ပြည်တွင်းလိုအပ်ချက်ဖြည့်ဆည်း စီးပွားရေးမြှင့်တင်




မြန်မာနိုင်ငံလူဦးရေ၏ ၇၅ ရာခိုင်နှုန်းခန့်သည် ကျေးလက်နေပြည်သူများဖြစ်သည်။ ကျေးလက်ပြည်သူများသည် အဓိကအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြ၍ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များသည် မြန်မာနိုင်ငံ၏ အဓိကထုတ်ကုန်ပစ္စည်းများ ဖြစ်သည်။ သို့သော်အကြောင်းအမျိုးမျိုးကြောင့် ထုတ်ကုန်ပစ္စည်းနည်းပါးမှု၊ အရည်အသွေး မမီမှုတို့ကြောင့် ရောင်းဝယ်ဖောက်ကားမှုအားနည်းသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ညီနောင် အသင်းအဖွဲ့များမှ တာဝန်ရှိသူများအားတွေ့ဆုံစဉ် “မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့်လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အစိုးရနှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်ကုန်ပစ္စည်းနည်းပါးမှုကြောင့် ရောင်းဝယ်မှုနည်းပါးခြင်းဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာဖြင့် အရေအတွက် များပြားစွာထုတ်လုပ်နိုင်ရန် အရေးကြီးကြောင်း” ပြောကြားထားသည်။


မြန်မာနိုင်ငံအနေဖြင့် သဘာဝသယံဇာတပစ္စည်းများ ပေါများကြွယ်ဝသဖြင့် ထုတ်ကုန်ပစ္စည်းများအတွက် ကုန်ကြမ်းအလုံအလောက်ရှိသည်။ သို့သော် ကုန်ပစ္စည်းထုတ်လုပ်မှုအပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှု၊ ကျွမ်းကျင်လူသားအရင်း အမြစ်များလိုအပ်မှု၊ ခေတ်မီစက်ကိရိယာနှင့် ကုန်ထုတ်လုပ်မှုအရင်းအနှီးများ လိုအပ်မှု၊ တီထွင်ကြံဆထုတ်လုပ်နိုင်မှု စသည့်အကြောင်းအချက်များကြောင့် အရည်အသွေးပြည့်ဝသောကုန်ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်နိုင်ခြင်း မရှိပေ။ ရောင်းဝယ်ဖောက်ကား ကုန်သွယ်စီးပွားကဏ္ဍ၌ အခြားနိုင်ငံမှကုန်ပစ္စည်းများ နှင့်နှိုင်းယှဉ်လျှင် လူကြိုက်နည်းသဖြင့် ကုန်ထုတ်လုပ်မှုလျော့နည်းလာခဲ့သည်။ ယင်းကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဝိုင်းဝန်းကြံဆပြုပြင် ပြောင်းလဲလုပ်ကိုင်ကြရန်လိုအပ်သည်။


နိုင်ငံတော်အစိုးရအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းရှင်များလိုအပ်သည့် အရင်းအနှီးအမျိုးမျိုးကို ထုတ်ချေးပေးပြီး အားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတွင်း ငွေကြေးလည်ပတ်သုံးစွဲမှု များပြားမှသာလျှင် စီးပွားရေးလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် သွင်းအားစုများ လိုအပ်သဖြင့် ယင်းတို့ကိုရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စီးပွားရေးလုပ်ငန်းများတွင် အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး၊ ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရေးနှင့် သဘာဝသယံဇာတမှ ပြည်ပသွင်းကုန်အစားထိုး ပြည်တွင်း ထုတ်ကုန်ထုတ်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်မည်ဆိုပါက နိုင်ငံတော်အစိုးရက အားပေးဆောင်ရွက်သွားမည်ဖြစ်သည်။           


စီးပွားရေးလုပ်ငန်းများမှ တာဝန်ရှိသူများကလည်း ထုတ်ကုန်လုပ်ငန်း မြင့်မားတိုးတက်ရေးအတွက် အကြံပြုတင်ပြထားသည်။ ကဏ္ဍအလိုက်ပို့ကုန်များကို ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန် နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ လယ်ယာကဏ္ဍ၌ ခေတ်မီနည်းစနစ်များ အသုံးပြုနိုင်ရေး၊ စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်အရင်းအနှီး၊ ကျွမ်းကျင်လုပ်သား၊ နည်းပညာစသည်တို့တွင် ကူညီဆောင်ရွက်ပေးရေး၊ ကုန်ကြမ်းပစ္စည်းများတင်သွင်းရာတွင် အရည်အသွေးပြည့်မီမှု စစ်ဆေးပေးနိုင်ရေးနှင့် ကုန်သွယ်ခွန် ကောက်ခံမှုကို သက်သာသောနှုန်းထားဖြင့် ခွင့်ပြုပေးရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ပုဂ္ဂလိကကဏ္ဍကို အားပေးကူညီပေးရေး၊ လျှပ်စစ်စွမ်းအင်သုံး သယ်ယူပို့ဆောင်ရေးယာဉ်များ တွင်ကျယ်စွာ အသုံးပြုလာရေး၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ရရှိရေးအတွက် ကုန်စည်ပြပွဲများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လာရေး၊ ပြည်ပပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေး၊ အိုင်စီတီနည်းပညာ ဆိုင်ရာ သွင်းကုန်ပစ္စည်းများ အခွန်နှုန်းသက်သာစွာရရှိရေး ကန့်သတ်ချက်များ ဖြေလျှော့ပေးရေး စသည့်လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။


နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်း၌ကုန်ကြမ်းပစ္စည်းများ အလုံအလောက်ရှိ၍ ပြည်တွင်းကုန်ကြမ်းပစ္စည်းများနှင့် ဆောင်ရွက်မည်ဆိုပါက မည်သည့် တိုင်းရင်းသားလုပ်ငန်းရှင်များကိုမဆို အားပေးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အခြေခံအားဖြင့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်ပစ္စည်းများဖြင့် လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်ချက်များကို ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့လည်းတင်ပို့နိုင်လျှင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမည်။ မြန်မာနိုင်ငံတွင် လူသုံးကုန်ပစ္စည်းများကို ပြည်ပမှ အများဆုံးမှာယူတင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှု များပြားလျက်ရှိသည်။ လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ပါက တိုင်းပြည်အတွက် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း။   ။


ကြေးမုံ

No comments

Powered by Blogger.