မှန်ကန်တိကျတရားမျှတမှုဖြင့် ပြည်သူလူထုအကျိုးဆောင်ရွက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်
ပြည်သူလူထု၏ဆန္ဒနှင့်အညီ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု တည်ဆောက်ရေးဟူသည့် နိုင်ငံရေး
လုပ်ငန်းစဉ် (၂) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။ အားလုံးမျှော်မှန်း တည်ဆောက်နေသည့်
ဒီမိုကရေစီစနစ်ခိုင်မာရေး ဆောက်ရွက်ရာတွင် လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ တရားမျှတခြင်း
စသည့်အခြေခံလိုအပ်ချက်များ ဖြစ်ပေါ်စေရေးအတွက် တရားရေးကဏ္ဍသည် အလွန်အရေးကြီးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွန်ပြည်နယ် တရားလွှတ်တော် အဆောက်အအုံသစ်ဖွင့်ပွဲ၌
“ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင်
တန်းတူညီမျှအခွင့်အရေးရှိစေရမည်၊ ထို့အပြင်ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်”
ဟူသည့် ပြဋ္ဌာန်းချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့်
“ဥပဒေအထက်တွင် မည်သူမျှမရှိစေရ” ဟူသည့်အတိုင်း အဘက်ဘက်က မှန်ကန်တိကျပြီး တရားမျှတမှုရှိသည့်
စီရင်ဆုံးဖြတ်ချက်များနှင့် နိုင်ငံနှင့် ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်ကြရန်”
တိုက်တွန်းထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်
ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည် ချက် (၉) ရပ်တို့ကိုချမှတ်ပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေး၊
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး
တိုးတက်ရေးတို့ကို ဆောင်ရွက်ပေးနေသကဲ့သို့ တစ်ဖက်တွင်လည်း ခေတ်ကာလနှင့်မလျော်ညီတော့သည့်
ဥပဒေ၊ နည်းဥပဒေများကို ပြင်ဆင်ခြင်း၊ ဖျက်သိမ်းခြင်း၊ အစားထိုးဖြည့်စွက်ခြင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းတို့ကို
ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်ကို တာဝန်ယူဆောင်ရွက်လျက်ရှိရာတွင် အရေးပေါ်ကာလဆိုင်ရာ
ပြဋ္ဌာန်းချက်များနှင့်အညီ တိကျစွာဆောင်ရွက်လျက်ရှိပြီး ပြဋ္ဌာန်းထားသောဥပဒေများအတိုင်းသာ
ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။
တရားစီရင်ရေးသည် ပြည်သူလူထုယုံကြည်အားထားရသည့်
တရားစီရင်ရေးဖြစ်ရန် အရေးကြီးသည်။ တရားဥပဒေ စိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံအတွက်
အထူးအရေးကြီးသည့်ကဏ္ဍဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံး၏ နေ့စဉ်လူမှုဘဝ လုံခြုံစိတ်ချမှုရှိစေရေးအတွက်
မရှိမဖြစ်လိုအပ်သော အခန်းကဏ္ဍဖြစ်သည်။ တရားစီရင်ရေးသည် အမှားအယွင်း မခံသည့်ကိစ္စဖြစ်ပြီး
အပြစ်ရှိသူတစ်ယောက်ကို ထိုက်သင့်သည့် ပြစ်ဒဏ်ချမှတ်ရန်လိုအပ်ပြီး အပြစ်မရှိသူ တစ်ယောက်ကို
မှားယွင်းအပြစ်ပေးမိခြင်းမျိုး မဖြစ်စေရန်လည်းလိုအပ်သည်။ ပြည်သူလူထု ယုံကြည်စိတ်ချပြီး
အားကိုးအားထားပြုနိုင်ရေးအတွက် တရားရုံးများသည် ဥပဒေနှင့်အညီ လွတ်လပ်မှန်ကန်စွာဆုံးဖြတ်နိုင်ခြင်း၊
အဂတိတရားကင်းစင်ခြင်း၊ မှန်မှန်ကန်ကန် နှင့်မြန်ဆန်စွာဖြင့် အဆုံးအဖြတ်ပြုနိုင်ခြင်းများသည်
အရေးကြီးသောအချက်များ ဖြစ်သည်။
ကျူးလွန်သည့် ပြစ်မှုနှင့်
သင့်တော်သည့် ပြစ်ဒဏ်မျိုးကို မှန်မှန်ကန်ကန်ချမှတ် နိုင်ခြင်းသည် တရားစီရင်ရေး၏ အဓိကလိုအပ်ချက်ဖြစ်ရာ
တရားသူကြီးများအနေဖြင့် ဥပဒေရေးရာတွင် နှံ့စပ်ကျွမ်းကျင်ပြီး စီရင်ထုံးများကို သိရှိနားလည်အောင်
အစဉ်ကြိုးစားလေ့လာနေရန် လိုအပ်ကြောင်း၊ ပြစ်မှုကျူးလွန်သူကို နောင်တွင် နောက်ထပ်ပြစ်မှု
မကျူးလွန်စေရေး ဟန့်တားနိုင်သည့် ပြစ်ဒဏ်စီရင်ချမှတ်နိုင်ရေးအတွက် တရားသူကြီးများ၏
အတွေ့အကြုံနှင့် ဆင်ခြင်တုံတရားများသည် တရားရေးမဏ္ဍိုင်တွင် အလွန်အရေးကြီးသည်ကို နိုင်ငံတော်အကြီးအကဲက
အသိပေး မှာကြားထားသည်။
မျက်မှောက်ကာလတွင် ကမ္ဘာ့နိုင်ငံအများအပြားရှိ
တရားရုံးများတွင် နည်းပညာကို အသုံးပြုပြီး တရားစီရင်ရေး ဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။
ကွန်ပျူတာ၊ အင်တာနက်နှင့် ဆက်စပ်နည်းပညာပစ္စည်းများကို တရား စီရင်ရေးကဏ္ဍတွင် အသုံးပြုလာကြသကဲ့သို့
ဉာဏ်ရည်တု(AI) နည်းပညာကိုပါ အသုံးပြုလာပြီဖြစ်သည်။ သက်သေစစ်ဆေးရာတွင်လည်း Video
Conferencing စနစ်ကို အသုံးပြုပြီး အဝေးရောက်နေသည့် သက်သေများ စစ်ဆေးခြင်းကိုလည်း ဆောင်ရွက်နေပြီဖြစ်သည်။
မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍတွင် အဆိုပါ နည်းပညာများကို အသုံးပြုဆောင်ရွက်နေပြီဖြစ်၍
ကြိုဆိုရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဒီမိုကရေစီစနစ်၏
အခြေခံအုတ်မြစ်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက်
မြန်မာနိုင်ငံ၏ တရားစီရင်ရေးကဏ္ဍကို အဆင့်မြှင့်တင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီ ဖြစ်ရာ
ဥပဒေနှင့်အညီ မှန်ကန်တိကျသည့် တရားမျှတသော တရားစီရင်ရေးစနစ်ဖြင့် နိုင်ငံတော်နှင့်
ပြည်သူလူထု အကျိုးကို ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီဖြစ် ပါကြောင်း။
ကြေးမုံ

No comments