လာအို-မြန်မာ-ထိုင်း ၃ နိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် (Precursor) ပရီကာဆာဓာတုပစ္စည်းများထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကျင်းပ



နေပြည်တော်၊ ဒီဇင်ဘာ ၂၉


လာအို-မြန်မာ-ထိုင်း ၃ နိုင်ငံအကြား မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် (Precursor) ပရီကာဆာဓာတုပစ္စည်းများ ရွှေတြိဂံဒေသသို့ မဝင်ရောက်စေရေးအတွက် ထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့ရှိ The Heritage Pattaya Beach Resort ၌   ကျင်းပခဲ့သည်။


အစည်းအဝေးသို့ လာအို အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေး ကော်မရှင် (LCDC) အတွင်းရေးမှူးချုပ် Mr. Inpong Chanthavongsa ဦးဆောင်သည့် ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံမူးယစ် ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ (ONCB) အထွေထွေအတွင်းရေးမှူးချုပ် Mr. Wichai Chaimongkon ဦးဆောင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ထိုင်းနိုင်ငံ (ONCB) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Wichai Chaimongkon က ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုနယ်ပယ်များသို့ ဓာတုပစ္စည်းများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် ဘေးကင်းလုံခြုံသော မဲခေါင်စစ်ဆင်ရေးစီမံချက်(၂၀၁၉-၂၀၂၂)အရ ဆောင်ရွက်သည့် အစည်းအဝေးဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ နိုင်ငံအလိုက် ပရီကာဆာ ဓာတုပစ္စည်းများ ပူးပေါင်းထိန်းချုပ်ရေးနှင့် တားဆီးနှိမ်နင်းရေး ဆောင်ရွက်သည့်အခြေအနေနှင့် ရှေ့ဆက်တားဆီးဆောင်ရွက်မည့်ကိစ္စရပ်များ၊ ထိုင်းနိုင်ငံအနေဖြင့် Sodium Cyanide ၊ Benzyl Cyanide နှင့် Benzyl Chloride ၃ မျိုးကို ယခုနှစ်အတွင်းထိန်းချုပ်ထားပြီး Hydroxylimine ကို ထပ်မံ ထိန်းချုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအတွက် ပိုမို ကောင်းမွန်သော တားဆီးနှိမ်နင်းရေးနည်းလမ်း များဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။


 မြန်မာနိုင်ငံ မူးယစ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင် က ဆွေးနွေးရာတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးလုပ်ငန်းများကို လာအို-မြန်မာ-ထိုင်း ၃ နိုင်ငံတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုကြောင့် အောင်မြင်မှုများစွာ ရရှိခဲ့သော်လည်း ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှုများ လျော့ကျသွားခြင်း မရှိသည်ကို ဖမ်းဆီးမှုဖြစ်စဉ်များအရ တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေး အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အမြဲအသင့် ရှိကြောင်း၊ လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်မှု တားဆီးရေးအတွက် ဓာတုပစ္စည်းများကို သက်ဆိုင်ရာနိုင်ငံအလိုက် တားဆီးထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုမှာ များစွာအရေးပါသဖြင့်     ၃ နိုင်ငံအကြား ယခုကဲ့သို့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုသည် မူးယစ်ဆေးဝါး ထုတ်လုပ်သယ်ဆောင် ရောင်းဝယ်မှု များကို ထိထိရောက်ရောက် တားဆီးနိုင်မည် ဖြစ်ပါကြောင်း၊ ရွှေတြိဂံဒေသရှိ နိုင်ငံများအနေဖြင့် ပရီကာဆာဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုသည် မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုနှင့် နှိုင်းယှဉ်ပါက လွန်စွာနည်းပါးနေခြင်းကြောင့် ပရီကာဆာဓာတုပစ္စည်းများ တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု မရှိစေရေးအတွက် လာအို-မြန်မာ-ထိုင်း ၃ နိုင်ငံအကြား ယခုထက် ပိုမိုပူးပေါင်းထိန်းချုပ်ရေး၊ ဖမ်းဆီးရမိမှုများအား အချိန်နှင့်တစ်ပြေးညီ သတင်းဖလှယ်ရန် အဆင့်လိုက် Contact Person များ ထားရှိရေး၊ မြန်မာနိုင်ငံမှ တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံတွင် ဖွင့်လှစ်သင်ကြားမည့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆိုင်ရာ အထူးလုပ်ငန်းတာဝန်အဖွဲ့ Eagle 19 သင်တန်းသည်လည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် အထောက်အကူများစွာ ရရှိမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။


 လာအိုအမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့် ကြီးကြပ်ရေး ကော်မရှင်(LCDC)၏ ညွှန်ကြားရေးမှူးချုပ် Mr. Inpong Chanthavongsa က  မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ် မှုများမှာ လာအို-မြန်မာ-ထိုင်း ၃ နိုင်ငံကြားသာမက အခြားကမ္ဘာ့နိုင်ငံများ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးများကို ထိခိုက်စေပါကြောင်း၊ လာအိုနိုင်ငံ အနေဖြင့် ဘေးကင်းလုံခြုံသော မဲခေါင်ပူးပေါင်း ဆောင်ရွက်ရေးစင်တာ(SMCC)မှ ပရီကာဆာ ဓာတု ပစ္စည်းများထိန်းချုပ်ရေးလုပ်ငန်းများကို အလေး အနက်ထား ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေးသည်။ 


အဆိုပါ အစည်းအဝေး၌ စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ကဖင်းကို လာအို၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့မှ ထိန်းချုပ်ထားရှိပြီးဖြစ်၍ ဒေသတွင်း မဲခေါင် MoU အဖွဲ့ဝင်နိုင်ငံ များအတွင်း ထိန်းချုပ်နိုင်ရေးဆွေးနွေးသွားရန်၊ နိုင်ငံအလိုက် ဖမ်းဆီးရမိ ပရီကာဆာဓာတုပစ္စည်း များအား နှစ်စဉ်ဖျက်ဆီးရာတွင် ပြည်သူလူထု၏ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်များ ဘေး အန္တရာယ် ကင်းရှင်းရေးအတွက် UNODC အပါအဝင် ကမ္ဘာ့မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ အဖွဲ့ အစည်းများထံမှ နည်းပညာ၊ ရံပုံငွေနှင့် ဆက်စပ်ပစ္စည်းကိရိယာ အထောက်အပံ့ရရှိရေး ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကော်မရှင်(CND)သို့ UNODC မှ တင်ပြနိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များကို ထိုင်းနိုင်ငံမှ ဦးဆောင်စုစည်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး ဂိုဏ်းဖွဲ့ကျူးလွန် သူများသည် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းကိရိယာ များကို နည်းလမ်း မျိုးစုံ သယ်ဆောင်လျက်ရှိသဖြင့် စက်ပစ္စည်းကိရိယာများ ဖမ်းဆီးရမိပါက အစိတ်အပိုင်း အလိုက် မှတ်တမ်း ဓာတ်ပုံများအား သတင်းဖလှယ်မျှဝေသွားရေး၊ လာအိုနှင့် မြန်မာနိုင်ငံ တို့မှ တားဆီးနှိမ်နင်း ရေးတပ်ဖွဲ့ဝင်များကို သက်သေခံပစ္စည်းများ ကိုင်တွယ်ထိန်းသိမ်းရာတွင် စနစ်တကျ ရှိစေရေးနှင့် အန္တရာယ်ကင်းရှင်းစေရေးအတွက် ထိုင်းနိုင်ငံ ONCB မှ သင်တန်းပို့ချပေးရေး တို့ကို ညှိနှိုင်းဆွေး နွေးခဲ့ကြပြီး ယခုအစည်းအဝေး ကျင်းပခြင်းကြောင့် အနာဂတ်တွင် လာအို-မြန်မာ-ထိုင်း ၃ နိုင်ငံအနေဖြင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခြင်းဖြင့် ရွှေတြိဂံဒေသအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ် သယ်ဆောင်ရောင်းဝယ်မှု လျော့ကျသွား မည်ဖြစ် ကြောင်း သိရသည်။ 


(သတင်းစဉ်)  


No comments

Powered by Blogger.