ဖိလစ်ပိုင်နိုင်ငံ မနီလာနိုင်ငံတကာလေဆိပ်၌ နည်းပညာချို့ယွင်းမှုကို ပြန်လည်ပြင်ဆင်ပြီးနောက် လေကြောင်းခရီးစဉ်များ အကန့်အသတ်ဖြင့် ပြန်လည်ပြေးဆွဲလျက်ရှိ

 



မနီလာ ဇန်နဝါရီ ၂

 

ဖိလစ်ပိုင်နိုင်ငံ မနီလာနိုင်ငံတကာလေဆိပ်၌ ဇန်နဝါရီ ၁ ရက်နေ့ မွန်းလွဲပိုင်းမှစပြီး လေကြောင်း ခရီးစဉ်များအား အကန့်အသတ်ဖြင့် ပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လေဆိပ်၌ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု ဖြစ်ပေါ်ခဲ့ပြီးနောက် လေကြောင်းခရီးစဉ် ပေါင်း ၂၈၀ ကျော်ကို လမ်းကြောင်းပြောင်းခြင်း၊ ဖျက်သိမ်းခြင်းနှင့် နှောင့်နှေးကြန့်ကြာမှုဖြစ်စေခြင်းတို့ ဖြစ်စေခဲ့သည်။

 

နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက် တစ်စိတ်တစ်ပိုင်း ပြန်လည်ပြုပြင်ပြီးနောက် လေကြောင်းလိုင်း အချို့ကို ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း မနီလာနိုင်ငံတကာလေဆိပ် အာဏာပိုင်အဖွဲ့က ပြောကြားသည်။

 

နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်းခရီးစဉ် ၂၈၂ ခုထက်မနည်း နှောင့်နှေးခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် အခြားဒေသဆိုင်ရာ လေဆိပ်များသို့ လမ်းကြောင်းပြောင်းခြင်း တို့ကြောင့် မနီလာ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးသည် ၅၆၀၀၀ ခန့် သောင်တင်ခဲ့ကြောင်း အဆိုပါအာဏာပိုင်အဖွဲ့က ပြောကြားသည်။

 

ဖျက်သိမ်းထားသည့် လေကြောင်းခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

၎င်းလေဆိပ်၏ လေကြောင်းသွားလာမှု စီမံခန့်ခွဲရေးစနစ်ကို တစ်စိတ်တစ်ပိုင်း ပြန်လည်ပြုပြင် ပြီးနောက် အဆိုပါ လေဆိပ်သို့ ဆိုက်ရောက်လေကြောင်းလိုင်းများအား စတင်လက်ခံနေပြီဟု ဖိလစ်ပိုင်မြို့ပြ လေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

 

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်

No comments

Powered by Blogger.