မိုးညှင်းတက္ကသိုလ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘာသာရပ်ဆိုင်ရာအသိပညာပေးပြခန်းများနှင့် မိသားစုစျေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ



မိုးညှင်း ဇန်နဝါရီ  ၁


၂၀၂၃ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ဘာသာရပ်ဆိုင်ရာ အသိပညာပေးပြခန်းများနှင့် မိသားစုစျေးရောင်းပွဲတော်ကို ဒီဇင်ဘာ(၃၀)ရက် မွန်းတည့် (၁၂)နာရီက တက္ကသိုလ် ပင်မဆောင်ရှေ့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


ရှေးဦးစွာ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှမျိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးညီညီလွင်၊ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်နှင့် ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး မိုးညှင်းတပ်နယ်မှူးနှင့်တကွ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ခရိုင်မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ဘာသာရပ်ဆိုင်ရာ အသိပညာပေးပြခန်းများနှင့် မိသားစုစျေးရောင်းပွဲတော်ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။


မိုးညှင်းတက္ကသိုလ်၌ ကျင်းပသော ဘာသာရပ်ဆိုင်ရာ အသိပညာပေးပြခန်းများ ပြသဆောင်ရွက်ရာတွင် မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများအား ပညာရပ်များကို တန်ဖိုးထားပြီး လေးစားအတုယူတတ်စေရန်နှင့် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေရန်ရည်ရွယ်၍ ဘာသာရပ်အသီးသီးမှ အသိပညာပေးပြခန်းများ စုစုပေါင်း(၁၃)ခန်းပါဝင်ကြောင်း သိရသည်။


ယင်းပြပွဲနှင့် စျေးရောင်းပွဲတော်ကို တက္ကသိုလ်မှ ကျောင်းသားကျောင်းသူများ၊ အခြေခံပညာ အထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ရွှေမိုးညှင်း

No comments

Powered by Blogger.