နေ့စဉ်မိုးလေဝသသတင်း

 



(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့ မွန်းလွဲ (၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်)


ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက ကချင်ပြည်နယ်တွင် နေရာအနှံ့အပြား၊  စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာစိပ်စိပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး၊ နေပြည်တော်နှင့် ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။ ညအပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် (၂)ဒီဂရီစင်တီဂရိတ် လျော့နည်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၂)ဒီဂရီစင်တီဂရိတ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့ကာ၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ပါသည်။ ထူးခြားသည့် ညအပူချိန်များမှာနမ့်စန်မြို့တွင် (၂)ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့၊ မိုင်းယန်းမြို့၊ ဟားခါးမြို့နှင့် တီးတိန်မြို့တို့တွင် (၅)ဒီဂရီစင်တီဂရိတ်စီနှင့် လွိုင်လင်မြို့တွင် (၆)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ခန္တီးမြို့တွင် (၀.၃၁)လက်မ၊ မိုးမိတ်မြို့တွင် (၀.၁၆)လက်မ၊ ကွမ်းလုံမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့တို့တွင် (၀.၁၂)လက်မစီနှင့် မြစ်ကြီးနားမြို့၊ မချမ်းဘောမြို့၊ ဟုမ္မလင်းမြို့နှင့် တမူးမြို့တို့တွင် (၀.၀၈)လက်မစီတို့ ဖြစ်ကြပါသည်။  


ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ်  ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ 


မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့်  မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။ 


မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာမြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၅)ပေမှ (၇) ပေခန့် ရှိနိုင်ပါသည်။


နောက်(၂)ရက်အတွက် ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။


နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။


Credit>မိုး/ဇလ

No comments

Powered by Blogger.