“ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအစီရင်ခံစာများ စိစစ်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များအပေါ် ရှင်းလင်းဆွေးနွေး



နေပြည်တော်၊ ဒီဇင်ဘာ ၂၈ 

           

“ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာများ စိစစ်သုံးသပ်ခြင်းဆိုင်ရာလုပ်ငန်း လမ်းညွှန်ချက်အပေါ် ရှင်းလင်းဆွေးနွေးသည့် အစည်းအဝေး”ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနိုင်မည့် ဆိုးကျိုးသက်ရောက်မှုများနှင့် ဆက်စပ်သက်ရောက်မှုများကို ဘက်စုံထောင့်စုံ စနစ်တကျ ဆန်းစစ်ဖော်ထုတ်၍ ဆိုးကျိုးများ ရှောင်ရှားနိုင်ရန်နှင့် လျှော့ချနိုင်ရန် ဆောင်ရွက်ရမည့် ပြည့်စုံသောလုပ်ငန်းအစီအစဉ်များ ရေးဆွဲပြုစုရာတွင် တတိယပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း။

 

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၊ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းနှင့် ပတ်ဝန်းကျင်စီမံ ခန့်ခွဲမှု အစီအစဉ် အစီရင်ခံစာများ မှန်ကန်မြန်ဆန်စွာ စိစစ်သုံးသပ်နိုင်ရေးအတွက် “ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာများ စိစစ်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်” ပြုစုထုတ်ပြန်ရန် လိုအပ်လျက်ရှိကြောင်း၊ “ပတ်ဝန်းကျင် ဆန်းစစ်ခြင်း အစီရင်ခံစာများ စိစစ်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်” ကို ဆက်စပ်ပုဂ္ဂိုလ်/ အဖွဲ့အစည်းများနှင့် ဆွေးနွေးအပြီးသတ် ရေးဆွဲခဲ့ပြီးဖြစ်ကြောင်း

 

အစီရင်ခံစာများ ရေးသားပြုစုတင်ပြသည့်အခါ အထောက်အကူပြုစေရန် ရည်ရွယ်လမ်းညွှန်ချက်ကို ရှင်းလင်းချပြရခြင်း ဖြစ်ကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာအစီရင်ခံစာများ စိစစ်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက် ပြဌာန်းထုတ်ပြန်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရေးဌာန ညွှန်ကြားရေးမှူးတို့က စိစစ်သုံးသပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များကို ရှင်းလင်းဆွေးနွေးကြပြီး ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရေးအစီရင်ခံစာစိစစ် သုံးသပ်ရေးအဖွဲ့ဝင်များ၊ ပတ်ဝန်းကျင်ဆန်းစစ်ခြင်း အစီရင်ခံစာရေးသားပြုစုသည့် တတိယပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများက စိစစ်သုံးသပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ နှင့်စပ်လျဉ်း၍ အကြံပြု ဆွေးနွေးကြသည်။

 

အစည်းအဝေးသို့ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးထွန်အုံနှင့် ဦးမင်းသူ၊  အမြဲတမ်း အတွင်းဝန်၊ ဦးစီးရုံးချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

သတင်းစဉ်

 

 

 

No comments

Powered by Blogger.