အရိုင်းစံပယ်
အောင်လင်း
၆-၁-၂၀၂၃ ရက်မှအဆက်
ကိုဘခက် သေတ္တာတစ်ခုလုံးကို မွှေနှောက်၍ ရှာမိသည်။ ဓာတ်ပုံရှင်
နန်းသိင်္ဂီနှင့် သက်ဆိုင်သော စာရွက် စာတမ်းတို့ကိုကား တစ်ခုမှ မတွေ့ရ တော့ချေ။
သည်တော့မှလည်း ‘မ’ က စိတ်ကို
လျှော့လိုက်သည်။ ကိုဘခက်၏ ပစ္စည်း များကို နေရာတကျ ပြန်ထားလိုက်သည်။
‘မ’ သည် တစ်နေကုန် ဓာတ်ပုံရှင်
မိန်းကလေး၏ မျက်နှာပြင်ကိုသာ မြင်ယောင်နေသည်။
သည်အကြောင်းကိုသာ တလည်လည်
တွေးမိသည်။ လုပ်စရာရှိသည်တို့ကို လုပ်နေရသော်လည်း ဘာကိုမျှ စိတ် မဝင်စားနိုင်ချေ။ ကိုဘခက်နှင့်
အတိတ်မှ မြှုပ်ကွက်ကလေးများကိုသာ ပြန်၍ တွေးရင်း စိတ်ကူးနှင့် ဖော်၍ကြည့်နေ မိသည်။
စိတ်မှန်းနှင့် ဖော်ရသည်မှာလည်း ဘာတစ်ခုမှ မရေရာလှချေ။
နောက်ဆုံး၌ သည်အကြောင်းကို
မေ့ပျောက်လိုက်ရန်သာ ကြိုးစားရတော့သည်။
ကိုဘခက်ကိုမေးလျှင်လည်း သိစေလို
လျှင်ကောင်း၏။ မသိစေလိုခဲ့သော် နှစ်ဦး စလုံး စိတ်ဆင်းရဲမည်။ ထို့ကြောင့်လည်း သည်အကြောင်းနှင့်
ပတ်သက်၍ ‘မ’က ကိုဘခက်ကိုလည်း မေးရန်စိတ်မကူး တော့ချေ။
ကိုယ့်စိတ်တွင်း၌သာ ကျိတ်၍ဖျောက်
ဖျက်ထားရန် ဆုံးဖြတ်ထားလိုက်သည်။
ကိုဘခက်ပြန်လာတော့လည်း ခါတိုင်း
လို ဟန်မပျက် နေလိုက်သည်။
မည်မျှပင် ဟန်ဆောင်၍နေသော်လည်း
ညပိုင်းရောက်တော့ ‘မ’ သည် တစ်ယောက်တည်း အိပ်ရာထဲသို့ဝင်၍ လှဲနေမိသည်။ စိတ်က အလိုလိုငယ်နေမိသည်။
ကိုဘခက်ကမူ ‘မ’ အဖြစ်ကို
ရိပ်မိပုံမရချေ။ ခါတိုင်းလိုပင် စားပွဲတွင် စာအုပ်ကိုဖတ်လိုက်၊ တယောကိုစမ်းလိုက်နှင့်
ရှိတော့သည်။ ကိုဘခက် အိပ်ရာဝင် သည့်အချိန်တွင်
‘မ’ မှာ အိပ်၍ပင် ပျော်နေ လေပြီ။
ကိုဘခက်က ‘မ’ ၏ပါးပြင်နှစ်ဖက်ကို
အသာနမ်းလိုက်သည်။ သည်တော့မှ လည်း ‘မ’ မှာ ကိုဘခက်ထံမှ ထွက်သက် နွေးနွေးကလေးကို ထိတွေ့လိုက်သဖြင့်
အိပ်ရာမှ နိုးတော့သည်။
‘မ’ သည် မျက်လွှာကိုအသာပင့်၍
ကိုဘခက်ကိုကြည့်ရင်း မပွင့်တပွင့် ပြုံးလိုက်သည်။
“‘မ’
ကနေ့ ထူးခြားတယ်။ ခါတိုင်းလို ကိုယ့်စာရေးစားပွဲမှာတောင်
လာပြီး မထိုင်တော့ဘူး။ တစ်ခါတည်း အိပ်ရာဝင် တော့တာပဲ”
ဟုတ်ပေသည်။
ခါတိုင်း ‘မ’ သည် ကိုဘခက်
တယော ထိုးနေလျှင် စည်းလိုက်၍ပေးတတ်သည်။
စာရေးနေလျှင် အနားမှာ ထိုင်၍စောင့်
နေတတ်သည်။
ကော်ဖီ၊ ရေနွေး၊ ဆေးပေါ့လိပ်
စသည် တို့ကို အသင့်ချ၍ပေးတတ်သည်။
ကိုဘခက် အလုပ်နားသည့်အချိန်တွင်
ဂီတ၊ စာပေ၊ ရုပ်ရှင် စသည့်အကြောင်းများကို ဆွေးနွေးတတ်ကြသည်။
ကနေ့ညတော့ ‘မ’ သည် အိပ်ရာထဲသို့
အစောကြီး ဝင်ခဲ့သည်။ ဤသည်ကို ကိုဘခက်က ရိပ်မိ၍ မေးလိုက်ခြင်းဖြစ်သည်။ ‘မ’ က ကိုဘခက်၏လက်မောင်းကို
အသာဆုပ်နယ်ပေးလိုက်ရင်း မျက်နှာကို အရွှင်ကြည်ဆုံးထား၍ ပြုံးလိုက်သည်။
“ဘာမှမထူးခြားပါဘူးမောင်။
ခေါင်း နည်းနည်းကိုက်သလိုလိုရှိတာနဲ့ အိပ်ရာထဲ
ဝင်ပြီး လှဲနေတာပါ”
‘မ’ က စကားလွှဲ၍ဖြေသော်လည်း
ကိုဘခက်က ‘မ’ စကားကို ယုံကြည်ပုံ မရချေ။
အဓိပ္ပာယ်ပါပါဖြင့် ‘မ’ ကိုသာ
ပြုံး၍ ကြည့်နေသည်။
ပြီးမှ ‘မ’ ၏လည်တိုင်ကြော့ကြော့
ကလေးကို လက်ဖျားကလေးဖြင့် အသ ပွတ်လိုက်သည်။
“ကိုယ်နားလည်ပါတယ် ‘မ’ ရာ၊
‘မ’ ကိုယ့်ကို စိတ်ဆိုးချင်ဆိုးမယ်၊ အထင်လွဲချင်လွဲမယ်။ ဒါကို ကိုယ်ရှင်းပြပါ့မယ်။
‘မ’ စိတ်မကောင်းဖြစ်မှာတော့ ကိုယ်စိုးရိမ်တယ်”
ကိုဘခက်ပြောပုံမှာ သိမ်မွေ့လှသည်။
‘မ’ အပေါ်တွင် ဖြူစင်သောကရုဏာ စေတနာဖြင့် ပြောလိုက်ကြောင်းသိသော အခါ ‘မ’ ရင်ထဲတွင်
ဆောင်းလေ အဝှေ့ခံရသလို ခိုက်ခိုက်တုန်အောင် အေးမြ၍ သွားတော့သည်။
“‘မ’ ဘာမှမဖြစ်ပါဘူးမောင်။
မောင့် ကို အထင်လွဲဖို့၊ စိတ်ဆိုးဖို့၊ နောက်ဆုံး မုန်းသွားဖို့ဆိုတာ ‘မ’ နှလုံးသားထဲမှာ
သေသည်အထိ ရှာလို့ရမယ် မဟုတ်ပါ ဘူး”
“‘မ’ စိတ်ထဲမှာ ဘယ်လိုမှ
မအောက် မေ့ပေမယ့် ကိုယ့်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖွင့်ပြောဖို့ တာဝန်ရှိတယ်။ ပြောဖို့ဆုံးဖြတ်ထားတယ်။
ကနေ့တော့ စာအုပ်တစ်အုပ်ကို လိုချင်တာနဲ့ သေတ္တာကိုဖွင့် လိုက်တော့မှ သော့မခတ်မှန်းသိတယ်။
ကိုယ့်သေတ္တာကိုလည်း ‘မ’ ကိုယ်တိုင် ရှင်းထားတာလည်း တွေ့ရတယ်။ နန်းသိင်္ဂီဓာတ်ပုံကို
‘မ’ တွေ့သွားပြီ ဆိုတာကို ကိုယ်သိတာပေါ့”
“နေပါဦး ... ‘မ’ ပြောပါရစေဦး။
ဒီကိစ္စ နဲ့ပတ်သက်ပြီး မလိမ်ပါဘူး။ ဓာတ်ပုံကို တွေ့တော့ ‘မ’ စိတ်ထဲမှာ ဘယ်လိုမှ မထင်သေးပါဘူး။
ကျောဘက်က စာတွေ့မှ ‘မ’ ရင်ထဲမှာ လှုပ်ရှားမိတယ်။ လှုပ်ရှားတာကတော့ အမျိုးမျိုးပဲမောင်။
သန့်ရှင်းတဲ့ သဘောလည်းပါတယ်။ မသန့်ရှင်းတဲ့သဘောလည်း ပါတယ်။ မသန့်ရှင်းတဲ့ သဘောဆိုတာကတော့
တခြား ယုတ်ယုတ်မာမာတော့ မဟုတ်ပါဘူး။ ကိုယ်ချစ်ရတဲ့သူမှာ ကိုယ့်အရင် ချစ်ခဲ့ရသူတစ်ယောက်
ရှိပါသေးလား ဆိုတာတွေးပြီး တွန့်တိုတဲ့စိတ်ကလေး ပေါ်မိတာ အမှန်ပါပဲမောင်။ ဒါဟာလည်း
လျှပ်တစ်ပြက်အတွင်းမှာ ပေါ်လာတဲ့ စိတ်ယုတ်စိတ်မိုက်ပါမောင်။ ဒီစိတ်ကို ခဏနဲ့ ဖျောက်လို့ရပါတယ်။
‘မ’ ဖျောက်လို့မရတာက မောင့်ဘဝ သစ်ရွက်ခြောက်လို လွင့်လာအောင် ဘယ်လိုများတိုက်ခိုက်လိုက်သလဲဆိုတာ
‘မ’ သိချင်လာတယ်။ ဒါပေမဲ့ မောင်စိတ်မကောင်းမှာ စိုးလို့ ‘မ’ မောင့်ကို မမေးတော့ဘူးလို့
ဆုံးဖြတ်လိုက်တယ်။ ခုလည်း ‘မ’ သံသယရှင်းအောင်အတွက်တော့ဖြင့် မပြောပါနဲ့မောင်။ အဟောင်းတွေဟာ
အသစ်ဖြစ်ပြီး မောင်စိတ်ညစ်မှာ ‘မ’ စိုးရိမ်တယ်”
ကိုဘခက်သည် ‘မ’ ကိုယ်လုံးကို
ပွေ့ထူလိုက်ပြီးလျှင် ခုတင်ခေါင်းရင်းတွင် မှီ၍ထိုင်လိုက်သည်။
‘မ’ က ကိုဘခက်၏ ပေါင်ပေါ်မှီ၍
ကိုဘခက်၏ဒူးပေါ်တွင် ခေါင်းကလေးကို အသာမှေးတင်၍ ထားလိုက်သည်။
“ခု မောင်ဖြေလို့ရပါတယ်။
မီးလောင်ပြင်ကလာတဲ့သူဟာ အေးမြတဲ့ စမ်းရေအိုင်ကို တွေ့ရလို့ လန်းဆန်းရသလို ခြောက်ခန်းနေတဲ့
ကိုယ့်ဘဝမှာ စမ်းရေ လိုအေးမြစေတဲ့ ‘မ’ ကို တွေ့ရလို့ မောင် ဖြေလို့ရပါတယ်။ အိမ်ကထွက်လာကတည်းက
ကိုယ့်ဘဝကိုယ် ဆုံးဖြတ်ပြီးသား။ လမ်းဘေးမှာပဲ လျှောက်မယ်၊ ကိုယ့်ခြေဖဝါးဟာ ဆူးနဲ့မီးကို
ကျော်နင်းနိုင်ရမယ်။ ကိုယ့်မျက်လုံးဟာ အမှောင် ထဲကရှိတဲ့အရာကို မြင်နိုင်စွမ်းရှိရမယ်ဆိုတဲ့
ဆုံးဖြတ်ချက်နဲ့ ထွက်လာတာပဲ။ ကိုယ့်မှာရှိတဲ့ ဂုဏ်နဲ့ အဆောင်အယောင် ကို ကိုယ့်ပတ်ဝန်းကျင်မှာပဲ
မြှုပ်နှံခဲ့တယ်။”
“ဒီလို စွန့်လွှတ်လိုက်တာကတော့
ကိုယ်က သတ္တိကောင်းလွန်းလို့ မဟုတ်ဘူး။ ဒီအရာတွေကို ကိုယ်နာကြည်း လွန်းလို့ပဲ။ ကိုယ်အချစ်ဆုံး၊
အမြတ်နိုးဆုံး မိန်းကလေးတစ်ယောက်ကို ရှင်ကွဲ ကွဲအောင်ခွဲပြီး
သေကွဲကွဲအောင် သတ်ပစ် လိုက်တဲ့ တရားခံဟာ တခြားမဟုတ်ဘူး။ ငွေတို့၊ ဂုဏ်တို့၊
အဆောင်အယောင်တို့ ဆိုတဲ့အရာတွေပဲ။ ဂုဏ်နဲ့ အဆောင်အယောင်ဆိုတာ လူ့ဘောင်မှာ မေတ္တာမိုး
ခေါင်စေတဲ့ အရာတွေပဲ”
ကိုဘခက်၏အသံမှာ နာကြည်းသည့်
စိတ်ကြောင့်ပြောရင်း မာကျော၍လာသည်။ မေးရိုးကြီးများ တင်းမာ၍လာသည်။ မျက်လုံးများက တောက်ပြောင်၍လာသည်။
‘မ’ က ကိုဘခက်၏လက်တစ်ဖက်ကို ဆုပ်နယ်၍ နှစ်သိမ့်လိုက်သည်။
“နန်းသိင်္ဂီဆိုတာ နာမည်မကြီးသေးတဲ့
အငြိမ့်မင်းသမီးကလေးပဲ ‘မ’ ရေ။ လူကုံထံတွေအနေနဲ့တော့ ဖက်ခွက်နဲ့ စားရတဲ့ဖက်ခွက်စားမကလေးပေါ့။
မန္တလေးမှာ ဂီတပညာကို လေ့လာရင်းနဲ့ သွားတွေ့တာပဲ။ သူ့အငြိမ့်မှာ ကိုယ်ကပတ္တလားတီးတယ်။
သူနဲ့ကိုယ်နဲ့ ရုံးမှာ လက်ထပ်ပြီးလို့ သုံးရက်လောက်လည်း ရရော သူ့ကိုကိုယ် မတွေ့ရတော့ဘူး။
သတင်းကြားတဲ့ နေရာအနှံ့ မြို့အနှံ့ သူ့ကို ကိုယ်လိုက်ရှာတယ်။ သူ့ကိုတော့ မတွေ့ရတော့ဘူး။
နောက်ဆုံး သူ့ကို မြှုပ်နှံတဲ့မြေပုံပဲ တွေ့ရတော့တယ်။ ကိုယ့်ဘဝမှာ ပထမဆုံးအကြိမ် အချစ်အတွက်
စွန့်လွှတ်ရဲတဲ့သတ္တိတွေကို သိရ လေ နှမြောလို့မဆုံးလေပဲ။ ကိုယ့်အိမ်ကသူ့ကို ငွေတစ်သောင်းပေးပြီး
ကိုယ့်ကိုစွန့်ပြီး ထွက်သွားဖို့ အကျပ်ကိုင်တယ်။ ‘မ’ ကိုယ်တိုင် စဉ်းစားကြည့်စမ်း၊
ချစ်သူနဲ့ငွေကို ဘယ်အရာ စွန့်လွှတ်မလဲဆိုတဲ့ နေရာမှာ ချစ်သူရော၊ ငွေရော၊ နောက်ဆုံး
အသက်ကိုပါ စွန့်လွှတ်သွားတဲ့ မိန်းမတစ်ယောက်ကို
ကိုယ် မမြတ်နိုးဘဲ နေနိုင် ပါ့မလား။ ကိုယ့်ကို စွန့်လွှတ်တဲ့အကြောင်းကတော့ အချစ်လွန်တတ်တဲ့
မိန်းမရိုးတိုင်း ထားတတ်တဲ့ သဘောမျိုးပါပဲ။ ဘဝချင်း ကွာခြားတယ်။ သူ့ကြောင့် ကိုယ့်ကို
မနစ်နာစေချင်ဘူး။”
“အနစ်နာခံချင်းခံရ သူပဲအနစ်နာခံပြီး
ကိုယ့်ဘဝမနိမ့်ကျအောင် ကာကွယ်ပေးမယ်ဆိုတဲ့ သဘောပဲ။ ဒါပေမဲ့ သူဖြစ်စေချင်သလို ကိုယ်
ဘယ်ဖြစ်မလဲ။”
“ကိုယ်ဖြစ်စေချင်တာက သူနဲ့ဘဝတူ
အနုပညာနယ်ပယ်မှာ လက်တွဲရုန်းကန်မယ်လို့ မျှော်မှန်းထားတယ်။ သူမရှိ တဲ့နောက်ပိုင်း ကိုယ့်ရည်မှန်းချက်တစ်ခုလုံးဟာ
ဆုံးရှုံးသွားရတာပဲ။”
“အိမ်က ကိုယ့်ကို ဂီတဝိုင်းထဲက
ဆယ်ယူပြီး ငွေပုံပေါ်မှာ ထိုင်စေချင်တယ်။ ဂုဏ်နဲ့ အဆောင်အယောင်ကြားထဲမှ ကြွားဝင့်စေချင်တယ်။”
“နန်းသိင်္ဂီလို မိန်းမသားတစ်ယောက်တောင်
စွန့်လွှတ်ရဲသေးရင် ကိုယ်ကဘာလို့ မစွန့်လွှတ်ရဲရမလဲ။ ကိုယ်လည်း တယောတစ်လက်နဲ့ တစ်ခါတည်း
လွင့်တော့တာပဲ။”
“ကိုယ့်ဘဝကို အဆုံးရှုံးခံတဲ့အထိ
စွန့်လွှတ်ခဲ့တာတော့ ကိုယ့်ရဲ့အနုပညာ ရည်မှန်းချက်ကြောင့်။ ပြီးတော့လည်း ဒီလိုလုပ်တာဟာ
ဘာမှအကျိုးမထူးဘူး လို့ပဲ ယူဆတယ်။ ရှမ်းပြည်နယ်ရောက်တော့ ကိုယ့်စိတ်ကို ပြန်ထိန်းဖို့
သတိရတယ်။
ဆက်လက်ဖော်ပြပါမည်။

No comments