ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံဆွေးနွေး


 


နေပြည်တော်   ဒီဇင်ဘာ  ၂၈

 

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည်တရုတ် ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ် မစ္စတာ ကျောက်ကျား အောက်ဝ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ယမန်နေ့ညနေ ပိုင်းတွင် ဝန်ကြီးဌာန နီလာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်စကားပြောကြားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ မြှင့်တင်ရေးဗဟိုဌာန၏ အတွင်းရေးမှူးချုပ်ဖြစ်သူ မစ္စတာ ကျောက်ကျားအောက်ဝ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံဆိုင်ရာ မြှင့်တင်ရေး ဗဟိုဌာန တည်ထောင်ခြင်းမှာ ချုံချင့်မြို့ရှိ ပြည်သူများသာမက တရုတ်ပြည်အနောက်ပိုင်းအထိပါ မြန်မာနိုင်ငံအား ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို တိုးမြှင့်လုပ်ဆောင် သွားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း။

 

 မိမိတို့အနေဖြင့် ချုံချင့်မြို့၌ တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၊ တရုတ်-မြန်မာ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင် ခရီးသွား မိတ်ဖက်မြို့တော် ရက်သတ္တပတ် အစီအစဉ်တို့ကို ကျင်းပရန်ရှိရာ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲ ကျင်းပရာတွင် ပြခန်းပေါင်း ၁၅၀ ခင်းကျင်းပြသရန် စီစဉ်ထားရှိပြီး မြန်မာနိုင်ငံမှ ခရီးသွားပြခန်းများ ခင်းကျင်းပြသသွားနိုင်ရေးအတွက် ဝန်ကြီးဌာနနှင့် ခရီးသွားအသင်းအဖွဲ့များကို ဖိတ်ကြားသွားလိုကြောင်း၊ အဆိုပါပြပွဲတွင် မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို အွန်လိုင်းမှ တိုက်ရိုက်မြှင့်တင် ကြော်ငြာသွားမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း၊ ယခုပြပွဲအား နှစ်စဉ်ပုံမှန်ကျင်းပနိုင်ရေးကိုလည်း စီစဉ်လျာထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ချုံချင့်မြို့ရှိ ခရီးသွားပြည်သူများကို ဆွဲဆောင်သွားနိုင်မည်ဟု ယုံကြည်ကြောင်း၊ ချုံချင့်မြို့ရှိ ခရီးသွားပြည်သူများ အနေဖြင့် မြန်မာနိုင်ငံသို့ ပိုမိုလာရောက် လည်ပတ်နိုင်ရေးအတွက် တိုက်ရိုက်လေကြောင်းလိုင်း ပျံသန်းပြေးဆွဲပေးနိုင်ပါက ပိုမို အဆင်ပြေနိုင်ကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ မြှင့်တင်ရေး ဗဟိုဌာနအနေဖြင့် တရုတ်-မြန်မာ ခရီးသွားမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် သွားလို ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့သည် ခရီးသွားလုပ်ငန်းအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ်ခရီးသွား ဧည့်သည်များ လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဘာသာစကားမှအစ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း။

 

ချုံချင့်မြို့၌ မကြာမီကျင်းပမည့် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှု ဖိုရမ်၊ တရုတ်-မြန်မာ ယဉ်ကျေးမှု ဆိုင်ရာ ခရီးသွားကုန်စည်ပြပွဲ၊ လန်ချန်း-မဲခေါင် ခရီးသွား မိတ်ဖက်မြို့တော် ရက်သတ္တပတ် အစီအစဉ်တို့တွင် ဝန်ကြီးဌာနအနေဖြင့် ဆက်စပ်ဝန်ကြီးဌာနများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် ခရီးသွားပြခန်း ၅၀ အပြင် သွားလာနေထိုင် စားသောက်ရေးကိုပါ အခမဲ့စီစဉ် ဆောင်ရွက်ပေးမည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ခရီးသွားအသင်း အဖွဲ့များနှင့်ပူးပေါင်း၍ ပြသသွားရန် စီစဉ်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်သည့်အချိန်တွင် အခြားခရီးစဉ်ဒေသများသို့လည်း သွားရောက်လေ့လာ လည်ပတ်စေလိုကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

No comments

Powered by Blogger.