စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သယံဇာတပစ္စည်းများမှ ထုတ်ကုန်ပစ္စည်းများကို ထိရောက်စွာ အသုံးချ၍ အကျိုးရှိစွာအသုံးပြုမည်ဆိုပါက မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍမှာ တိုးတက်လာမည်



နေပြည်တော်     ဒီဇင်ဘာ     ၂၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မင်္ဂလာခန်းမ၌ တွေ့ဆုံသည်။


အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊  ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထောင်စုဝန်ကြီးများ၊  ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ရန်ကုန်မြို့တော်ဝန်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ်အမှု ဆောင်များ၊  ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။


ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)ဥက္ကဋ္ဌ ဦးအေးဝင်းက အသင်းချုပ် စတင်တည်ထောင်ခဲ့မှု၊ အသင်းချုပ်အား ဖွဲ့စည်းထားရှိမှု၊ အသင်းချုပ်၏    ညီနောင်အသင်းအဖွဲ့များအား သတ်မှတ်စည်းကမ်းချက် များနှင့်အညီ စိစစ်လက်ခံမှု၊ အသင်းချုပ်၏ လည်ပတ်နေမှု၊ အသင်းချုပ်၏ မူဝါဒများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍    ရှင်းလင်းတင်ပြသည်။ ထို့နောက် UMFCCI ဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း      ဥက္ကဋ္ဌဖြစ်သူ ဦးရဲမင်းအောင်နှင့်    တက်ရောက်လာကြသည့်  ညီနောင်အသင်းအဖွဲ့များမှ     တာဝန်ရှိသူများက အသင်းအဖွဲ့အလိုက် ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ကဏ္ဍအလိုက်မှ ပို့ကုန်များကို ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ဆောင်ရွက် ရန်လိုအပ်မှု၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ခေတ်မီနည်းစနစ်များ အသုံးပြု ဆောင်ရွက်ရန်လိုအပ်မှု၊ စက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရင်း အနှီး၊ ကျွမ်းကျင်လုပ်သားများ၊ နည်းပညာစသည်တို့တွင် ကူညီဆောင်ရွက်ပေးစေလိုမှု၊ လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများတင်သွင်းရာတွင် ကုန်ပစ္စည်းအရည်အသွေးပြည့်မီမှု      စစ်ဆေးပေးနိုင်ရန်နှင့် ကုန်သွယ်ခွန်ကောက်ခံမှုအား သက်သာသောနှုန်းထားဖြင့် ခွင့်ပြုပေးစေ လိုမှု၊ စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကျွမ်းကျင် လုပ်သားနှင့်  အတတ်ပညာရှင် လူသားအရင်းအမြစ်များလိုအပ်မှု၊   ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြု၍  လျှပ်စစ်ဓာတ်အားထုတ်ယူမှုတွင် ပုဂ္ဂလိကကဏ္ဍ အားပေးကူညီစေလိုမှုနှင့် လျှပ်စစ် စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယာဉ်များ နိုင်ငံအတွင်း အသုံးပြုမှု တွင်ကျယ်လာစေရေး ဆောင်ရွက် လျက်ရှိမှု၊   ပြည်တွင်းထုတ်ကုန်ပစ္စည်းများအား  ဈေးကွက်ရရှိရေး ကုန်စည်ပြပွဲများ တိုးမြှင့်ဆောင်ရွက် ရန်လိုအပ်မှု၊ ပြည်သူများ အလုပ်အကိုင်ကောင်းမွန်စွာရရှိရေး၊ ပြည်ပပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရနှင့်  စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များ   ညီညီညွတ်ညွတ်ဖြင့်    ပူးပေါင်းကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်မှု၊ ICT ဆိုင်ရာ သွင်းကုန်ပစ္စည်းများ အခွန်နှုန်း သက်သာစွာဖြင့်ရရှိရေး ကန့်သတ်ချက်များဖြေလျှော့ ပေးစေလိုမှု၊ ကျောက်မျက်ရတနာ ရောင်းချပွဲများတွင် နိုင်ငံခြား ငွေဖြင့် ရောင်းချသည့် ပြပွဲများအပြင် မြန်မာ ကျပ်ငွေဖြင့်ရောင်းချသည့် ပြပွဲများကိုလည်း စီစဉ် ဆောင်ရွက်ပေးစေလိုမှု စသည်တို့နှင့်ပတ်သက်၍ လိုအပ်ချက်များ အသီးသီးအကြံပြု ဆွေးနွေးတင်ပြ ကြသည်။


ထို့နောက် တက်ရောက်လာကြသူများ၏ ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးအောင်နိုင်ဦးတို့က နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ရင်းနှီးမတည်ငွေနှင့် လိုအပ်ချက်များအား တတ်နိုင်သရွေ့ နိုင်ငံတော်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိမှု၊ လိုင်စင်များနှင့်ပတ်သက်၍    အချိန်နှင့်တစ်ပြေးညီ    အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးလျက်ရှိမှု၊   စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်လုပ်ငန်းများအတွက် လိုအပ်သည့် နည်းပညာနှင့် အရင်းအနှီးများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် လိုအပ်သည်များ ဆောင်ရွက်ပေး လျက်ရှိမှု၊ လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေး ယာဉ်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဝန်ကြီးဌာန များမှလည်း ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိမှုနှင့်  စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နေမှု  စသည်ဖြင့်   သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးပြန်လည်ဆွေးနွေးပြောကြားကြသည်။


ယင်းနောက်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်   စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်(UMFCCI)သည် ဖွဲ့စည်းတည်ထောင်မှု နှစ်ပေါင်း ၁၀ဝ ကျော်ရှိပြီဖြစ်ပြီး အမှီအခိုကင်းသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊   အစိုးရအဆက်ဆက် အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက် ခဲ့သကဲ့သို့ မိမိတို့အနေဖြင့်လည်း နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှုများရှိမှသာလျှင် ရောင်းဝယ်မှုများနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်နိုင်မည်ဖြစ် ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော် အနေဖြင့် စီမံဆောင်ရွက်ပေးရကြောင်း၊ ထုတ်ကုန်များ ရရှိရန်အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)ကို  အခြေခံသည့်လုပ်ငန်းများကို အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံ့လူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများ ဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အဓိကထား ဆောင်ရွက်ကြကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေး ကို အခြေခံသည့် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှုများ ကို ဆောင်ရွက်ခြင်းသည် အကျိုးများစွာဖြစ်ထွန်းစေပြီး နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။


MSME   လုပ်ငန်းများ၏  ရည်ရွယ်ချက်သည် ပြည်တွင်းစီးပွားရေးအားပေးရန်၊ သွင်းကုန်အစားထိုး ရန်နှင့် ပို့ကုန်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရန်ဖြစ်ကြောင်း၊ ပြည်တွင်းစီးပွားရေးကို အားပေးရန် အတွက် ကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ဒီမိုကရေစီပထမအစိုးရနှင့် ဒုတိယအစိုးရ သက်တမ်းတို့တွင် ပြည်တွင်းကုန်ထုတ်လုပ်မှုထက် ပြည်ပမှ သွင်းကုန်တင်သွင်းမှုကို ဦးစားပေးခဲ့ခြင်း ကြောင့် ကုန်သွယ်မှုလိုငွေများရှိခဲ့ကြောင်း၊ ပြည်တွင်းမှ ထုတ်လုပ်သည့် ထုတ်ကုန်များကို ဦးစားပေး၍ ဆောင်ရွက်ခြင်းသည်    ပိုမိုအကျိုးဖြစ်ထွန်းစေ ကြောင်း၊ ပြည်တွင်း စီးပွားရေးတိုးတက်ရန်အတွက် လူတစ်စု၏  စီးပွားတိုးတက်ရေးထက်  လူအများ စီးပွားရေး တိုးတက်ရန်လည်းလိုကြောင်း၊ ထို့ကြောင့် အများစုအကျိုးရှိနိုင်သည့် စီးပွားရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။


ခေတ်အဆက်ဆက်တွင်     နိုင်ငံ့စီးပွားရေးတိုးတက်ရေးအတွက် စနစ်အမျိုးမျိုးဖြင့် ဆောင်ရွက် ခဲ့ကြကြောင်း၊  တပ်မတော်အစိုးရလက်ထက်တွင် ဈေးကွက်စီးပွားရေးစနစ်ဖြင့် စတင်ဆောင် ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှစ၍ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းချိန်၌ ဈေးကွက် စီးပွားရေးစနစ် ပိုမိုပီပြင်လာခဲ့ကြောင်း၊ သို့သော် နိုင်ငံတော်အစိုးရအနေဖြင့်    ပုဂ္ဂလိကမှမလုပ် နိုင်သည့် အချို့သော စီးပွားရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေရကြောင်း၊ မိမိတို့၏ ရည်ရွယ်ချက်မှာ ပုဂ္ဂလိကစီးပွားရေးကို အားပေးလိုခြင်းဖြစ်ကြောင်း၊ သို့သော် စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းကမ်းပိုင်းဆိုင်ရာအရ အစိုးရတစ်ရပ်၏ ထိန်းကျောင်းမှုဖြင့် လည်း ကင်း၍ရနိုင်မည် မဟုတ်သောကြောင့် ယခု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များ အသင်းအနေဖြင့်လည်း နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် အပြည့်အဝပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း။


မိမိတို့နိုင်ငံတွင်  ထုတ်ကုန်ပစ္စည်းနည်းပါးမှုကြောင့်    ရောင်းဝယ်မှုနည်းပါးခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာဖြင့် အရေအတွက်များပြားစွာ ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သယံဇာတပစ္စည်းများမှ   ထုတ်ကုန်ပစ္စည်းများကို ထိရောက်စွာအသုံးချ၍ အကျိုးရှိစွာ အသုံးပြုမည် ဆိုပါက မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍမှာ တိုးတက် လာမည်ဖြစ်ကြောင်း။


နိုင်ငံတော်မှ  ထုတ်ချေးပေးသည့်  ချေးငွေနှင့် ပတ်သက်၍  ဖွံ့ဖြိုးရေးအရ ချေးငွေများရှိသကဲ့သို့ စီးပွားရေးအရ  ထုတ်ချေးပေးသည့် ချေးငွေများရှိ ကြောင်း၊ နိုင်ငံတော်မှ တတ်နိုင်သမျှ ရင်းနှီးမြှုပ်နှံငွေ များထုတ်ချေးပေးလျက်ရှိကြောင်း၊   နိုင်ငံအတွင်း ငွေကြေးလည်ပတ်သုံးစွဲမှုများ များပြားမှသာလျှင် စီးပွားရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ နိုင်ငံတော် အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိကြောင်း။


ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်   သွင်းအားစုများ လိုအပ်သဖြင့်  ရရှိအောင်ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ် လုပ်ရေး   လုပ်ငန်းစီမံကိန်းများအနက် အချို့မှာ အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရသဖြင့် လျှပ်စစ် ဓာတ်အားလုံလောက်မှု မရှိသေးကြောင်း၊ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံး    လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့်   လေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများကို  ဆောင်ရွက်ကြရန် လိုကြောင်း၊ အလားတူ စပါးခွံလောင်စာသုံး Gastifire ဖြင့်  လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းကိုလည်း လက်တွေ့အသုံးချနိုင်မည်ဆိုပါက     အားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


ဓာတ်မြေဩဇာနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဓာတ်မြေဩဇာစက်ရုံများရှိပြီး အဆိုပါ စက်ရုံများ လည်ပတ်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ မွေးမြူပြီး ထွက်ရှိလာသည့်  စွန့်ပစ်ပစ္စည်းများကို ဇီဝမြေဩဇာများအဖြစ်   အသုံးချနိုင်ကြောင်း၊ အလားတူ အီးအမ်ဘိုကာချီ ကဲ့သို့သော သဘာဝ မြေဩဇာများကိုလည်း အသုံးပြုဆောင်ရွက်၍ရ ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း လေးရပ်စလုံးပြည့်စုံကောင်းမွန် နေရန်လိုကြောင်း၊  ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့ အစည်းများမှ ကြိုးပမ်းဆောင်ရွက်ပေးမည်ဆိုပါက စိုက်ပျိုးရေးလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း။


ထို့ပြင်  မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ခွင့်ပြုပေးထားသည့် မြေနေရာများတွင် စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့်ဆောင်ရွက်ပြီး အကျိုးရှိစွာ အသုံးချကြစေလိုကြောင်း၊   စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ပစ္စည်းများဖြင့်  လူသုံးကုန်ပစ္စည်းနှင့်  စားသောက်ကုန်ပစ္စည်း   ထုတ်လုပ်ခြင်းလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည် ဆိုပါ က ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် မည်ဖြစ်သဖြင့် နိုင်ငံအတွက်များစွာ အကျိုးရှိမည်ဖြစ် ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ပြည့်မီအောင်ထုတ်လုပ်ပြီး ၎င်းထက်ပိုမို ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း။


လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြည်သူများပညာရည် မြင့်မားရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  သက်ဆိုင်ရာပညာရပ်များအလိုက် ကျွမ်းကျင်ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး ဘာသာရပ်များအလိုက်သင်တန်း ကျောင်းများ ဖွင့်လှစ်သင်ကြားပေး လျက်ရှိသကဲ့သို့ ပုဂ္ဂလိကအနေဖြင့်လည်း ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးမည်ဆိုပါက    နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှု သည် များစွာကြီးမားပြီး နိုင်ငံအတွက် အကျိုးများစွာဖြစ်ထွန်းနိုင်သည့် ရင်းနှီးမြှုပ်နှံမှုပင်ဖြစ် ကြောင်း၊ ဘာသာရပ်အလိုက် ပညာရပ်များကို အမှန်တကယ်ကျွမ်းကျင်ပိုင်နိုင်သည် အထိ သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း။


မိမိတို့နိုင်ငံတွင် စက္ကူလိုအပ်ချက်များစွာရှိပြီး သစ်နှင့်ဝါး သယံဇာတများကို စနစ်တကျထုတ်ယူ အသုံးပြု၍ ၎င်းတို့မှ စက္ကူပျော့ဖတ်များ ထုတ်လုပ်၍ ရကြောင်း၊ ပြည်တွင်း၌ စက္ကူပျော့ဖတ်နှင့် စက္ကူထုတ် လုပ်ခြင်းလုပ်ငန်းများကို  ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် အားပေးဆောင် ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ပြည်တွင်းမှ ထွက်ရှိသည့် ရော်ဘာများဖြင့် လူသုံးကုန်ပစ္စည်း များကိုထုတ်လုပ်ရန်လိုကြောင်း၊ အလားတူ ချည်နှင့် ချည်ထည်များကို နှစ်စဉ်ပြည်ပမှ  တင်သွင်းနေရမှုများရှိသဖြင့် ပြည်တွင်း ဝါစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖွံ့ဖြိုး တိုးတက်အောင် အားပေးဆောင်ရွက်ကြရန်လိုကြောင်း၊   အထည်ချုပ်လုပ်ငန်းများနှင့် ပတ်သက်၍ ယခုထက်ပိုမိုတိုးတက်အောင်  ဆောင်ရွက်ကြရန်လိုကြောင်း၊ အထည်ချုပ်လုပ်ငန်းသည် အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ကြောင်း၊ လုပ်သားများ၏ လစာငွေများနှင့် ရပိုင်ခွင့်များကိုလည်း မှန်မှန်ကန်ကန် ရရှိအောင်ဆောင်ရွက် ပေးရန်လိုကြောင်း၊ လုပ်သားများကျွမ်းကျင်မှုရှိစေရေးနှင့် စက်ပစ္စည်း များ တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်လာပြီး ဝယ်လိုအားမြင့်တက်လာမည်ဖြစ်ကြောင်း။


ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည့် သံမဏိများထုတ်လုပ်နိုင်ရန် အတွက် ကုန်ကြမ်းပစ္စည်းများရှိပြီးဖြစ်ကြောင်း၊ ပြည်တွင်း၌ သံမဏိထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် မည်ဆိုပါက မည်သည့်တိုင်းရင်းသား လုပ်ငန်းရှင်များကိုမဆို  အားပေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လူသုံးကုန်ပစ္စည်းများကို    ပြည်ပမှအများဆုံးမှာ ယူသုံးစွဲနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုများ    များပြားလျက်ရှိကြောင်း၊ ထို့ကြောင့် လူသုံးကုန် ပစ္စည်းများကို ပြည်တွင်း၌ ထုတ်လုပ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူး ရောင်းချမည်ဆိုပါက တိုင်းပြည်အတွက် များစွာအကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း။


ဘဏ်လုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့စတင် တာဝန်ယူချိန်တွင်  အကြောင်းအမျိုးမျိုးကြောင့် ဘဏ်လုပ်ငန်းများ ရပ်တန့်ခဲ့ရကြောင်း၊ သို့သော် ယခုအခါ ဘဏ်လုပ်ငန်းများ ပြန်လည်လည်ပတ် လာပြီဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းဆောင်ရွက်သူများ အနေဖြင့်လည်း လုပ်ငန်းများကို မှန်မှန် ကန်ကန်ဖြင့် စနစ်တကျဆောင်ရွက်ကြရန် တိုက်တွန်းမှာကြား လိုကြောင်း၊ နိုင်ငံအတွက်  ဘဏ်လုပ်ငန်းသည် အရေးကြီးသဖြင့် ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်း ဆောင်ရွက်ခဲ့ရကြောင်း။


ခရီးသွားလုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊     ခရီးသွားလုပ်ငန်းကို အထောက်အကူပြုနိုင်သည့် ရပ်ရွာများ သန့်ရှင်းသာယာလှပရေးအတွက် အမြဲ မပြတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် နိုင်မည်ဆိုပါက  နိုင်ငံအတွက်များစွာအကျိုးဖြစ်နိုင်မည် ဖြစ်ကြောင်း။


မိမိတို့နိုင်ငံတွင် ဆေးဝါးလိုအပ်မှုများရှိသဖြင့် အချို့သော ဆေးဝါးများမှလွဲ၍ ထုတ်လုပ်နိုင်သည့် ဆေးဝါးများကိုလိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ် နိုင်ရန်လိုကြောင်း၊ အလားတူ မိမိတို့နိုင်ငံမှ ပြည်ပ နိုင်ငံများသို့    သွားရောက်၍ကျန်းမာရေးစောင့် ရှောက်မှုခံယူသူများ   များပြားလျက်ရှိ ကြောင်း၊ ပြည်တွင်း၌ပုဂ္ဂလိက ဆေးရုံလုပ်ငန်းများ  ဆောင်ရွက် မည်ဆိုပါက ပြည်သူများအတွက် များစွာအထောက် အကူပြုမည်ဖြစ်၍ ဆောင်ရွက်ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း။


 နိုင်ငံစီးပွားတိုးတက်ရေးအတွက် ယခုတက်ရောက်လာကြသည့်   အဖွဲ့အစည်းမှ အများဆုံး ဆောင်ရွက်နေခြင်းဖြစ်သဖြင့်  နိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ့အကျိုးကိုကြည့်၍  အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း  ဆွေးနွေးပြောကြားသည်။


ယင်းနောက်    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက် ရောက်လာကြသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်(UMFCCI)မှ ဗဟိုအလုပ်အမှုဆောင်များ၊  ညီနောင်အသင်းအဖွဲ့များမှ  တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.