လူငယ်ဘဝ စာပေဖတ်ရှုခြင်းအစ




လူငယ်များ စာပေနှင့်ရင်းနှီးလာစေရေး၊ စာဖတ်ခြင်းကို စိတ်ပါဝင်စားလာစေရေးတို့အတွက် နှိုးဆော်သည့်အနေဖြင့် စာပေဆိုင်ရာပွဲတော်များ၊ ပြပွဲများကို ကျင်းပပေးလျက်ရှိသည်။ ကလေး၊ လူငယ်၊ လူကြီး မည်သည့်အရွယ်ပင်ဖြစ်စေ စာဖတ်သူက စာမဖတ်သူထက် လူရည်လူသွေး ပို၍သာသည်။ လူငယ်များစာဖတ်ရန် လူကြီးများအထူးသဖြင့် မိဘများက ပျိုးထောင်ပေးခြင်းဖြင့် ပိုမိုထိရောက်အောင်မြင်နိုင်သည်။ စာဖတ်ဝါသနာပါသူ အမိအဖတို့၏ ရင်သွေးသားသမီးများက မိလိုက်ဖပါသဘောဖြင့် စာဖတ်ဝါသနာပါသူများ ဖြစ်လေ့ရှိကြသည်ကိုလည်း တွေ့ရသည်။


ကမ္ဘာ့တီထွင်သူများ သမိုင်းတွင် နာမည်အကျော်ကြားဆုံးဖြစ်သူ သောမတ်စ်အက်ဒီဆင် (၁၈၄၇- ၁၉၃၁) သည် ငယ်စဉ်က ရောဂါကြောင့် ကျောင်းတွင် စာသင်ကြား၍မရဘဲ ဉာဏ် အထိုင်းဆုံးကျောင်းသားအဖြစ် သတ်မှတ်ခံခဲ့ရပြီး ကျောင်းထွက်ခဲ့ရသည်။ မိခင်ဖြစ်သူက အိမ်မှာပင် စာသင်ပေးခဲ့ပြီး ဖခင်ကလည်း စာပေများဖတ်ရှုရန် တိုက်တွန်းအားပေးခဲ့ရာ စာဖတ်ခြင်းက အက်ဒီဆင်၏ အနှစ်သက်ဆုံးဝါသနာဖြစ်လာသည်။ အသက် ၁၂ နှစ်အရွယ်တွင် ရထားပေါ်၌ ဈေးရောင်းခဲ့ရပြီး ရထားရပ်နားချိန်တိုင်းတွင် စာကြည့်တိုက်သို့သွား၍ စာကို သဲကြီးမဲကြီးဖတ်ရှုကာ စာပေမှရခဲ့သော အသိပညာဗဟုသုတများကို လက်တွေ့အသုံးချ လေ့လာစူးစမ်းခြင်း၊ အကောင်အထည်ဖော် တီထွင်ခြင်းဖြင့် လူသားတို့အတွက် အရေးပါသည့် တီထွင်မှုပေါင်းများစွာကို ပြုလုပ်နိုင်ခဲ့သည်။ အကယ်၍သာ အက်ဒီဆင်သည် ကျောင်းမှထွက်ခဲ့ရပြီးသည့်နောက် စာပေသင်ကြားခွင့်လည်းမရ၊ စာပေဖတ်ရှုခြင်းလည်း မပြုနိုင်ခဲ့ပါက ကမ္ဘာကျော်တီထွင်မှုပညာရှင်ကြီးလည်း ဖြစ်လာမည်မဟုတ်ဟု ဆိုနိုင်သည်။


စာပေဖတ်ရှုရာတွင် ဗဟုသုတပြည့်စုံကြွယ်ဝခြင်း၊ တွေးခေါ်မြော်မြင်တတ်လာခြင်း၊ စဉ်းစားဆုံးဖြတ်မှုများကို တည်ငြိမ်မှန်ကန်စွာပြုလုပ်နိုင်ခြင်း၊ အမှားအမှန် အကောင်း အဆိုးတို့ကို ခွဲခြားတတ်လာခြင်း စသည့်အရည်အသွေးများကို ရရှိလာမည်ဖြစ်သည့်အပြင် ခန္ဓာကိုယ်၏စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတို့ကို ကောင်းမွန်လာစေသည်။ စာဖတ်သည့်အခါ ဦးနှောက်တွင်ရှိနေသည့် မတူညီသော အစိတ်အပိုင်းများအကြား ဆက်သွယ်အလုပ်လုပ်ကြရခြင်းကြောင့် ဦးနှောက်၏ စွမ်းဆောင်ရည်ကို ပိုမိုမြင့်တက်လာ စေသည်။ ခန္ဓာကိုယ်ရှိကြွက်သားများ လေ့ကျင့်ခန်းလုပ်ရသည့်အခါ သန်မာလာစေသကဲ့သို့ပင် ဖြစ်သည်။ ထို့အပြင် စိတ်ဖိစီးမှုများကို ရင်ဆိုင်နေရသည့်အခါတွင်လည်း စာဖတ်ခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေနိုင်သည်။ စာဖတ်ခြင်း အလေ့အကျင့်ဖြင့် ဦးနှောက်၏လုပ်ငန်းဆောင်တာ ဖြစ်သော အာရုံစူးစိုက်မှုကို အားကောင်းစေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်သော အကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင်သည်။


တိုးတက်သောလူမျိုးသည် စာဖတ်၍ စာဖတ်သောလူမျိုးသည် တိုးတက်ကြသည်ဟူသော အဆိုအတိုင်း စာဖတ်ခြင်းဖြင့် မိမိကိုယ်ကိုယ် တိုးတက်စေရန်၊ မိမိလူမျိုးတိုးတက်စေရန် ကြိုးပမ်းကြစေလိုသည်။ သုတစာပေဖြစ်စေ၊ ရသစာပေဖြစ်စေ မိမိစိတ်ဝင်စားရာစာပေကို နေ့စဉ်စာမျက်နှာအနည်းငယ်မှစ၍ အလေ့အကျင့်ပြု ဖတ်ရှုခြင်းမှ စာဖတ်နှုန်းကို မြှင့်တင်သွားကြရန်ဖြစ်သည်။ တစ်စက်တစ်စက်ကျသော ရေသည်အချိန်ကြာမြင့်သည့်အခါ အိုးကိုပြည့်စေသကဲ့သို့ ဦးနှောက်၏အာဟာရဖြစ်သော စာပေဖတ်ရှုခြင်းကို လူငယ်ဘဝမှစတင် ကာ ပျိုးထောင်သွားကြပါစေလိုကြောင်း။ ။


မြန်မာ့အလင်း

No comments

Powered by Blogger.