပါတယ်။ ဒီလိုပြပွဲတွေ လုပ်ပေးတဲ့အတွက် လူငယ်တွေ အတွက် အများကြီး အထောက် အကူဖြစ်ပါတယ်။ စာအုပ်တွေ လည်း အများကြီးရှိတဲ့အတွက် လည်း ဗဟုသုတတွေရရှိပါ တယ်။ သူငယ်ချင်းတွေအနေနဲ့ လည်း လာရောက်ပြီးတော့ လေ့လာစေချင်ပါတယ်။
မမိုးမမကျော် (ကျောင်းသူ၊
အ.ထ.က-၉၊ နေပြည်တော်)
သမီး ဒီနေ့ လေ့လာခဲ့တာ ကတော့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဌာနဆိုင်ရာပြခန်း၊ ယာဉ်ထိန်းပြခန်းကို လေ့လာခဲ့ ပါတယ်။ ယာဉ်ထိန်းအင်္ကျီဝတ်စုံ၊ ယာဉ်ထိန်းရဲမေ ဝတ်စုံတွေကို သဘောကျတဲ့အတွက် သမီးအနေ နဲ့ ယာဉ်ထိန်းရဲမေ လုပ်ချင်ပါ တယ်။ အခုလို ပြပွဲကျင်းပပေးတဲ့ အတွက် ကျောင်းသား ကျောင်းသူ တွေ ပျော်ရွှင်ရပါတယ်။ စာပေ အတွက်လည်း အသိဗဟုသုတ တွေ ရပါတယ်။ ကျောင်းတိုင်းလိုလို ဒီပွဲကို လာရောက်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်။
မလျှက်တွယ်တာ (ကျောင်းသူ၊
အ.ထ.က-၉၊ နေပြည်တော်)
အခုပြပွဲမှာ အများကြီး လေ့လာခဲ့ရပါတယ်။ ပို့ဆောင်ရေး ကဏ္ဍနဲ့ သမိုင်းအကြောင်းအရာ တွေဆို သမီးက စိတ်ဝင်စားတဲ့ အတွက် ကြီးမြတ်သော မြန်မာ ရုပ်ရှင်နဲ့ ပြခန်းကို သွားရောက် လေ့လာခဲ့ပါတယ်။ ကြီးမြတ်သော မြန်မာရုပ်ရှင်မှာဝတ်တဲ့ လက် ဝတ်လက်စားတွေ၊ စာအုပ်တွေ ကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သမိုင်းကြောင်းကို လူတွေက လေ့လာမှု နည်းပါးနေတယ်။ ဒါကြောင့် သူငယ်ချင်းတွေကို သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး တော့ လေ့လာစေချင်ပါတယ်။ ဒီပြပွဲမှာ သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ခင်းကျင်းပြသပေးထားတဲ့အတွက် လည်း တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်။
မနှင်းဖူးအိမ် (ကျောင်းသူ၊
စံကိုယ်ပိုင်အထက်တန်းကျောင်း)
ပြပွဲမှာ ပြခန်းတွေ အများကြီး လေ့လာပြီးပါပြီ။ ကျန်းမာရေး ဝန်ကြီးဌာနကပြသတဲ့ အသည်းနဲ့ ပတ်သက်တာ၊ အဆုတ်နဲ့ပတ်သက် တာ၊ ဦးနှောက်သွေးယိုခြင်းနဲ့ ပတ်သက်တာတွေကို သေချာ လေး လေ့လာဖြစ်ပါတယ်။ ဒီလိုမျိုးပြပွဲတွေ လုပ်ပေးခြင်းဟာ သမီးတို့လို လူငယ်တွေအတွက် အသိပညာဗဟုသုတတွေ များစွာ ရရှိစေပါတယ်။ ကျောင်းမှာပဲ ဒီအတိုင်း ပညာသင်ကြားလေ့လာ တာထက်စာရင် လက်တွေ့ ကိုယ့်ဘာသာကိုယ် သိရတာ ပိုကောင်းပါတယ်။ နောင်မှာ လည်း ဒီလိုမျိုးပွဲတွေလုပ်ပေးဖို့ မျှော်လင့်ပါတယ်။ ကျောင်းမှာ စာတွေနဲ့ပဲ အချိန်ကုန်နေရတဲ့ အတွက် အခုလိုမျိုး အပြင်ထွက် ပြီးတော့ လေ့လာရတဲ့အခါ စိတ်ပျော်ရွှင် လန်းဆန်းစေပါ တယ်။
မောင်ကောင်းမြတ်ကျော်
(ကျောင်းသား၊ အ.ထ.က-၆၊
နေပြည်တော်)
အခုပြပွဲမှာ အသစ်အဆန်း တွေ လေ့လာခွင့်ရခဲ့ပါတယ်။ ကျွန်တော် အကြိုက်ဆုံးကတော့ နည်းပညာပိုင်းတွေ ဖြစ်ပါတယ်။ ကျွန်တော် ကွန်ပျူတာကို စိတ်ဝင် စားတဲ့အတွက် နည်းပညာပိုင်း ကို ပိုပြီးလေ့လာဖြစ်ပါတယ်။ ပြီးတော့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ရဲ့ လုပ်ငန်းတွေဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း စိတ်ဝင်စားပါတယ်။ ကျွန်တော့် ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံ မှာ အိုင်တီပိုင်းဆိုင်ရာ စီးပွားရေး လုပ်ငန်းကို လုပ်ဆောင်ပါမယ်။ လူငယ်တွေအနေနဲ့ ဒီမှာ ပြသ ထားတဲ့ နည်းပညာ အသစ်အဆန်း တွေကို လေ့လာခွင့်ရခဲ့တဲ့အတွက် အလွန်ကောင်းပါတယ်။ ကျောင်းစာ အပြင် အခြားအရာတွေကို လေ့လာဖို့အတွက် လမ်းစဖြစ်ပါ တယ်။ နောင်နှစ်တွေမှာလည်း ဒီလိုပွဲမျိုး ဆက်လက်ဆောင်ရွက် ပေးဖို့ မျှော်လင့်မိပါတယ်။
No comments