တံတားဦးမြို့တွင် မြေပြင်လူဦးရေစာရင်းဆိုင်ရာ အချက်အလက်များပြည့်စုံမှန်ကန်ရေး တာဝန်ရှိသူများ ကွင်းဆင်းတိုက်ဆိုင်စစ်ဆေး




တံတားဦး ဒီဇင်ဘာ  ၂၃


တံတားဦးခရိုင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ဦးဆောင်၍ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက တံတားဦးမြို အမှတ်(၁)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်တွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကို ဦးဆောင်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကော်မရှင်အဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေထိုင်သည့် အခြေခံအိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)နှင့် မြေပြင်တွင် အမှန်တကယ် နေထိုင်မှုရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းတွင် သေဆုံးသူစာရင်းများ ပယ်ဖျက်ခြင်း၊ လူပုဂ္ဂိုလ်အမည်စာရင်းတူနေခြင်း၊ မွေးဖွားသည့် ရက်၊ လ ထပ်နေသူများစစ်ဆေးခြင်း၊ မွေးသက္ကရာဇ်မပါသူများ မပြည့်စုံသူများ စစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ရေး ကတ်မှန်/မမှန်စိစစ်ခြင်း၊ အသက်(၁၈)နှစ်အထက်၊ (၁၈)အောက် နိုင်ငံသားကတ် မရှိသူများ စိစစ်ခြင်းတို့ကို စနစ်တကျ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ကြသည်။


မြေပြင်လူဦးရေစာရင်း အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး ကွင်းဆင်းတိုက်ဆိုင် စစ်ဆေးခြင်းကို ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရန်၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ စာရင်းများ ပြည့်စုံမှန်ကန်စေရန်အတွက်  သတ်မှတ်ကာလတွင် အချိန်မီပြီးစီးရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်သွားဦးမည်ဖြစ်ကြောင်း အခြေခံအိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တိုက်ဆိုင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးတင်စိုး ထံမှသိရသည်။


ဦးရဲတင့်( ပြန်/ဆက်)  




No comments

Powered by Blogger.