အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများအား ကူညီကယ်ဆယ်နိုင်ရေးနှင့် တရားမဝင်သွားရောက် လုပ်ကိုင်မှုများအား ကာကွယ်တားဆီးနိုင်ရေး ညှိနှိုင်းဆွေးနွေး




နေပြည်တော် ဒီဇင်ဘာ ၂၇


ပြည်ပနိုင်ငံများတွင် ဒုက္ခရောက်နေသူများအား ကူညီကယ်ဆယ်ပေးရန်နှင့် မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင် ရွက်ပေးရန် ယနေ့ကျင်းပသည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံ သားများအား ကူညီကယ်ဆယ်နိုင်ရေးနှင့် တရားမဝင်သွားရောက်လုပ်ကိုင်မှုများအား ကာကွယ် တားဆီးနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။ 


ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အမှန်တကယ် ဒုက္ခရောက်နေသူများကို ခေါ်ဆောင်နိုင် မည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များ၊ ကုန်ကျစရိတ်များ၊ စသည်တို့ကို စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်၍ ကူညီပေးသွားစေလိုကြောင်း၊ မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးနှင့် တရားမဝင်သွားရောက်လုပ်ကိုင်မှုများ လျော့နည်းပပျောက် စေ ရေးနှင့် ကာကွယ်တားဆီးနိုင်ရေး စီမံဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သဖြင့် တာဝန်ရှိသူများ အနေဖြင့် လိုအပ်သည့်လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေး ပေးရန် ထည့်သွင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာအလုပ်သမားများသည် ယူအေအီးနိုင်ငံ၊ အိုမန်နိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ ကာတာနိုင်ငံ၊ ဆော်ဒီအာရေးဗျနိုင်ငံစသည့် အရှေ့အလယ်ပိုင်းနိုင်ငံ များသို့ အိမ်အကူလုပ်ငန်းနှင့် အခြားအထွေထွေလုပ်သားများအဖြစ် တရားမဝင်သွားရောက် လုပ်ကိုင်လျက်ရှိရာ အချို့သူများသည် အကြောင်းအမျိုးမျိုးဖြင့် လူမှုဒုက္ခများ ကြုံတွေ့လျက်ရှိနေ ကြောင်း။

ဝန်ကြီးဌာနအနေဖြင့် တရားဝင်ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီ များမှတစ်ဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုပေး လျက်ရှိ သဖြင့် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နိုင်ရေး အသိပညာပေးလုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာ တိုင်ကြားမှုများနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် စစ်ဆေးရေးအဖွဲ့များဖြင့် ဖွဲ့စည်း၍ စစ်ဆေးဆောင်ရွက်လျက် ရှိပြီး ဥပဒေချိုးဖောက်သူများကို ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင် ဆိုင်ရာဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဒုက္ခရောက်သူများနှင့်ပတ်သက်၍ လတ်တလောတွင် ဝန်ကြီးဌာနသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့သည့် အမှုများကို သက်ဆိုင်ရာဝန်ကြီးဌာနများ နှင့် ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တရားမဝင် သွားရောက်လုပ်ကိုင်ခြင်းများ ကို ကာကွယ်တားဆီးရာတွင် အသိပညာပေးခြင်း၊ အများပြည်သူသိရှိစေရေး အသိပေး ကြေညာ ပေးခြင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်ထွက်ပေါက်များတွင် အလည်ဗီဇာဖြင့် သွားရောက် အလုပ် လုပ်ကိုင်မည့်သူများကို စနစ်တကျသေချာစွာ စိစစ်ကြပ်မတ်၍ ၎င်းတို့ကို အသေးစိတ် မေးမြန်းပြီး တရားမဝင်ပို့ဆောင်သူများကို ဖော်ထုတ်ဖမ်းဆီး အရေးယူသွားနိုင်ရေး ဆောင်ရွက် သင့်ကြောင်း ကိုလည်း ပြောကြားခဲ့သည်။


ထို့နောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ဝန်ကြီးဌာနရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် “မြစ်နှင့်ပင်လယ်အတွင်း မုန်တိုင်းဒဏ်ကြောင့်သော်လည်းကောင်း၊ အခြားဘေး အန္တရာယ်တစ်ရပ်ရပ်ကြောင့်သော်လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပနယ်မြေ ရပ်ခြား များသို့ ရောက်ရှိသွားကြသည့် ဒုက္ခသည်များအား ကူညီထောက်ပံ့ခြင်း”ဆိုသည့် လုပ်ငန်းတာဝန် နှင့်စပ်လျဉ်း၍ ကူညီထောက်ပံ့မှုများဆောင်ရွက်လျက်ရှိကြောင်း၊ လူကုန်ကူးခံရသူများအား  ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်း ကော်မတီ၏ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်၍ လူကုန်ကူးခံရသူများနှင့် ရွှေ့ပြောင်းလုပ်သား များ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ငန်းတာဝန်အဖြစ် ထည့်သွင်းအကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း။


ရပ်တည်ရန်ခက်ခဲပြီး လူကုန်ကူးခံရနိုင်သည့် အခြေအနေတွင်ရှိသော မြန်မာရွှေ့ပြောင်း အလုပ်သမားများအား ပြန်လည်လွှဲပြောင်း လက်ခံပြီးနောက် ယာယီလက်ခံစောင့်ရှောက်နိုင်ရန် ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများကို မူဆယ်၊ မန္တလေး၊ မြဝတီ၊ ကော့သောင်းနှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများတွင် အခက်အခဲများကြုံတွေ့နေရသော မြန်မာနိုင်ငံသားနှင့် စပ်လျဉ်း၍ Social Media တွင် ဒူဘိုင်းနိုင်ငံမှ live လွှင့် အကူအညီတောင်းခံခဲ့သည့် လူကုန် ကူးခံရသူ အမျိုးသမီး(၇)ဦးကို ကူညီထောက်ပံ့ ဆောင်ရွက်ပေးခဲ့မှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများက လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးကြကြောင်း သိရသည်။ 


(သတင်းစဉ်)


No comments

Powered by Blogger.