တရားမဝင် သစ်မျိုးစုံ၊ ရေနံစိမ်း၊ စက်ဆီ/ချောဆီ၊ လူသုံးကုန်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်း၊ စားသောက်ကုန်ပစ္စည်းနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ








နေပြည်တော် ဇန်နဝါရီ ၁၀


တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ချောက်မြို့နယ် အတွင်း၌ တရားမဝင် ရေနံစိမ်း(၁၇၂)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၆,၀၀၀)နှင့် အဆိုပါ ရေနံစိမ်းအိတ်များ တင်ဆောင်လာသည့် ဆိုင်ကယ်(၄)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၃၂၀,၀၀၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ လည်းကောင်း၊ နတ်မောက်မြို့နယ်အတွင်း၌ Zhineng Wave 100 အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀,၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မကွေးမြို့နယ်၊ မကွေး-တောင်တွင်းကြီး ကားလမ်း မိုင်တိုင်အမှတ် ၃၁၈/၅ နှင့် ၃၁၈/၆ အကြားတွင် မော်တော်ယာဉ်(၁)စီးပေါ်၌ တရားမဝင် ပျဉ်းကတိုးခွဲသား (၈.၂၉၁၂)တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၄,၁၄၅,၆၀၀)နှင့် အဆိုပါသစ်များ တင်ဆောင် လာသည့်  မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇,၀၀၀,၀၀၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃,၁၈၁,၆၀၀)ကို ဖမ်းဆီး အရေးယူဆောင်ရွက် လျက်ရှိသည်။ 


ထို့အတူ ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မူဆယ်မြို့၊ နမ့်အွမ်ကျေးရွာနှင့် ကောင်းခါးကျေးရွာအကြား မိုင်တိုင်အမှတ်(၁၆၅/၁)အနီး၊ ပြည်ထောင်စု လမ်းမကြီးတွင် ပူးပေါင်းစစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မူဆယ်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော  ခရီးသည်တင်ယာဉ်(၁)စီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄,၀၇၃,၄၀၀)၊ Kenbo အမျိုးအစား ဆိုင်ကယ်(၄)စီးနှင့် Canda အမျိုးအစား ဆိုင်ကယ် (၆)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၀၀၀,၀၀၀) နှင့် အဆိုပါကုန်စည်များ တင်‌ဆောင်လာသည့်‌ မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀,၀၀၀,၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆,၀၇၃,၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ 


ထို့ပြင် ဇန်နဝါရီ ၉ ရက်တွင်  အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျစစ်ဆေးရေး အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသော Balmerol အမှတ်တံဆိပ် စက်ဆီ/ချောဆီ (၂၀၀၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၇၉၃,၉၂၀)ကို လည်းကောင်း၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေဆိပ်(ကုန်လှောင်ရုံ)၌ ကုန်သေတ္တာ(၁)လုံး အတွင်းမှ သွင်းကုန်ကြေညာလွှာ(ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသော အထည်အလိပ်များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃,၀၅၈,၇၈၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉,၈၅၂,၇၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။ 


ယင်းအပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီးသစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် သစ်မျိုးစုံ (၄၉.၉၉၇၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂,၄၅၁,၄၆၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ ဇန်နဝါရီ  ၈ ရက် နှင့် ၉ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၄) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၁,၅၅၉,၁၆၀ ) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦး ဆောင်ကော်မတီမှ သိရသည်။


သတင်းစဉ်

No comments

Powered by Blogger.