တိုင်းရင်းငါးဖိန်းငါးမျိုးစိတ် မျိုးသုဉ်းမပျောက်ကွယ်ရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေး
မွေးမြူရေးသုတေသနဦးစီးဌာန
မြန်မာနိုင်ငံနှင့်ငါးမျိုးပြုန်းတီးမှု
မြန်မာနိုင်ငံသည် မြေပေါ်မြေအောက်သဘာဝ
သယံဇာတပေါများကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို
အဓိကထားလုပ်ကိုင်လျက်ရှိပြီး မြန်မာနိုင်ငံ နေရာဒေသအသီးသီးရှိ
စိုက်ပျိုးမြေများ၌ သီးနှံ စိုက်ပျိုးခြင်း၊
မြစ်ချောင်းအင်းအိုင်များ အနီးနေထိုင် သူများက ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြု
နေထိုင်လျက်ရှိကြသည်။ သဘာဝသယံဇာတများ မည်မျှပင်ပေါကြွယ်ဝစေကာမူ ရေရှည်တည်တံ့ ခိုင်မြဲစေရန် ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာလျှင်
ရေရှည်ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။
နည်းပညာ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ မွေးမြူရေးလုပ်ငန်းနှင့်
ဆက်စပ်လုပ်ကိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းတို့တွင် ဓာတုဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးသုံးစွဲမှုများပြားလာခြင်း၊
တိုးတက်ပြောင်းလဲလာသည့် ငါးမွေးမြူရေး နည်းစနစ်များ နှင့်လိုက်လျောညီထွေဖြစ်စေရန် ထုတ်လုပ်သည့်
ငါးအစာများတွင် ဓာတုဆေးဝါးများ အသုံးပြုလာ ခြင်းတို့ကြောင့် သဘာဝမြေဆီလွှာများ ပျက်စီးလာခြင်း၊
ရေအရည်အသွေး ကျဆင်းလာခြင်းနှင့် ငါးဖမ်းဆီးရာတွင် ခေတ်မီငါးဖမ်းကိရိယာများနှင့် တရားမဝင်
ငါးဖမ်းကိရိယာများ အသုံးပြုခြင်းတို့ကြောင့် ငါးမျိုးပြုန်းတီး လာခြင်းတို့ကိုလည်း
တစ်ပြိုင်နက်တည်း ကြုံတွေ့လာကြရပါသည်။
သုတေသနပညာရှင်များက ရေသယံဇာတ
ထိန်းသိမ်းရေးနှင့်ပတ်သက်၍ သုတေသနလုပ်ငန်းများစွာ ဆောင်ရွက်ပြီး နည်းလမ်းမျိုးစုံဖြင့် ထိန်းသိမ်း
စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သော်လည်း မွေးမြူထုတ်လုပ် သုံးစွဲသူများအကြား
သယံဇာတထိန်းသိမ်းရေး လုပ်ငန်းစဉ်များအား ထိရောက်သော
အသိပညာမြှင့်တင်ပေးနိုင်မှု ကွာခြား ချက်ကြောင့် အပင်နှင့် သတ္တဝါမျိုးစိတ်များ၏
ဒေသမျိုးရင်းများ ရှားပါးလာခြင်း၊ ပြည်တွင်းစားသုံးမှု
လိုအပ်ချက်မြင့်မားလာခြင်း၊ ပြည်ပမှမျိုးစိတ်အသစ်များ တင်သွင်းလာ၍ ဒေသရင်းမျိုးစိတ်များနှင့်
မျိုးစပ်ပြီး ကပြားမျိုးစိတ်များ ဖြစ်သွားခြင်း၊ တောရိုင်းတိရစ္ဆာန်များကို တရားမဝင်ဖမ်းဆီး
ရောင်းချခြင်း စသည့်အမျိုးမျိုးသော အကြောင်း များကြောင့် အချို့မျိုးစိတ်များမှာ ရှားပါးလာပြီး
မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်လာကြရသည်။
အင်းလေးကန်နှင့် ငါးဖိန်းငါးမျိုးစိတ်
အင်းလေးကန်နှင့် ပတ်ဝန်းကျင်ရေပြင်များတွင် ဇီဝမျိုးစုံမျိုးကွဲများဖြစ်သည့်
ဆောင်းခိုငှက်များ၊ ရှားပါးငှက်မျိုးစိတ်များ၊ ဒေသတိုင်းရင်းငါးမျိုးစိတ်များဖြင့်
ဂေဟစနစ်ပြည့်စုံစွာ တည်ရှိပါသည်။ ငါးကြင်းအုပ်စုဝင်
ငါးဖိန်းငါးမျိုးစိတ်မှာ ရှမ်းပြည်နယ် တောင်ပိုင်းရှိ အမျိုးမျိုးသော ရေပြင်များတွင်
နေထိုင်ကျက်စားသည့် ငါးမျိုးစိတ်ဖြစ်ပြီး သံလွင် မြစ်ဝှမ်းနှင့် မဲခေါင်မြစ်ဝှမ်းတို့တွင်လည်း
နေထိုင်ကျက်စားကြသည်။ အင်းသားတိုင်းရင်းသားများ အဓိကစားသုံးသည့် ငါးဖိန်းငါး၏အသားမှာ
ထူ၍ချိုမြိန်သည့် အရသာရှိပါသည်။ ယခင်က အင်းလေးကန်အတွင်း ငါးဖိန်းငါးမျိုးစိတ် ပေါများခဲ့စဉ်က
ငါးဖိန်းငါးကို ငါးထမင်းနယ်နှင့် ငါးဒုက္ခ ဟင်းလျာများအဖြစ် ပြင်ဆင်ချက်ပြုတ်စားသောက်ကြသည်။
ယခုအခါ ငါးဖိန်းငါးမျိုးစိတ်အရေ အတွက်မှာ အင်းလေးကန်ဒေသပတ်ဝန်းကျင်ရှိ ရေပြင်များတွင်
တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာသဖြင့် ၂၄-၂-၂၀၁၁ ရက်၌ International Union for
Conservation of Nature (IUCN)က နောက်ဆုံးအကဲဖြတ်ခဲ့ပြီး Red list of Threatened
species တွင် မျိုးသုဉ်းပျောက်ကွယ်မည့်စာရင်း သတ်မှတ်ချက်အရ သဘာဝတွင် ဆုံးရှုံးနိုင်ခြေမြင့်မားသည့်
အန္တရာယ်နှင့်ရင်ဆိုင်နေရသော စာရင်းဝင် ငါးမျိုးစိတ် (Endangered-EN) အဆင့်သတ်မှတ်၍
စာရင်းသွင်းထားပါသည်။
ငါးဖိန်းငါးမျိုးစိတ်ရှားပါးလာမှုနှင့်ပတ်သက်၍
သုတေသနပြု လေ့လာသူအများစုအနေဖြင့် အင်းလေးကန်ရေပြင်ရှိ ကျွန်းမျောစိုက်ခင်းများမှ ဓာတ်မြေဩဇာအသုံးပြုမှုများပြားခြင်းနှင့် အင်းလေးကန်ပတ်ဝန်းကျင်ရှိ
စိုက်ပျိုးမြေများမှ ရေများဝင်ရောက်ခြင်းတို့ကြောင့် ကန်အတွင်းရေအာဟာရ ဓာတ်ပိုလျှံလာရာမှ
ရေထုညစ်ညမ်းလာခြင်း၊ ပေါက်ပွားနှုန်းမြန်သည့် ဗေဒါပင်မျိုးစိတ်
(Eichhornia crassipes)သည် အင်းလေးကန်၏ ရေဧရိယာအနှံ့အပြား ပေါက်ရောက်ခြင်းကြောင့်
ငါးများနေထိုင်ရန် ပတ်ဝန်းကျင်အား အခြားငါးမျိုးစိတ်များနှင့် အပြိုင်အဆိုင်ရယူရန်
ကြိုးစားရသည့်အပြင် ယခုအခါ ငါးဖမ်းဆီးလုပ်ကိုင်မှု ပိုမိုများပြားလာသည်နှင့်အမျှ ငါးအထိအမိများသည့်
ငါးဖမ်းကိရိယာများနှင့် အင်ဂျင်တပ်ငါးဖမ်းလှေများ
အသုံးပြုလာခြင်းစသည် တို့ကြောင့်ဟု ကောက်ချက်ချကြသည်။ ငါးဖိန်း ငါးမျိုးစိတ် ရှားပါးလာရခြင်းသည် ငါးအလွန်အကျွံ ဖမ်းဆီးခြင်း၊
ငါးဖိန်းငါးနေထိုင်ရာ ပတ်ဝန်းကျင် တွင် ငါးမြစ်ချင်း၊ မြက်စားငါးကြင်းကဲ့သို့သော ငါးများနေရာယူလာခြင်း၊
ငါးကြင်းအုပ်စုဝင်ငါးများ နှင့် မျိုးစပ်သွားခြင်းတို့သည် အဓိကအချက်ဖြစ် ကြောင်း သုတေသနပြုလေ့လာချက်များအရ
တွေ့ရှိ ရပါသည်။
ငါးဖိန်းငါးမျိုးစိတ်သုတေသန
စာရေးသူ၏
ငါးဖိန်းငါးမျိုးစိတ်အား သုတေသန ပြုလေ့လာခြင်းဆိုင်ရာ ပါရဂူဘွဲ့ကျမ်းပြုစုရန်
၂၀၁၈ ခုနှစ်မှစ၍ ငါးဖိန်းငါးရရှိနိုင်သောနေရာများအား ဒေသခံများထံမေးမြန်းစုံစမ်းပြီး
အင်းလေးကန်နှင့် ၄၉ မိုင်ခန့် (၇၈ ဒသမ ၉ကီလိုမီတာ)အကွာအဝေး တွင်ရှိသော စံကားအင်းနေရာအား
သုတေသနပြုလုပ်ရန် နယ်ပယ်အဖြစ် ရွေးချယ်ခဲ့ပါသည်။ စံကားအင်းမှာ ကျွန်းမျောစိုက်ခင်းနည်းပါးခြင်း၊
ရေချဉ်ဖန်နှုန်းလုံလောက်စွာရှိခြင်း၊ ရေတွင်ပျော်ဝင်သော အောက်ဆီဂျင်ပမာဏ သင့်တင့်ခြင်းစသည့်အချက်များကြောင့်
ငါးဖိန်းငါးများ အတော်အသင့် နေထိုင်ကျက်စားလျက်ရှိသည်။ စာရေးသူ၏ သုတေသန နှစ်နှစ်တာကာလဖြစ်သည့်
၂၀၁၉ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း စံကားအင်းသို့ ငါးကြိမ် ကွင်းဆင်းသုတေသနပြု သွားရောက်ခဲ့စဉ်
သုတေသနပြုရန် နမူနာအဖြစ် ငါးဖိန်းကောင်ရေအရွယ်စုံ အကောင် ၆၀ စုဆောင်းရရှိခဲ့ပါသည်။
ရှေ့ဆက်သုတေသန လုပ်ငန်းစဉ်များအတွက် ထပ်မံသွားရောက်ခဲ့စဉ် စံကားအင်း ရေခန်းခြောက်ချိန်နှင့်ကြုံခဲ့ရခြင်း၊
ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှုများကြောင့် လိုအပ်သည့် ပမာဏရရှိခဲ့ခြင်းမရှိပါ။ သုတေသန
ဆောင်ရွက်သည့် အချိန်ကာလအတွင်းရရှိခဲ့သော ငါးများ၏အရွယ်အစားမှာ အရွယ်ရောက်ပြီး အငယ်ဆုံး
ငါးလက်မမှ ခုနစ်လက်မအတွင်းရှိပြီး တစ်ပိဿာမှ တစ်ပိဿာခွဲခန့်ရှိသော ငါးဖိန်းကောင်ရေ
ငါးကောင်သာရရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ အရွယ်အစားငယ်အများစု ဖမ်းဆီးရမိသည့်အတွက်
ဥကောင်းစွာဥချနိုင်သည့် မျိုးငါးအရေအတွက် အသင့်အတင့် ကျန်ရှိနေသေးသည်ဟု သုတေသနရလဒ်များအရ
သုံးသပ်ရပါသည်။ ရွှေဝါ ငါးကြင်းမျိုးစိတ်နှင့် ဒေသမျိုးရင်း ငါးဖိန်းငါးမျိုးစိတ်များ
မျိုးစပ်ပြီး ကပြားမျိုးစိတ် (Hybrid) များ ဖြစ်သွားသည်ဟု ယူဆရသည့် ငါးမျိုးအားဖမ်းဆီး၍
ငါးဖိန်းငါးဟု ပြောဆိုရောင်းချလျက်ရှိသည်ကို ငါးဖိန်းငါးနှင့် ရွှေဝါငါးကြင်း၏ ပြင်ပသွင်ပြင်လက္ခဏာများကို နှိုင်းယှဉ်ချက်အရ
လေ့လာတွေ့ရှိရပါသည်။ သုတေသနဆောင်ရွက်ပြီး နှိုင်းယှဉ်လေ့လာချက်အရ နိုင်ငံခြားမှတင်သွင်းလာသော
ရွှေဝါငါးကြင်းမျိုးစိတ် နှင့် ဒေသမျိုးရင်းင ါးဖိန်းငါးမျိုးစိတ်များ မျိုးစပ်ပြီး
ကပြားမျိုးစိတ် (Hybrid) ဖြစ်သွားခြင်းကြောင့် ဒေသမျိုးရင်းငါးဖိန်းမျိုးစိတ် ရှားပါးလာသည်ဟု
လေ့လာသုံးသပ်ရသဖြင့် ဒေသမျိုးရင်းဖြစ်သည့် ငါးဖိန်း ငါးမျိုးစိတ်၊ ရွှေဝါငါးကြင်းငါးမျိုးစိတ်နှင့်
ကပြားမျိုးစိတ်ဟုယူဆသည့် ငါးများ၏မျိုးဗီဇများ၏ DNA ကိုစစ်ဆေး၍ အဖြေထုတ်နိုင်ရန် ဆက်လက်သုတေသနပြုလုပ်လျက်ရှိပါသည်။
ငါးဖိန်းမျိုးစိတ်များသည် ရေအရည်အသွေး ကောင်းမွန်သည့်
စံကားအင်းရေပြင်သို့ ပြောင်းရွှေ့ကျက်စားနေထိုင်လျက် ရှိကြသည်။ ဒေသခံများနှစ်ခြိုက်စွာ
စားသုံးမှုရှိခြင်းကြောင့် ဈေးကောင်းရရှိသည့် ငါးဖိန်းငါးများ ရရှိနိုင်သည့် စံကားအင်းအတွင်း
ငါးဖမ်းဆီးသူများက ဘက်ထရီရှော့တိုက်၍ ဖမ်းဆီးလာကြသည်။ သုတေသနအတွက်လိုအပ်သော ငါးဖိန်းငါးမျိုးစိတ်နမူနာ
ရရှိနိုင်ရန် ကွင်းဆင်းသွားရောက်သည့် အကြိမ်တိုင်းတွင် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးသူများထံမှ
ဝယ်ယူခဲ့ရသည်။ အင်းလေးကန်တည်ရှိရာ ညောင်ရွှေ
မြို့နယ်အတွင်း ကျေးရွာအုပ်စု ၄၃ အုပ်စု၊ ကျေးရွာ ပေါင်း ၄၄၅ ရွာတွင် ဘက်ထရီရှော့တိုက်
ငါးဖမ်းဆီးလုပ်ကိုင်သူ (၈၀ ရာခိုင် နှုန်း) ခန့်လုပ်ကိုင်လျက်ရှိပြီး ၂၀၀၇ ခုနှစ်အတွင်း
ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးသူခုနစ်ဦးကိုသာ
ဖမ်းဆီးအရေးယူမှု ရှိခဲ့ကြောင်း အင်းပေါခုံကျေးရွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ အထောက်အထားများအရ
သိရှိခဲ့ရသည်။ ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးခြင်းသည် အရင်းအနှီးများစွာ ကုန်ကျမှုမရှိဘဲ
အချိန်တိုအတွင်း ငါးရရှိမှုများခြင်းကြောင့် လုပ်ကိုင်ကြခြင်းဖြစ်သည်။ သဘာဝနည်းဖြင့်
ငါးဖမ်းဆီး လုပ်ကိုင်ကြသော ရေလုပ်သားများအနေဖြင့် ငါးဖမ်းဆီးနိုင်ခြင်းမရှိတော့သည့်အတွက်
ဘက်ထရီ ရှော့တိုက်ငါးဖမ်းဆီးခြင်းအား ပပျောက်လိုသည့် ဆန္ဒရှိကြကြောင်း လေ့လာသိရှိခဲ့ရသည်။
အင်းလေးကန်သည် ဖောင်တော်ဦးဘုရား၏
တန်ခိုးကြီးထင်ရှားမှုနှင့်အတူ အင်းသားလူမျိုးများ၏ တန်ဖိုးထား စားသောက်ကြသော အရသာကောင်းမွန်သည့်
ငါးဖိန်းငါးမျိုးစိတ်သည်လည်း အထင်ကရဖြစ်သည့် အားလျော်စွာ အင်းလေးကန် စိမ်းလန်းစိုပြည်ရေး
ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းစဉ်များတွင် ငါးဖိန်းငါးမျိုးစိတ် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်ခြင်းသည်
အရေးကြီးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အင်းလေးကန်စိမ်းလန်းစိုပြည် ရေးထိန်းသိမ်းစောင့်ရှောက်မှု
လုပ်ငန်းစဉ်များတွင် ရေအရည်အသွေး ကောင်းမွန်ပြီး ငါးဖိန်းငါးများ နှစ်သက်သည့်ရေပြင်များအား
လေ့လာရွေးချယ်၍ အဆိုပါရေပြင်များအား ငါးမဖမ်းရနေရာ သတ်မှတ်ပေးခြင်း၊ အင်းလေးကန် ပတ်ဝန်းကျင်တွင် ဘက်ထရီ ရှော့တိုက်
ငါးဖမ်းဆီးမှုအား သတိပေးဆိုင်းဘုတ်များဖြင့် တားမြစ်၍ ထိရောက်စွာအရေးယူမှုများ ပြုလုပ်ခြင်းဖြင့်
ငါးဖိန်းငါးမျိုးများ ပြန်လည်ပေါများ လာနိုင်ပါကြောင်း သုတေသနပြုလေ့လာချက်များအား အခြေခံ၍ရေးသားဖော်ပြရင်း
မြန်မာနိုင်ငံ အတွင်းရှိ ဒေသမျိုးရင်းငါးမျိုးစိတ်များ၏ မျိုးဗီဇများ ထိန်းသိမ်းစောင့်ရှောက်ထားနိုင်ရန်
သုတေသနပြု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းရေးသား တင်ပြလိုက်ရပါသည်။ ။
ရည်ညွှန်းကိုးကား
Vidthayanon, C. 2011. Cyprinus intha. The IUCN Red List of Threatened
Species 2011:e.T180896A7654388.
https://dx.doi.org/ 10.2305/ IUCN.UK.20111. RLTS.T180896A7654388.en. Accessed
on 29 August 2022.
(http://www.dof-myanmar-fic.org/Multi
media/ Posters/ 30.% 20 Endangered % 20species%
20in% 20Inle% 20Lake)



No comments